Friday, January 2, 2015

၂ဝ၁၅ MNL ချာရတီဖလားပြိုင်ပွဲ ဇန်နဝါရီ ၃ ရက်တွင် ကျင်းပမည်

Photo: ၂ဝ၁၅ MNL ချာရတီဖလားပြိုင်ပွဲ
ဇန်နဝါရီ ၃ ရက်တွင် ကျင်းပမည်

ရန်ကုန်      ဇန်နဝါရီ      ၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂ဝ၁၅ ရာသီအကြို MNL ချာရတီဖလားပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီတွင် အောင်ဆန်းကွင်း၌ ကျင်းပမည်ဖြစ်ပြီး ရတနာပုံအသင်းနှင့်ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အဆိုပါ ချာရတီဖလားပြိုင်ပွဲမှာ ၂ဝ၁၂ ရာသီမှစ၍ အမှတ်ပေးချန်ပီယံနှင့် ရှုံး/ ထွက် ချန်ပီယံအသင်းတို့ကို ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် MNL အမှတ်ပေး ချန်ပီယံ ရတနာပုံနှင့် ရှုံး/ထွက်ချန်ပီယံ ဧရာဝတီတို့ ကစားရမည်ဖြစ်သည်။ ယခု ချာရတီ ဖလားပြိုင်ပွဲကို မူလက အိမ်ကွင်း၊ အဝေးကွင်းကစားရန် စီစဉ်ခဲ့သော်လည်း နောက်ဆုံးတွင် တစ်ကျော့သာကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နှစ်သင်းစလုံး၏ ရာသီကြိုပြင်ဆင်မှုများကြောင့် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလျက်ရှိသည်။

ရတနာပုံအသင်းကို တစ်ကျော့ပြန်အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြ ဦးခင်မောင်တင်ကသာ ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်သည်။ အသင်းမှ နိုင်ငံခြားသားနောက်ခံလူ ဟက်ပီးနက်စ်နှင့် ကွင်းလယ်လူ မက်ဆီမင်တို့ကို သက်တမ်းတိုးထားပြီး လိုက်ဘေးရီးယား လက်ရွေးစင်တိုက်စစ်မှူး ဖိုဒေးနှင့် သြစတြေးလျကွင်းလယ်လူ ဂျိမ်းမေယာတို့ကို အသစ်ခေါ်ယူထားသည်။ လက်ရှိ လက်ရွေးစင်ကစားသမားများဖြစ်သည့် နန္ဒလင်းကျော်ချစ်၊ တင်ဝင်းအောင်၊ နေမျိုးအောင်တို့အပါအဝင် ဝါရင့်နောက်ခံလူ ဇော်လင်းထွန်းနှင့်ပြည်တွင်းကစားသမားအချို့ကို ခေါ်ယူထားသည်။ ဧရာဝတီအသင်းမှာမူ ၂ဝ၁၄ ရာသီ ရှုံး/ထွက် ချန်ပီယံအသင်းကို အသင်းသစ်နီးပါးပြောင်းလဲထားပြီး နည်းပြချုပ်အဖြစ်  မာဂျန်က ပြောင်းလဲတာဝန်ယူထားသည်။  နိုင်ငံခြားသားကစားသမားလေးဦး စလုံးကိုလည်း အသစ်ခေါ်ယူထားပြီး ပြည်တွင်းကစားသမားများအဖြစ် ဗန်လားဟရွယ်၊ အောင်ကျော်နိုင်၊ ပြည့်ဖြိုးဦး၊ ချစ်စမ်းမောင်၊ သက်လွင်ဝင်း၊ ထူးကျော်နှင့် ဇင်မျိုးအောင် တို့ကို ခေါ်ယူထားသည်။ ကွင်းဝင်ကြေးအဖြစ် အထူးတန်းကျပ် ၁ဝဝဝ၊ ရိုးရိုးတန်းကျပ် ၅ဝဝ သတ်မှတ်ထားပြီး ကွင်းဝင်ကြေးအားလုံးကို လှူဒါန်းသွားမည်ဖြစ်သည်။ (ရှိုင်းထက်ဇော်)

No comments:

Post a Comment