Friday, February 27, 2015

ကြက်ငှက်တုပ်ကွေး စုပေါင်းကာကွယ်ပေး


ကြက်ငှက်တုပ်ကွေးရောဂါသည် ရောဂါအမျိုးအစား အေဗီဇရှိသည့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ အများစု မှာ အတောင်ရှိသော ငှက်မျိုးစိတ်သတ္တဝါများတွင် ဖြစ်ပွားလေ့ရှိပြီး အခြားသတ္တဝါများသို့လည်း ကူးစက်ပျံ့နှံ့နိုင်ပါသည်။
ထို့အပြင် ရောဂါရှိ သောတိရစ္ဆာန်နှင့် ထိတွေ့သော လူမှတစ်ဆင့် အခြားလူများသို့လည်း ကူးစက်နိုင်ပါသည်။ ထို့ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားပါက ရောဂါရှိတိရစ္ဆာန်များကို အမြန်ရှင်းလင်းပြီး လူသို့မကူးစက်နိုင်အောင် ကာကွယ်ကြရမည်ဖြစ်သည်။
ကြက်ငှက်တုပ်ကွေးရောဂါပိုးကို လွန်ခဲ့သည့်ကာလများက ကမ္ဘာ တစ်ဝန်းရှိ အာရှ၊ အာဖရိက၊ ဥရောပ ဒေသ ၆၁ နိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားသည့် ကြက်ငှက်အကောင်ရေ သန်း ၂၆ဝ ခန့် သုတ်သင်ခဲ့ ရသည်ဟု သိရသည်။ ယမန်နှစ်ကလည်း တရုတ်နိုင်ငံတွင် ကြက်ငှက် တုပ်ကွေးရောဂါH5 N6 ဖြစ်ပွားမှုကိုတွေ့ရှိခဲ့ပြီး ငန်းငှက် ၁၇ဝဝဝကျော် ကူးစက်သေဆုံးခဲ့သည့်အပြင် ထိုတိရစ္ဆာန်နှင့်ထိတွေ့သော လူအချို့သို့ပါ ကူးစက်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ဂျပန်နိုင်ငံ၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင်လည်း ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားသော ကြက်၊ ဘဲများကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်းသိရသည်။
ယခုနှစ်ဦးပိုင်းကလည်း တောင်ကိုရီးယားနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ရောဂါH5 N8 တစ်မျိုး ထပ်မံတွေ့ရှိခဲ့ရပြီး ရှင်းလင်းသုတ်သင်မှုများပြုလုပ် ခဲ့ရကြောင်း ထပ်မံသိရှိရသည်။ ထိုရောဂါမှာ ငှက်မျိုးစိတ်များတွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိရာ၌ ဆောင်းခိုငှက်များ နယ်မြေဖြတ်ကျော် အုပ်စုဖွဲ့ပြောင်းရွှေ့နား ခိုရာမှ ရောဂါရှိသောငှက်အချို့ပါဝင်လာပြီး ရောက်ရှိသောဒေသတွင် ကူးစက် ပြန့်ပွားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မန္တလေးဒေသနှင့် စစ်ကိုင်းဒေသတို့တွင် ၂ဝဝ၆ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် ရန်ကုန်၊ ပဲခူးနှင့် မွန်ဒေသများတွင် ဒုတိယအကြိမ်ထပ်မံဖြစ်ပွားခဲ့ပြီး ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တတိယအကြိမ်ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုသို့ဖြစ်ပွားခဲ့မှုကို မွေးမြူရေး နှင့်ရေလုပ်ငန်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့နှင့် ပြည်သူများ ပူးပေါင်းတိုက်ဖျက်နိုင်မှုကြောင့် ထိုရောဂါကို ထိန်းချုပ်နိုင်ခဲ့သည်။ ၂ဝဝ၈ ခုနှစ် ဧပြီ ၂ဝ ရက်နေ့တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကင်းရှင်းသောနိုင်ငံ အဖြစ် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ယခုတစ်ဖန် အာရှနိုင်ငံများတွင် ဖြစ်ပွားခဲ့မှုနှင့်အတူ ကြက်ငှက်တုပ်ကွေး ရောဂါသည် မြန်မာနိုင်ငံသို့ ထပ်မံဝင်ရောက်လာပြန်သည်။ စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာခရိုင် မုံရွာမြို့နယ် ကြက်မွေးမြူရေးဇုန်အတွင်းရှိ ကြက်၊ ငုံးမွေးမြူရေးခြံ တွင် ဖေဖော်ဝါရီ ၁ဝ ရက်မှစတင်၍ ကြက်နှင့်ငုံးများ သေဆုံးခဲ့ကြောင်းသိရသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာH5 N1 ဗိုင်းရပ်စ်ပိုးဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။ ထို့နောက် ရောဂါထိန်းချုပ်နိုင်ရေး၊ အခြားဒေသသို့ မကူးစက်နိုင်ရေးအတွက် ကာကွယ် တားဆီးရေးလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်နေကြောင်း သိရ သည်။
ထို့ကြောင့် မြန်မာနိုင်ငံသို့ တစ်ကျော့ပြန်ရောက်ရှိလာသော ကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဆောင်းခိုငှက်များနှင့် အိမ်မွေး တိရစ္ဆာန်များ ထိတွေ့မှုမရှိစေရေး၊ မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရေး၊ မွေးမြူရေးခြံနှင့် ကြက်၊ ဘဲအရှင် ဈေးများတွင် ပိုးသတ်သန့်စင်ခြင်းရှိစေရေး၊ မွေးမြူရေးခြံပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပိုးသတ်ဆေးဖျန်းရေး၊ မွေးမြူရေးခြံအတွင်းသို့ဝင်ပါက အကာအကွယ် ပစ္စည်းများသုံးရေး၊ ခြံမှထွက်သည့်အခါတိုင်း မိမိကိုယ်ကိုသန့်ရှင်းရေးပြုလုပ်ရေး၊ အသား၊ ဥတို့ကို ကျက်အောင် ချက်ပြုတ်ပြီးမှ စားသောက်ရေး၊ ကြက်၊ ငှက်သေဆုံးကြောင်းသိရှိရပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်း ကြားရေးတို့ကို အထူးသတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသို့ တစ်ကျော့ပြန်ဝင်ရောက်လာသော ကြက်ငှက် တုပ်ကွေးရောဂါ ထိန်းချုပ်ရေးနှင့် ကင်းစင်ရေးအတွက် ရောဂါကြိုတင် ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ၊ စူးစမ်းရှာဖွေရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်အတူ ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။ ။

No comments:

Post a Comment