Monday, February 2, 2015

ကြေးမုံ စာတည်းရှုထောင့်



နိုင်ငံရေး ယဉ်ကျေးမှုဖော်ဆောင်

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု သက်တမ်းငါးနှစ် ကာလသို့ စတင်ဝင်ရောက်လာသည့်အချိန်၌ နိုင်ငံရေးယဉ်ကျေးမှုမှာ ပိုမိုပီပြင်ထင်ရှားလာပါသည်။ လက်တွေ့တွင်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ဖြေလျှော့ပေးမှုများကို ပြည်သူများ ပိုမိုသိမြင်ခံစားနေပြီဟု ပြောနိုင်ပါသည်။

ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့ကျရာကဏ္ဍအသီးသီးကနေ တည်ဆောက်ပေးနိုင်စွမ်း ရှိသည်ဆိုသည့် ရပ်တည်ချက်ကနေရှုမြင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆင့်ဆင့် တက်လှမ်းကာ အောင်မြင်မှုများရယူပေးကြဖို့ကိုလည်း ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက တိုက်တွန်းထားသည်ကို တွေ့ရပါသည်။

ထိုဖြစ်ထွန်းမှုများ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက် နိုင်ငံရေးအာမခံချက်များရရှိအောင် ဖြစ်စဉ်တိုင်းမှာ အဆင့်ဆင့်တက်လှမ်းပြီး နိုင်ငံရေးသဘောတူညီချက်များရယူကြဖို့ကိုလည်း ထိုမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတက ထပ်မံတိုက်တွန်းထားသည်ကို တွေ့ရပါသည်။

ယနေ့ကာလသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကိုပြသသော သမိုင်းမှတ်တိုင်စိုက်ထူနေသည့်ကာလ ဖြစ်ပါသည်။ ပင်လုံမြေမှ အစပြုသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စကို ဒီမိုကရေစီအစိုးရက သမိုင်းအမွေကို ဆက်လက်ထိန်းသိမ်း သောအားဖြင့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပေးနေသည်ဟု ယုံကြည်ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ ကန့်သတ်ချက် အချို့ရှိသော်လည်း အဆင့်ဆင့်ဖြစ်ထွန်းများမှုရှိနေသည်မှာ အမှန်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများအား နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ပြင်ဆင်နေသည်ကိုလည်း တွေ့ရပါသည်။ နိုင်ငံရေးတွင် တိုးတက်မှုများရှိနေပြီး စိန်ခေါ်မှုများကိုလည်း မြင်တွေ့ကြရမည်ဖြစ်သည်။ ယင်းတို့မှာ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သည့် နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် နိုင်ငံရေးယဉ်ကျေးမှုများဖြစ်ပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးအောင်မြင်ရန်နှင့် ဒီမိုကရေစီ အခြေတည် ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်း ဆိုင်ရာကိစ္စများသည် လူ့အဖွဲ့အစည်းက ရည်မှန်းထားသည့်၊ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်၊ ရယူပိုင်ဆိုင်လိုသည့် အောင်မြင်မှုများပင်ဖြစ်သည်။ ထိုအောင်မြင်မှုများကိုရရှိရန်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားဆောင်ရွက်ရာ၌ ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို သိမ်မွေ့ညင်သာစွာ မဖြစ်မနေကျော်လွှားကြရမည်သာဖြစ်သည်။

ထိုသို့ရင်ဆိုင်ကျော်လွှားကြရာတွင် အစိုးရတစ်ရပ်အနေနှင့်သာမက နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ အားလုံးသာမက ပြည်သူတစ်ဦးချင်းစီလည်းပါဝင်ပြီး ချောမွေ့ညင်သာသော အသွင်ကူးပြောင်းရေးဟူသည့် အောင်မြင်မှုကို အချင်းချင်းအပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ စိတ်ရှည်သည်းခံမှုတို့ကို အခြေခံပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရယူကြဖို့ဖြစ်သည်။

မည်သည့်ကိစ္စတွင်မဆို ညီညီညွတ်ညွတ် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းသည် အောင်မြင်ခြင်းသာဖြစ်သည်ဟု ဗုဒ္ဓအဆုံးအမလည်းရှိပြီးဖြစ်သည်။ လက်တွေ့ကျသော အဖြေလည်းရရှိနိုင်သည်။ နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရာတွင် အချိန်ကာလကိုလည်း သတိမူရမည်ဖြစ်သည်။ လက်ရှိအချိန်ကာလမှာ စာမေးပွဲရာသီအချိန်ကာလဖြစ်၍ ကလေးသူငယ်များ စာမေးပွဲကို ဖြောင့်ဖြူးစွာဖြေဆိုနိုင်ရေးအတွက်လည်း အလေးထားသင့်သည်။

သို့ဖြစ်ရာ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်၊ ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင်၊ မျိုးဆက်သစ်လူငယ်များ ပိုမိုကောင်းမွန်သည့် အနာဂတ်ဖော်ဆောင်နိုင်အောင် စိတ်ရှည်သည်းခံမှုနှင့် ငြိမ်းချမ်းစွာညှိနှိုင်း အဖြေရှာခြင်းဟူသည့် နိုင်ငံရေးယဉ်ကျေးမှုကို ကျွန်ုပ်တို့အားလုံးဖော်ဆောင် သင့်ပါကြောင်း ကြေးမုံက ထင်မြင်ယူဆပါသည်။ ။

No comments:

Post a Comment