Thursday, January 1, 2015

လက်မှတ်ရ ပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင် စာမေးပွဲအောင်လက်မှတ် ပေးအပ်



 


နေပြည်တော် ဒီဇင်ဘာ ၃၁

 မြန်မာနိုင်ငံ စာရင်းကောင်စီ၏ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာ စာရင်းကိုင်စာမေးပွဲအောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ရန်ကုန်သင်တန်း ကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယစာရင်း စစ်ချုပ်ဦးမျိုးမြင့်၊ မြန်မာနိုင်ငံ စာရင်းကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း အမှုဆောင်များ၊ အလှူရှင်များ၊ သင်တန်းကထိကများ၊ ဆုရရှိသူများနှင့်အောင်လက်မှတ်လက်ခံရယူမည့်သူများတက် ရောက်ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်စွမ်းနိုင်ရေးအတွက် စာရင်းပညာဆိုင်ရာနယ်ပယ်အတွက် မြန်မာနိုင်ငံ စာရင်းကောင်စီသည် လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာ စာရင်းကိုင် သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးနေကြောင်း၊ ယနေ့အထိ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် ၂၁၈၉ ဦးနှင့် ဒီပလိုမာစာရင်းကိုင် ၄၃၄၈ ဦး သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ စာရင်းပညာအရည်အချင်း တိုးတက်ရန် ဘက်စုံထောင့်စုံမှ ကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ စာရင်းလုပ်ငန်း နှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း စသည်များကို အမြဲတစေ လေ့လာမှတ်သားကြပါလို့ တိုက်တွန်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစာရင်းကောင်စီဆုနှင့်ပညာရေးရန်ပုံငွေသို့ ကျပ် ၁ဝ၃ သိန်းလှူဒါန်းခဲ့သည့် အလှူရှင်များအား မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌက ဂုဏ်ပြုလက်မှတ်ပေးပြီး မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယ ဥက္ကဋ္ဌနှင့်ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း အမှုဆောင်များက စာမေးပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ဘာသာရပ်အလိုက် အမှတ်အများဆုံး ရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆု ငွေများ၊ ဒုတိယပိုင်းစာမေးပွဲအောင်မြင်သူများအား အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment