Monday, February 2, 2015

သန့်ရှင်းသာယာကြည်ညိုစွာဖူးမြော် မန္တလေးစွယ်တော်မြတ်စေတီတော်

Photo: သန့်ရှင်းသာယာကြည်ညိုစွာဖူးမြော် မန္တလေးစွယ်တော်မြတ်စေတီတော်

မန္တလေး  ဖေဖော်ဝါရီ  ၁

မန္တလေးစွယ်တော်မြတ်စေတီသည် ညစဉ်ဘုရားဖူးများဖြင့် စည်ကားသော စေတီပင်ဖြစ်သည်။ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း တည်ရှိကာ သန့်ရှင်းသောလမ်းပိုင်းဖြင့် သာယာလျက်ရှိသည်။ ဗုဒ္ဓစွယ်တော် မြတ်စေတီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့တွင် ကိန်းဝပ်စံပယ် တော်မူသော ဗုဒ္ဓ၏အထက်လက်ဝဲ စွယ်တော်မြတ်ကြီးအား ၁၉၄၄၊ ၁၉၉၆၊ ၂ဝ၁၁ ခုနှစ်တို့က မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်စဉ်တွင် စွယ်တော် မြတ်နှစ်ဆူကို ရင်ငွေ့တော်ခိုလုံစေကာ စွယ်တော်မြတ်နှင့်အတူ အပူဇော်ခံခဲ့သည်။  ထိုစွယ်တော်နှစ်ဆူထဲမှ တစ်ဆူကို မန္တလေးမြို့ အမရပူရမြို့နယ် မဟာဓမ္မရံသီကုန်းတော်၌ စွယ်တော် မြတ်စေတီတစ်ဆူကို တည်ထားကိုးကွယ်ခဲ့သည်။

စွယ်တော်မြတ်စေတီတည်ရာတွင် မြန်မာ့ရိုးရာ ရှေးထုံးအစဉ်အလာအတိုင်း မင်္ဂလာအခမ်းအနားကိုးမျိုးကို ပြုလုပ်ကာတည်ထားကိုးကွယ်ခဲ့သည် ဟု သိရသည်။ စွယ်တော်မြတ်စေတီ (မန္တလေး)သည် မဟာဓမ္မရံသီကုန်း မြေတွင် ဝတ္ထုကံမြေအပိုင်းအခြား ၁၁၃ ဒသမ ၅၆ ဧကပေါ်တွင် အသွင် ၁ဝ၈ တောင်အမြင့်ဆောင်ကာ ဘုရားဂုဏ်တော်  ကိုးပါးကို အာရုံထား၍ မုဒြာကိုးပါး၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ကိုးဆူ၊ မုခ်ကိုးမုခ်၊ ဘုံကိုးဆင့်ဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော် ဉာဏ်တော်အမြင့် ၁ဝ၈ တောင် (၁၆၂ ပေ)၊ ဖိနပ်တော် ၁၅၂ ပေ၊ ပန်းတင်ခုံကိုးပေ၊  တိုင်ကြီး ၄၅ လုံး၊ မုခ်ဦးကြီး ကိုးမုခ်၊ သရက်ကင်းလှေကား ခုနစ်စုံ၊ မကရ်းလှေကား ကိုးစင်း၊ ဗုဒ္ဓရုပ်ပွားတော်ကိုးဆူ၊ အရန်စေတီ ကိုးဆူ၊ ရောင်လင်းပေါက် ၂၇ ပေါက်၊ ကာလသာအိုး ၂၇ အိုး၊  ပစ္စယာ ငါးဆင့်၊ ကြာဝန်းကြေးဝန်း သုံးဆင့်၊ ကွမ်းတောင်အမြင့် ၃၇ ပေ၊ အထွက် စေတီဉာဏ်တော်အမြင့်ပေ ၃ဝ၊ ဗြဟ္မာ ရုပ်ကိုးရုပ်၊ ဝိသုကမ္မနတ်ကွန်း ကိုးခု၊ ခြင်္သေ့ရုပ် ၃၆ ရုပ်နှင့် ၄-၈-၁၉၉၅ မှ ၁၃-၁၂-၁၉၉၆ အတွင်းတည်ထားခဲ့သည်။

၁၁-၁၁-၂ဝ၁၂ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင်လှုပ်ခဲ့သောငလျင်ကြောင့် မြေခခဲ့သော စိန်ဖူးတော်အား နိုင်ငံတော် အစီအစဉ်ဖြင့် ရွှေ ၉၃ ကျပ်သား ၁၅ ပဲခန့်နှင့် မိုးကုတ်ရောင်စုံကျောက် ၂၁၆ ပွင့်စီခြယ်၍ ပြုပြင်မွမ်းမံပြီး ၁၉-၅-၂ဝ၁၃ရက်တွင် စိန်ဖူးတော်အသစ် တင်လှူခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း  သိရသည်။  ယခုအခါ မန္တလေးစွယ်တော်မြတ်စေတီတွင် နေ့စဉ် ဘုရားဖူးများဖြင့်စည်ကားသလို အခါကြီးရက်ကြီးလပြည့်နေ့ညများတွင် ဘုရားဖူးများပိုမိုစည်ကားလေ့ရှိသည်။ လက်ရှိကာလတွင် မြို့တော်သန့်ရှင်း သာယာရေး လမ်းပိုင်းသန့်ရှင်းရေးအတွက် တစိုက်မတ်မတ်ပြုလုပ်ကာ ရန်ကုန်-မန္တလေးလမ်းပိုင်းများ ဗုဒ္ဓစွယ် တော်စေတီလမ်းပိုင်းများကို အထူးသန့်ရှင်းအောင်ပြုလုပ်ဆောင်ရွက် လျက်ရှိသည်။ စေတီအဝင်မှောင်ရိပ်ကျသော ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အချက်ပြမီးများ တပ်ဆင်ပေးထားသည်။ ယခုအခါ မန္တလေးစွယ်တော် မြတ်စေတီတွင် ဥယျာဉ်တော် ၁၈ ရပ် သစ်ပင်များ ဗုဒ္ဓရုပ်ပွားတော်များဖြင့် သန့်ရှင်းသာယာကာ ကြည်ညိုဖွယ် ဖူးမြော်နိုင်ပြီး နေ့စဉ်ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။    (တိမ်တမန်)

No comments:

Post a Comment