Saturday, January 31, 2015

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၃ဝ 
 

မလေးရှားနိုင်ငံ ကိုတာကင်နာ ဘာလူးမြို့၌ ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၃ဝ ရက်တွင် ပြန်လည်ရောက်ရှိသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်အဝေးကို အာဆီယံ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းထမ်းဆောင် ခဲ့သည့် မလေးရှားနိုင်ငံက ၂ဝ၁၅ ခုနှစ်အတွက် ပွဲဦးထွက်အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရာ မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး ဒါတိုဆရီ အာနီဖာ ဟာဂျီအာမန် (Dato’ Sri Anifah Haji Aman) က သဘာ ပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်တို့ တက်ရောက်ခဲ့ကြသည်။

သီးသန့်အစည်းအဝေး၌ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံက ဦးစားပေးဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်(၈)ရပ်ကို တင်ပြ ခဲ့ပြီး ၂ဝ၁၅ ခုနှစ်အကုန်တွင် အာဆီယံအသိုက်အဝန်း အောင်မြင်စွာ တည်ထောင်နိုင်ရေးအတွက် အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားရေး၊ အာဆီယံ အစည်းအဝေးများကို ပိုမိုထိရောက် သွက်လက်စွာ ကျင်းပနိုင်ရေးနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို အရည်အသွေးနှင့် စွမ်းအားတိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ တာဝန် ယူစဉ်ကာလအတွင်း ထုတ်ပြန် ကြေညာခဲ့သည့် အာဆီယံအသိုက် အဝန်း ၂ဝ၁၅ အလွန် မျှော်မှန်းချက်ဆိုင်ရာ နေပြည်တော် ကြေညာစာတမ်းနှင့်အညီ အာဆီယံအသိုက် အဝန်း၂ဝ၁၅ ခုနှစ်အလွန် မျှော်မှန်းချက်ကို ရေးဆွဲနိုင်ရေးအတွက် ဖွဲ့စည်းမည့် အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ လုပ်ငန်းတာဝန်သတ်မှတ် ချက်များကို အတည်ပြုချမှတ်ခြင်း၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် အာဆီယံကို ဗဟိုပြုအချက် အချာကျမှုကို ထိန်းသိမ်းဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို ဆွေးနွေး ခြင်း၊ အာဆီယံအသိုက်အဝန်းဖြစ်ပေါ် လာပြီးနောက်တွင် အာဆီယံနိုင်ငံ မြို့တော်များတွင် တူညီသည့် စံတော်ချိန် (ASEAN Common Time) သတ်မှတ်ရေး မလေးရှား နိုင်ငံ၏ အဆိုပြုချက်အပေါ် ဆွေးနွေး ခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်မှုများကို ဆောင်ရွက်ခဲ့သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် အီရတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံများတွင် အကြမ်း ဖက်မှုများနှင့် လူမဆန်သည့်အပြုအမှု များကို ပြုလုပ်နေသော အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း အတည် ပြုထုတ်ပြန်ခဲ့သည်။

အစည်းအဝေး ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တာနာဆပ် ပတီမာပရာဂွန် (H.E. General Thanasak Patimapragorn) နှင့် လည်းကောင်း၊ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒါတို ရှရီ အာနီဖာ ဟာဂျီ အာမန်နှင့်လည်းကောင်း သီးခြား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်သည် ဇန်နဝါရီ ၂၉ ရက် တွင် မလေးရှားနိုင်ငံ၊ ကိုတာကီနာဘာ လူးမြို့မှ ကွာလာလမ်ပူမြို့သို့ ထွက်ခွာခဲ့ ပြီး ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာသံအမတ်ကြီးနှင့်သံရုံးဝန်ထမ်း များနှင့်တွေ့ဆုံခဲ့ပြီး သံရုံး၏လုပ်ငန်းနှင့် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ၏ အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ပေးရေးနှင့်ပတ်သက်၍ ဆွေးနွေး မှာကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment