Friday, January 2, 2015

ကြေးမုံစာတည်းရှုထောင့်



သီးနှံဖွံ့ဖြိုးအထွက်တိုးရေး

၂၁ ရာစုကို ပညာခေတ်ဟု ပညာရှင်များက ပိုင်းခြားသတ်မှတ် ပညတ် ထားသည်။ နယ်ပယ်အသီးသီးမှာ နည်းပညာက ရှေ့တန်းရောက်လာသည်။ နည်းပညာအားနည်းက နောက်တန်းရောက်သွားရသည်။ လူတစ်ဦး၊ လူတစ် စုမှသည် နိုင်ငံတစ်ခုထိ ဖွံ့ဖြိုးတိုးတက်မှုကို နည်းပညာနှင့် တိုင်းတာသတ် မှတ်အဆင့်ခွဲခြားမှုပြုလာကြသည်။ နည်းပညာအားသာသောနိုင်ငံများမှာ ကမ္ဘာ့ အလယ်တွင် မျက်နှာပန်းလှနေကြသည်။ ဥပမာ အာရှမှ တောင်ကို ရီးယား၊ ဂျပန်၊စင်ကာပူ တို့ဖြစ်သည်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတအလျှံအပယ် ရှိနေပါလျက် နည်းပညာအားနည်းချက် မိမိတို့နိုင်ငံ ကြုံနေရသည်။

ကျေးလက်ဒေသနေ ၇ဝ ရာခိုင်နှုန်းသော ပြည်သူတို့၏ အဓိကပင်မစီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တစ်ခုတည်းသာဖြစ်နေမှုကလည်း နိုင်ငံဖွံ့ဖြိုးမှုကို နှောင့်နှေးစေသလိုဖြစ်နေရသည်။ စိုက်ပျိုးရေးတွင်လည်း သမားရိုးကျ မိရိုးဖလာနည်းစနစ်ရှိနေသေးသည်။

ယခုအခါ မိရိုးဖလာနည်းစနစ်မှာ အခက်အခဲများရှိလာနေပြီ။ လယ်ယာလုပ်ငန်း၏ ပင်မလုပ်အားရှင် ကျွဲ၊ နွားများရှားပါးလာခြင်း၊ လယ်ယာလုပ်သား၊ သူရင်းငှားများ ရှားပါးလာနေမှုက စိန်ခေါ်မှုတစ်ရပ်ဖြစ် လာနေပြီ။ စက်မှုလယ်ယာစနစ်သို့ ဦးတည်လာစေခဲ့ပါသည်။ ဤဖြစ်စဉ်က မိမိတို့နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကို လက်မှုလယ်ယာစနစ်မှ စက်ဖြင့်ထွန်ယက်စိုက်ပျိုးရိတ်သိမ်းစက်ဖြင့် ခြွေလှေ့ကာ တလင်းပျောက်စနစ်သုံး စက်မှုလယ်ယာစနစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာစေခဲ့ပါသည်။

စိုက်ပျိုးရေးဦးစီးဌာနမှလည်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေးနည်းပညာများကို တောင်သူများလိုက်ပါကျင့်သုံးစေခြင်း၊ မျိုးနှင့်နည်းစနစ်များကို ဒေသ၏ရေမြေ နှင့်ကိုက်ညီအောင်စီမံပေးခြင်း၊ နည်းပညာအကူအညီများတိုးချဲ့ပြီး ဒေသလုပ် ထုံးလုပ်နည်းများကို ပြောင်းလဲစေခြင်းလုပ်ဆောင်ပေးလျက် ရှိလာနေသည်။

အကျိုးဆက်မှာ ယခုနှစ်တွင် မိမိတို့နိုင်ငံ၏ စပါးကျီဟု တင်စားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးဧက သုံးဆယ့်ခြောက်သိန်းသုံးသောင်းကျော် ရာနှုန်းပြည့်ဖြစ်ထွန်းအောင်မြင်လာခြင်းဖြစ်သည်။ ဤသို့အောင်မြင်မှု တွင် နည်းပညာမျိုးစပါးအပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်သူ ၃၇၁၃၇၃ ဦးအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း ၂၄၅၅၁ သိန်းခန့်ကလည်း ကြီးစွာအထောက်အကူဖြစ်စေပါသည်။

စိုက်ပျိုးရေးလုပ်ငန်းအောင်မြင်မှုတွင် ပိုးသတ်ဆေးများသုံးစွဲမှုကိုလည်း ဂရုပြုလာသည်။ ပိုးသတ်ဆေးကို စနစ်တကျ သုံးစွဲတတ်ဖို့လိုသည်။သုံးတတ်ကစိုက်ပျိုးရေးအကျိုးပေးဆေးဖြစ်လာပြီး မသုံးတတ်က သုံးစွဲသူကို တိုက်ရိုက် ဒုက္ခပေးကာဘေးဖြစ်စေသည်။ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် တောင်သူလယ်သမားများ ပိုးသတ်ဆေးကိုစနစ် တကျနှင့် အကျိုးရှိစွာ သုံးစွဲတတ်စေရေး၊ စားသုံးသီးနှံများတွင် ပိုးသတ် ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ ပိုးသတ်ဆေးများကို တင်သွင်းထုပ်ပိုး ရောင်းဝယ်ဖောက်ကား သိုလှောင်သုံးစွဲရာတွင် ပိုးသတ်ဆေးဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန် ရည်ရွယ်လျက် သင်တန်းပို့ချ မှုများရှိလာနေပြီ။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအပါအဝင် တစ်နိုင်ငံလုံးအနှံ့တွင် တောင်သူများ ပိုးသတ်ဆေးနည်းစနစ် မှန်ကန်သုံးစွဲတတ်စေရေး သင်တန်းများ ပေးသွားကြရမည်ဖြစ်ပါသည်။ တောင်သူတစ်ဦးချင်းစီ၏ နည်းစနစ်မှန်ကန်စွာသုံးစွဲတတ်မှုက လယ်ယာလုပ်ငန်းခွင်တွင် အန္တရာယ် ကင်းဘေးရှင်းစေပြီး သီးနှံအထွက်တိုးမှုကိုလည်း ကြီးစွာအထောက်အကူဖြစ် စေသည့် တစ်ချက်ခုတ်နှစ်ချက်ပြတ် အစီအမံနှင့်သင်တန်းများဖြစ်ပါသည်။

မျက်မှောက်ကာလ ကမ္ဘာနှင့်တစ်ဝန်းတွင် ကမောက်ကမရာသီဥတုကြောင့် စိုက်ပျိုးရေးသီးနှံထုတ်လုပ်မှုကျဆင်းကာ စားနပ်ရိက္ခာရှားပါးလာနေ ချိန် မိမိတို့နိုင်ငံတွင်ကား ရေမြေ သဘာဝရာသီဥတုအခြေအနေကောင်း များရှိနေဆဲဖြစ်ပြီး နည်းပညာအားနည်းချက်ကို ကုစားနိုင်ပါက ဝမ်း စာပြည့်လျှံပြီး ပြည်ပနိုင်ငံများထိ ဆတက်ထမ်းပိုးတင်ပို့နေနိုင်ဦးမည်အမှန်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment