မန္တလေး ဖေဖော်ဝါရီ ၂၅
လောက်ကိုင်ဒေသနှင့် အနီးအနား ကျေးရွာများတွင် သွားရောက်တာဝန်
ထမ်းဆောင်နေကြသော ပညာရေး ဝန်ထမ်းဆရာ ဆရာမ ၄၄၅ ဦးတို့ သည် ဖေဖော်ဝါရီ ၂၃
ရက် ညနေ ၄ နာရီခွဲတွင် မန္တလေးမြို့ရှိ ပညာရေး ကောလိပ်သို့
ရောက်ရှိခဲ့ကြောင်း သိရသည်။
မန္တလေးမြို့သို့ ရောက်ရှိလာသော ပညာရေးဝန်ထမ်းများအား တိုင်း ဒေသကြီး
လူမှုရေးဝန်ကြီး ဒေါက်တာ ဝင်းလှိုင်က ကြိုဆိုနှုတ်ဆက်အားပေး စကားပြောကြားပြီး
တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ညနေစာ ထမင်းဖြင့်
လှူဒါန်းကျွေးမွေး ကာ ၎င်းတို့နေထိုင်ရာဒေသ အသီးသီးသို့ ဆက်လက်ထွက်ခွာ
နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
''ဆရာ ဆရာမတွေအတွက် လစာ နှစ်လစာကြိုတင်ထုတ်ပေးဖို့ စီစဉ် ထားတယ်။ ဒေသမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ စာမေးပွဲ ဖြေဖို့လည်း လားရှိုးနဲ့ ကွမ်းတုံမှာ စာစစ်ဌာနအသစ် ဖွင့်လှစ်ထားတယ်။ အခုဆရာမတွေကို ကျောင်းပိတ်ရက် နဲ့လည်းနီးတဲ့အတွက် အဆင်ပြေအောင် ပြန်ခိုင်းလိုက်တာပါ။ ဟိုမှာ ရှိနေတဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေရော၊ ပြည်သူတွေပါ နောက်တန်းကို စုစည်းပြီး ပြန်ခိုင်းနေပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းပေါင်း ၈ဝဝ ကျော်ရှိတယ်''ဟု အမှတ် (၂)အခြေခံပညာဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေး မှူးချုပ် ဦးတင်မျိုးကြည်က ပြောသည်။
''ကျန်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ လေးတွေအတွက်တော့ စိတ်မကောင်း ပါဘူး။ ဟိုမှာက မငြိမ်မသက် ဖြစ်နေတော့ စိုးရိမ်လို့ ပြန်လာတာ ပါ။ အထက်တန်းကျောင်းကလည်း နှစ်ကျောင်းပဲရှိတယ်။ ကလေးတွေ စာမေးပွဲဖြေဆိုဖို့အတွက် နောက်ပညာသင်နှစ်မတိုင်မီ သွားဖို့စီစဉ်ထား ပါတယ်။ အခုလည်း မန္တလေးမှာ ခဏ နားပြီးတော့ နေရပ်ကို ညနေကားနဲ့ ပြန်မှာပါ''ဟု လောက်ကိုင်အထက(၁)မှ အထက်တန်းပြဆရာမ ဒေါ်သန်းဌေး က ပြောသည်။
အဆိုပါ တိုက်ပွဲရှောင်ပညာရေး ဝန်ထမ်းများသည် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့မှ သွား ရောက်တာဝန်ထမ်းဆောင်ကြခြင်း ဖြစ်ပြီး ယခုနေရပ်သို့ ပြန်ရန်အတွက် လားရှိုးမှ မန္တလေးမြို့သို့ ရောက်ရှိ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:
Post a Comment