Friday, January 30, 2015

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂ဝ၁၅ ကျင်းပပြီးစီး



 
 
 
 
 နေပြည်တော် ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂ဝ၁၅ ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ယခုလ ၂၂ ရက်မှ ၂၉ ရက်အထိ နေ့အလိုက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ သတင်းစာရှင်းလင်းပွဲ၊ အာဆီယံခရီး သွားဖိုရမ် ဖွင့်ပွဲအခမ်းအနားနှင့် ကြိုဆိုညစာစားပွဲ၊ အာဆီယံခရီး သွားလုပ်ငန်းကွန်ဖရင့်၊ အာဆီယံခရီး သွားလုပ်ငန်း ပြပွဲများ၊ ဖိုရမ်ပိတ်ပွဲ အခမ်းအနားနှင့် လာမည့် ၂ဝ၁၆ ခုနှစ်တွင် အိမ်ရှင်အဖြစ် အလှည့်ကျလက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံကို အထိမ်းအမှတ်တံဆိပ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ဇန်နဝါရီ ၂၈ ရက် နံနက်နှင့် မွန်းလွဲပိုင်းတွင် ကျင်းပသည့် အာဆီယံနိုင်ငံများအလိုက် မီဒီယာများနှင့်တွေ့ဆုံသည့် အစီအစဉ်များ၊ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း ပြခန်းများ ခင်းကျင်းပြသထားမှုများ၊ ခရီးစဉ်ဒေသ ရောင်းဝယ်သူများ တွေ့ဆုံသည့် အစီအစဉ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) တွင် မြန်မာနိုင်ငံမှ Golden Trip Travels and Tours Co.,Ltd. နှင့် ဘယ်လဂျီယံနိုင်ငံ အခြေစိုက် Eccholine BVBA တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံခရီးသွား ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်သည့် Peking Express ခရီးသွားမှတ်တမ်းအား တတိယအကြိမ်မြောက် လာရောက်ရိုက်ကူးသည့် ခရီးစဉ်နှင့် ပတ်သက်၍ အဆိုပြုတင်ပြချက်များအပေါ် ဆွေးနွေးခဲ့သည်။ ၎င်းအပြင် အင်္ဂလန်နိုင်ငံ All Seasons Underwriting Insurance Ageny (ASUIA) မှ Managing Director/GM နှင့်အဖွဲ့အား တွေ့ဆုံ၍ မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားဧည့်သည်များအတွက် ကျန်းမာရေးနှင့် ထိခိုက်မှု အာမခံထားရှိရန် ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) တွင် ကျင်းပသည့် Spirere Conferences မှ ကျင်းပပြုလုပ်သည့် Networking CocktailyGJ၊ Hotel Max တွင် မလေးရှားနိုင်ငံမှ ပြုလုပ်သော Tourism Malaysia Gala Dinner သို့လည်းကောင်း၊ Grand Amara Hotel တွင် ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ ကျင်းပပြုလုပ်သည့် Late Night Function အခမ်းအနားသို့လည်းကောင်း၊ Asian Trail Co:Ltd ၏ ဧည့်ခံပွဲသို့လည်းကောင်း တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ တက်ရောက်လာသော ကိုယ်စားလှယ်များ၊ ခရီးစဉ်ရောင်းချသူ ဝယ်ယူသူများ ပြပွဲလေ့လာသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၂၉ ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ဆက်လက်ကျင်းပလျက် ရှိသည့် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းပြခန်းများ ခင်ကျင်းပြသထားမှုများ၊ ခရီးစဉ်ဒေသ ရောင်းဝယ်သူများ တွေ့ဆုံသည့်အစီအစဉ်များသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ညပိုင်းတွင် နေပြည်တော် Hotel Max တွင် ကျင်းပပြုလုပ်သော အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်- ၂ဝ၁၅ ပိတ်ပွဲအခမ်းအနားနှင့် ၂ဝ၁၆ ခုနှစ်အတွက် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်ကို လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံသို့ အလံလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ တင်ရွှေသည် ဖိလစ်ပိုင်နိုင်ငံမှ H.E. Arturo Boncata ထံသို့ အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်-၂ဝ၁၆ လက်ခံ ကျင်းပမည့် အထိမ်းအမှတ်တံဆိပ်နှင့် ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment