Tuesday, December 30, 2014

မင်္ဂလာနှင့်ပြည့်စုံသည့် နှစ်သစ်

Photo: မင်္ဂလာနှင့်ပြည့်စုံသည့် နှစ်သစ်

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် အသက်(၁ဝဝ)ပြည့်သည့် အဘိုးအဘွားများအပါအဝင် အသက်(၁ဝဝ)နှင့်အထက် အဘိုးအဘွားများအား နိုင်ငံတော်သမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့်  လူမှုဝန်ထမ်းလုပ်ငန်းများအား အဓိကထားဆောင်ရွက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးအား ဘိုးဘွား များအား ကူညီထောက်ပံ့ပေးအပ်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို သွားရောက်မေးမြန်းခဲ့ပါသည်။

မေး ။ ။ နိုင်ငံတော်သမ္မတက  အသက်ကြီးရွယ်အိုတွေကို   ဂုဏ်ပြုလွှာနဲ့ 
 ထောက်ပံ့ငွေတွေ  ပေးအပ်သွားမယ်လို့သိရပါတယ်။  အဲ့ဒါနဲ့ပတ်သက်ပြီး ထောက်ပံ့သွားဖို့အစီအစဉ် ဖြစ်ပေါ်လာပုံကိုပြောပြပေးပါ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာဆိုရင် သက်ကြီးရွယ်ကို အသက်(၆ဝ)လို့ သတ်မှတ် 
 ထားပါတယ်။ အသက် ၁ဝဝ အထက် ဘိုးဘွားတွေကို ထောက်ပံ့တာကတော့ ဒီနှစ်မှာ ကိုယ့်နိုင်ငံရဲ့ဂုဏ်ပြုခံ သက်ကြီးဝါကြီးတွေကို ထောက်ပံ့ဖို့ဆိုပြီး လမ်းညွှန်လာတဲ့အပေါ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲပြီး   ဆောင်ရွက်နေပါတယ်။ အဲဒီအထဲမှာလည်း  ဘိုးဘွားတွေကို ထောက်ပံ့ရမယ် ဆိုတဲ့ မူဝါဒချမှတ်ထားပါတယ်။ တဖြည်းဖြည်းနဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီးတော့ နိုင်နင်းသလောက် ထောက်ပံ့ပေးသွားဖို့ရှိပါတယ်။ 

မေး ။ ။ အသက်(၁ဝဝ)နှင့်အထက် အဘိုးအဘွားတွေကို ဘယ်လိုချီးမြှင့် 
 သွားမယ်ဆိုတာနဲ့ ငွေကြေးဘယ်လောက်ထောက်ပံ့သွားမယ်ဆိုတာ သိပါရစေ။

ဖြေ ။ ။ အခုဟာကတော့  နိုင်ငံတော်သမ္မတကြီးက   ဂုဏ်ပြုတဲ့အနေနဲ့ 
 လက်မှတ်ရေးထိုးပြီးတော့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်မယ်၊ နောက်တစ်ပိုင်းကတော့ ငွေကြေးထောက်ပံ့သွားမှာဖြစ်ပါတယ်။ ငွေကြေးအနေနဲ့ ဘယ်လောက်ထောက်ပံ့သွားမယ်ဆိုတာတော့ မသိရသေးပါဘူး။ 

မေး ။ ။ လက်ရှိအသက်(၁ဝဝ)နှင့်အထက် အဘိုးအဘွားဦးရေ ဘယ်လောက် 
 လက်ခံရရှိထားပါလဲ၊ အကြောင်းအမျိုးမျိုးကြောင့် စာရင်းထဲမပါဝင်တဲ့ ဘိုးဘွားတွေ ဘယ်လိုစာရင်းပေးနိုင်မလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ လက်ရှိအနေအထားကတော့ အဘိုး၁၆၉ ဦးရှိပြီး အဘွား ၄ဝဝ 
 စုစုပေါင်း ၅၆၉ ဦး ရရှိထားပါတယ်။ နောက်ထပ်တိုးလာမယ့် အဘိုးအဘွားတွေလည်းရှိနိုင်ပါတယ်။ သတင်းစာတွေထဲကနေလည်း  ထည့်ကြော်ငြာထားပါတယ်။ ကြော်ငြာထားတဲ့အထဲမှာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ကနေတစ်ဆင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ပေးပို့ဖို့ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျန်နေသေးတဲ့ အသက်(၁ဝဝ)နှင့်အထက် ဘိုးဘွားတွေ ကျန်နေသေးတယ်ဆိုရင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့ရုံးကနေပြီး ရုံးအမှတ်(၂၃)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကို လိပ်မူပြီးတော့ပေးပို့နိုင်ပါတယ်။

မေး ။ ။ ဘိုးဘွားတွေကို ထောက်ပံ့ဖို့ ဘယ်လိုစီစဉ်ထားလဲဆိုတာလည်းသိပါရစေ။ 

ဖြေ ။ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်တွေကို ဂုဏ်ပြုလက်မှတ်တွေ 
 ပေးပို့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဝန်ထမ်းတွေနဲ့တိုင်းဒေသကြီးနှင့်ပြည်နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းပြီးတော့ ဂုဏ်ပြုပေးသွားမှာဖြစ်ပါတယ်။ 

မေး ။ ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး 
 ဌာနအနေနဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုကူညီစောင့်ရှောက်မှုတွေ ပေးနေလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ လုပ်ငန်းတာဝန်ကြီး(၈)ရပ် ရှိပါတယ်။ အဲဒီ(၈)ရပ်ထဲက လုပ်ငန်းတစ်ရပ်ကတော့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းပါပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက အထူးသဖြင့် ဘိုးဘွားတွေကို ဘယ်လိုစောင့်ရှောက်ရမလဲ ဆိုတဲ့ နည်းပညာအကူအညီတွေပေးနေပါတယ်။  နောက်တစ်ခါ  ငွေကြေးထောက်ပံ့တယ်။ နိုင်ငံတော်ဘတ်ဂျက်ကနေ  အဘိုးအဘွားတစ်ယောက်ကို ဆန်ဖိုးငွေ၊ စားစရိတ်၊ အဝတ်စရိတ်တွေ ထောက်ပံ့ပေးနေပါတယ်။ 
အဲဒီအပြင် ဘိုးဘွားရိပ်သာမှာအုပ်ချုပ်နေတဲ့ ဂေဟာမှူးလစာကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဘိုးဘွားတွေအတွက် လိုအပ်တဲ့အုပ်ချုပ်မှုဖြစ်စဉ် တွေဖြစ်ရင် ဝင်ရောက်ဖြေရှင်းပေးပါတယ်။ ကြားထဲကနေ ညှိနှိုင်းဆောင်ရွက် ပေးတာမျိုးပေါ့။ 

