Sunday, February 1, 2015

မြန်မာယူ-၂ဝ အသင်း ရှက်တာဒိုးနက်လူငယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိ




တူရကီနိုင်ငံတွင် ခြေစမ်းပွဲများသွားရောက်ကစားနေသည့် မြန်မာယူ-၂ဝ အသင်းသည် ဇန်နဝါရီ ၃ဝ ရက်က ယူကရိန်းကလပ် ရှက်တာဒိုးနက် ယူ-၂၁ အသင်းနှင့် ထပ်မံခြေစမ်းကစားခဲ့ရာ လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

မြန်မာယူ-၂ဝ အသင်းမှာ မူလက ခြေစမ်းပွဲငါးပွဲသာကစားရန် စီစဉ်ခဲ့သော်လည်း ယခုပွဲကို ထပ်မံကစားခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှာ လူစုံအသုံးပြုခဲ့ပြီး ၁၃ မိနစ်တွင် နန္ဒကျော်က ပင်နယ်တီမှ တစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာယူ-၂ဝ အသင်း ကစားပုံပိုကောင်းခဲ့ပြီး ၃၅ မိနစ်တွင် နန္ဒကျော်က အဝေးကန်ချက်ဖြင့် ဒုတိယဂိုး၊ ၆၃ မိနစ်တွင် သန်းပိုင်က တတိယဂိုး၊ ၈၆ မိနစ်တွင် အောင်သူက စတုတ္ထဂိုးတို့ကို သွင်းယူခဲ့သည်။ ရှက်တာ ဒိုးနက်ယူ-၂၁ အသင်းမှာ ယူကရိန်းယူ -၂၁ လိဂ်၏ ထိပ်တန်းအသင်းတစ်သင်းလည်းဖြစ်သည်။

မြန်မာယူ-၂ဝ အသင်းမှာ တူရကီခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲခြောက်ပွဲကစားခဲ့ရာ လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရလဒ်ကောင်းများရရှိခဲ့သည်။ မြန်မာယူ-၂ဝ အသင်းသည် ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။ (ဖိုးသော်ဇင်)

No comments:

Post a Comment