ကျွန်ုပ်တို့နိုင်ငံ၏ လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်နေ
ပြည်သူများဖြစ်ကြပါသည်။ ကျေးလက်နေပြည်သူများ၏ လူမှုဘဝ မြှင့်တင်ပေးရာတွင်
စိုက်ပျိုးရေးသည်အခြေခံအကျဆုံးဖြစ်ပါသည်။ စိုက်ပျိုးရေးကို သိပ္ပံနည်းကျအောင်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များသည် အဓိကအခြေခံအကျဆုံးဖြစ်ပါသည်။ စိုက်ပျိုးရေးအတတ်ပညာရှင်၊ အသိပညာရှင် များမွေးထုတ်ရာတွင် အရေအတွက်သာမက အရည်အချင်းပြည့်ဝသူများလည်း ဖြစ်ရန်လိုအပ်ပါသည်။
ထို့ကြောင့်ပင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက
ဒီဇင်ဘာလ ၂၇ ရက်နေ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၉ဝ) ပြည့်
နဝရတ်ရတုအထိမ်းအမှတ်အခမ်းအနား၌ ယခုစိုက်ပျိုးရေး တက္ကသိုလ်ကြီး
ပေါ်ပေါက်လာသည်မှာ ရာစုနှစ်တစ်ခုနီးပါးရှိခဲ့ပြီး တက္ကသိုလ်ကြီးမှ
မွေးထုတ်ပေးလိုက်သည့် ပညာရှင်များသည်လည်း သင့်တော်သောအရေအတွက်တစ်ခုရရှိနေပြီဖြစ်ပါကြောင်း၊
သို့သော် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် ယနေ့ထိ နိုင်ငံတကာအဆင့်သို့
မတက်လှမ်းနိုင်ခြင်းသည် မည်သည့်နေရာတွင် လိုအပ်နေသည်ကို နိုင်ငံတော်အစိုးရ
သက်ဆိုင်ရာဝန်ကြီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးပညာရှင်၊
စိုက်ပျိုးရေးလုပ်ငန်းရှင်၊ တောင်သူလယ်သမား၊ သီးနှံ၏ဈေးကွက်လက်ရှိ
ရှိကြသူများအားလုံးပါဝင်ဆွေးနွေးသင့်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ကျွန်ုပ်တို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ တောင်သူလယ်သမားအများစုသည် မိရိုးဖလာစိုက်ပျိုးရေး နည်းကိုသာအသုံးပြုနေကြဆဲဖြစ်ပါသည်။ စိုက်ပျိုးရေးအတွက် မိုးရေကိုသာအဓိကအားထားလုပ်ကိုင်နေကြပါသည်။
ခေတ်မီစိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတနည်းပါးပြီး၊ တိုးချဲ့လုပ်ကိုင်ရန်
အရင်းအနှီးနည်းပါးခြင်း၊ နေထိုင်ရာဒေသများ၏ အခြေခံအဆောက်အအုံများ
မဖွံ့ဖြိုးခြင်းနှင့် လယ်ယာထွက်ကုန်ပစ္စည်းများသင့်တော်သည့် ဈေးနှုန်းမရခြင်းစသောအချက်များကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးမှုသည် ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးဘဲရှိပါသည်။
ဤအားနည်းချက်များကို ဖြည့်ဆည်းနိုင်ရန်အဓိကအရေးကြီးသော အချက်တစ်ချက်မှာ စိုက်ပျိုးရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ မြောက်မြားစွာ ပေါ်ထွန်းရေးပင်ဖြစ်ပါသည်။
သို့ပါ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကြီး၏
နှစ် (၉ဝ) ပြည့်အခါသမယသည် နောင်နှစ်ပေါင်း များစွာကြာသည့်တိုင်အောင်
အရေအတွက်သာမက အရည်အချင်းပါပြည့်ဝသော စိုက်ပျိုးရေးအသိပညာရှင်၊
အတတ်ပညာရှင်များ ဆက်လက်မွေးထုတ်သွားသင့်ပါကြောင်း။ ။
No comments:
Post a Comment