 ဌာနအနေနဲ့ ဘိုးဘွားတွေကို ဂေဟာတွေဖွင့်ပြီး စောင့်ရှောက်ပေးနေမှုတွေရှိပါသလား။

ဖြေ ။ ။ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ၂ဝ၁၃ ခုနှစ် 
 မှာ ရန်ကုန်မှာဖွင့်လှစ်ပြီးတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက တိုက်ရိုက် ဘိုးဘွားတွေကို စောင့်ရှောက်နေပါတယ်။ ကမ္ဘာအေးဘုရားလမ်းမှာရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အထီးကျန်ဆန်ပြီး  စောင့်ရှောက်မှုလိုအပ်တဲ့ ရန်ကုန်က အဘိုးအဘွားတွေလာပါတယ်။ အဲဒီမှာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းတွေက ဘိုးဘွားတွေအတွက် ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို စောင့်ရှောက်ပေးနေပါတယ်။ အုပ်ချုပ်ရေးမှူးက ဆရာဝန်ဖြစ်ပါတယ်၊ နောက်သီးခြားဆရာဝန်လည်း ရှိပါတယ်။ 
ကျန်တဲ့ ကိုယ်လက်ကြံ့ခိုင်ရေးတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ပျော်ရွှင်မှုတွေရအောင် လူမှုဝန်ထမ်းမှ ဝန်ထမ်းတွေက စောင့်ရှောက်မှုပေးကြပါတယ်။ အဘိုးအဘွားတွေ သီချင်းဆိုချင် ဆိုခွင့်ပြုတာမျိုး၊ ဘုရားရှိခိုးချင် ရှိခိုးနိုင်အောင် ဆောင်ရွက်ပေးတာမျိုး၊ နောက်နေ့လယ်စာ၊ ဖြည့်စွက်စာ ကျွေးမွေးတာမျိုးတွေကို ဆောင်ရွက်ပေးနေတာပါ။ နိုင်ငံတော်ဘတ်ဂျက်ကနေ ကျခံသုံးစွဲနေပါတယ်။
အဲ့ဒီအပြင် ၂ဝဝ၄ ခုနှစ်ကစပြီး အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။ ၂ဝဝ၄ ခုနှစ် ကနေ အခုချိန်ထိလည်း အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့  လက်တွဲပြီးတော့ ဆောင်ရွက်နေတာတွေလည်းရှိပါတယ်။  သူတို့နဲ့ MoU ထိုးပြီးစောင့်ရှောက်ရေး လုပ်ငန်းလုပ်တယ်။ ဘာတွေလုပ်ပေးလဲဆိုတော့ စီမံချက်နယ်မြေတွေမှာရှိတဲ့  ကျေးရွာတွေက အဘိုးအဘွားတွေရဲ့စာရင်းကောက်ပါတယ်။ အသက် ၆ဝ ကျော်နဲ့အထက် အဘိုးက ဘယ်နှယောက်ရှိတယ်။ စောင့်ရှောက်ဖို့ ဘိုးဘွားတွေ  ဘယ်နှယောက်ရှိတယ်ဆိုပြီး တိတိကျကျသိအောင် စာရင်းတွေကောက်ယူပါတယ်။ 
ပြီးရင် ရင်းနှီးမတည်ငွေထုတ်ပေးတယ်။ အဲ့ဒီငွေကို  ဆုံးရှုံးမသွားအောင် ဘိုးဘွားတွေ ဦးဆောင်ပြီးတော့ ရန်ပုံငွေတိုးပွားအောင်လုပ်ပေးတယ်။ ပြီးရင် ဘိုးဘွားတွေကိုစနစ်တကျနဲ့လုပ်ငန်းအောင်မြင်အောင်  သက်ကြီးရွယ်အို စောင့်ရှောက်တဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေက လိုအပ်တာတွေ ကူညီပေး ကြပါတယ်။ 
နောက်တစ်ခုက သက်ကြီးသူချင်း ကူညီစောင့်ရှောက်သူများအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဘိုးဘွားတွေအချင်းချင်း ဝင်ငွေရလုပ်ငန်းတွေ လုပ်တာပဲဖြစ်ဖြစ်၊ သာရေး နာရေးလုပ်တာပဲဖြစ်ဖြစ်၊ ရပ်ရွာကောင်းကျိုးအတွက် လုပ်တဲ့အပိုင်း တွေကို ဒီအဖွဲ့တွေကနေ ဦးစီးပြီးဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကလည်း တော်တော်လေးအောင်မြင်နေပါတယ်။ အဲဒီလို လုပ်ပေးခြင်းအားဖြင့် အဘိုးအဘွားတွေက သူတို့မှာ အထီးကျန်ဆန်မနေတော့ဘူးပေါ့။ ဘိုးဘွားတွေဟာ လူ့အသိုင်းအဝိုင်းထဲမှာ ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်နိုင်တာပေါ့။ ဘိုးဘွားတွေရဲ့ ဂုဏ်သိက္ခာတွေလည်း တက်လာတယ်။  ကုလသမဂ္ဂကချမှတ်ထားတဲ့ အခြေခံသဘောတရားတွေ၊  စည်းမျဉ်းတွေရှိပါတယ်။ ဘိုးဘွားတွေ အများနဲ့တန်းတူ ပါဝင်ဆောင်ရွက်ခွင့်ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည် နိုင်ရမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေသတွေရှိပါတယ်။ အဲ့ဒါတွေနဲ့အညီ လုပ်ပေးနေပါတယ်။ အခုချိန်အထိလည်း ဆောင်ရွက်နေပါတယ်။ 
သက်ကြီးရွယ်အိုနဲ့ပတ်သက်လို့ရှိရင် အခုဆိုရင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ကြီးရွယ်အိုနဲ့ပတ်သက်တဲ့ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေထွက်ရှိနိုင်ဖို့ မူကြမ်းရေးဆွဲနေပါတယ်။ မကြာမီ မှာ မူကြမ်းထွက်ရှိမှာဖြစ်ပြီး အကြံပြုချက်တွေရယူပြီးတော့ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ဆက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

မေး ။ ။ ဒီလို အသက်(၁ဝဝ)နှင့်အထက် အဘိုးအဘွားတွေကို ဂုဏ်ပြုတဲ့ 
 အပေါ် ဘယ်လိုခံစားရပါသလဲ။

ဖြေ ။ ။ ဒီလိုဂုဏ်ပြုတာက  ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဒီလို ကိုယ့်နိုင်ငံမှာရှိတဲ့ အသက်(၁ဝဝ)နှင့် အထက် ဘိုးဘွားတွေကို ဂုဏ်ပြုတာဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံမှာ  ဒီလိုအသက်(၁ဝဝ)အထက် ဘိုးဘွားဦးရေ ဘယ်လောက်ထိရှိလဲဆိုတာကို အမှတ်တရ သိရှိသွားမှာဖြစ်ပါတယ်။ ဒီလိုအသက်(၁ဝဝ)အထက် ဘိုးဘွားတွေကို နိုင်ငံတော်ကနေပြီးတော့  ပစ်မထားဘဲ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က ချီးမြှင့်ပေးတဲ့အတွက် နိုင်ငံ့အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။  ဘုရားဟောတဲ့ ဂါရဝပြုထိုက်တဲ့သူကို ပြုရမယ်၊ ပူဇော်ထိုက်သူကို ပူဇော်ရမယ်ဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ ဆောင်ရွက်တာဖြစ်တဲ့အတွက် ၂ဝ၁၅ ခုနှစ် နှစ်သစ်ဟာ  တကယ့်ကို ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံနေမှာပါလို့  ပြောချင်ပါတယ်။      ။

ကျော်သူထက်(သတင်းစဉ်)
 
No comments:

Post a Comment