Friday, February 27, 2015

ချင်းပြည်နယ်ထွက် ခရမ်းချဉ်သီးများ ကလေး၊ တမူးနှင့် ဂန့်ဂေါအထိ တင်ပို့ရောင်းချ




ကလေး ဖေဖော်ဝါရီ ၂၆

ချင်းပြည်နယ်ထွက် ခရမ်းချဉ်သီးများကို ကလေး၊ တမူးနှင့် ဂန့်ဂေါဒေသ များမှ ဝယ်ယူနေသဖြင့် အဆိုပါမြို့နယ်များသို့ အဓိကထားတင်ပို့နေကြပြီး ခရမ်းချဉ်သီးစိုက်ပျိုးသူများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်သည် လွန်ခဲ့သည့် ငါးနှစ်အတွင်း ခရမ်းချဉ်စိုက်ပျိုးနည်းများ အောင်မြင်လာခဲ့ပြီး တစ်နှစ်လျှင်သုံးသီးစားအထိ စိုက်ပျိုးလာကြကြောင်း သိရသည်။ နွေရာသီတွင် မေလ၌စိုက်ပျိုးကာ မိုးရာသီတွင်ဇွန်လ၌စိုက်ပျိုး ကြပြီး တစ်ပင်လျှင် သုံးပိဿာကျော်ထွက်ကာ တစ်ဧကလျှင် ပိဿာ ၅ဝဝဝ ခန့်ထွက်သည်။ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကလေးဒေသပေါက်ဈေး ငွေကျပ် ၈ဝဝ ရှိကြောင်း၊ တမူးဒေသတွင် ငွေကျပ် ၁ဝဝဝ နှင့် ဂန့်ဂေါတွင် ငွေကျပ် ၁၂ဝဝ ခန့်အထိ ဈေးရနေကြောင်း သိရသည်။

ကလေးဒေသ၌ ခရမ်းချဉ်စိုက်ပျိုးရာတွင် အပင်ထောင်မျိုးများကို အများ ဆုံးစိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးထုပ် လေးထုပ်မှ ငါးထုပ်အထိစိုက်ပျိုးကြကာ မြေသြဇာနှင့် ပိုးသတ်ဆေးအပါအဝင် တစ်ဧကစိုက်ပျိုးစရိတ် ငွေကျပ် ၂ဝဝဝဝဝ ဝန်းကျင်ခန့်ကုန်ကျပြီး အမြတ်မှာတစ်ဧကလျှင် ငွေကျပ် ၃ဝဝဝဝဝ နီးပါးရှိကြောင်း ခရမ်းချဉ်သီးကိုယ်တိုင်စိုက်ပျိုးရောင်းချသူ လုံပန်းကျေးရွာမှ ဦးဇာလျန်းထန်က ပြောသည်။ ချင်းပြည်နယ်တွင် ခရမ်းချဉ်သီးများကို လုံပန်း၊ ပါရ်သဲ၊ လာသီး၊ ဆင်ဇွန်နှင့် ကူးဇွန်ဒေသများတွင် အများအပြား စိုက်ပျိုး ကြကြောင်း သိရသည်။
သျှင်နေမင်း

No comments:

Post a Comment