Saturday, January 3, 2015

ဂျပန်ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိ



 







တိုကျို ဇန်နဝါရီ ၂

ဂျပန်ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ၂ဝ၁၄ ခုနှစ်တွင် ၂ဝ၁၃ ခုနှစ်ကထက် ၉ဝဝဝ လျော့နည်းပြီး ၁ဝဝ၁ဝဝဝ သာမွေးဖွားခဲ့ရာ ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် ၂ဝ၁၄ ခုနှစ်တွင် စံချိန်တင်အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ဘီဘီစီက ယနေ့ဖော်ပြသည်။

မွေးဖွားနှုန်းကျဆင်းမှုသည် လေးနှစ်ဆက်တိုက် ကျဆင်းခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လျက်ရှိရာ ၂ဝ၁၃ ခုနှစ်တွင် ဦးရေ ၁ ဒသမ ၃ သန်းအောက် လျော့နည်းသည်ဆိုရုံမျှဖြစ်သည်။

၂ဝ၅ဝ ပြည့်နှစ်တွင် စုစုပေါင်း လူဦးရေ ၉၇ သန်းသာရှိမည်ဖြစ်ပြီး ယခုရှိသည့် ဦးရေထက် သန်း ၃ဝ လျော့နည်းမည်ဟု ခန့်မှန်းပြောဆိုကြသည်။ ယင်းသို့ မွေးဖွားနှုန်းကျဆင်းခြင်းသည် ဂျပန်နိုင်ငံကိုနည်းလမ်းပေါင်းစုံဖြင့် ဒုက္ခပေးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။
အသက်(၁၅)နှစ်မှ (၆၄)နှစ်အကြား လူဦးရေ လျော့နည်းလာခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို လျော့နည်းစေမည့်အပြင် ဂျပန်နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးကိုလည်း ကျဆင်းစေမည်ဟု ကြိုတင်ဟောကိန်းထုတ်သည်။ တစ်ဖန် ပင်စင်စနစ်နှင့် လူမှုသက်သာချောင်ချိရေး လုပ်ငန်းများကိုလည်း ထိခိုက်စေမည်ဖြစ်သည်။

ကလေးမွေးဖွားနိုင်သောအရွယ် အမျိုးသမီးအရေအတွက် ကျဆင်းလာသဖြင့် ကလေးအရေအတွက် ကျဆင်းလာမှုနှင့် မလွဲမသွေကြုံရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကိုကျိုဒိုသတင်းဌာနက ကိုးကားဖော်ပြသည်။

ဂျပန်နိုင်ငံ၏ စုစုပေါင်း လူဦးရေကျဆင်းမှုမှာ တတိယနှစ်သို့ ရောက်ရှိလာပြီး သက်ကြီးရွယ်အိုအရေအတွက်သည် ပထမဆုံးအကြိမ်အဖြစ် ၂၅ ရာခိုင်နှုန်းအထိ ပါဝင်လာပြီဖြစ်ကြောင်း ဧပြီလတွင်ထုတ်ပြန်ခဲ့သော အစိုးရကိန်းဂဏန်းများတွင် ဖော်ပြသည်။

အသက်(၆၅)နှစ်နှင့် အထက်လူဦးရေ အချိုးသည် ၂ဝ၆ဝ ပြည့်နှစ်တွင် စုစုပေါင်း၏ ၄ဝ ရာခိုင်နှုန်းနီးပါးရှိလာမည်ဖြစ်ကြောင်း အစိုးရကသတိပေးထားသည်။

လူဦးရေ ကျဆင်းရခြင်းတွင် အကြောင်းရင်းအမျိုးမျိုးရှိရာ ကလေးမွေးဖွားစရိတ်နှင့် ကလေး ပြုစုပျိုးထောင်စရိတ်ကြီးမြင့်လာခြင်း၊ အလုပ်လုပ်သော အမျိုးသမီးထုများပြားလာခြင်း၊ လက်ထပ်သည့် အရွယ်နောက်ကျလာခြင်း၊ အိမ်ထောင်မပြုသည့် အရေအတွက် တိုးပွားလာခြင်းနှင့် မိသားစု သဘာဝပတ်ဝန်းကျင်နှင့် လူမှုဓလေ့ထုံးစံများ ပြောင်းလဲလာခြင်းတို့ ပါဝင်သည်။

ဘီဘီစီ။

No comments:

Post a Comment