Monday, December 29, 2014

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပွင့်ဖြူမြို့၌ ကျင်းပသည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ တက်ရောက်

Photo: ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပွင့်ဖြူမြို့၌ ကျင်းပသည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ တက်ရောက်

မကွေး     ဒီဇင်ဘာ   ၂၈

မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူနှင့် ဂန့်ဂေါခရိုင် တို့အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားကြီးများ စုစုပေါင်း ၆ဝဝဝ ကျော်တက်ရောက်သည့် တောင်သူလယ်သမားရေးရာဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီးအနီးရှိ ကျောင်းတော်ရာကွင်း၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် သဘာပတိ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစောဝင်းမောင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်စား ပြည်သူ့လွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ  ဦးဌေးဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် တောင်သူလယ်သမားများသည် အရေအတွက်အရလည်းကောင်း၊ နိုင်ငံအတွင်းပျံ့နှံ့နေထိုင်မှုများအရလည်းကောင်း၊ နိုင်ငံအတွက်အရေးပါသည့် စိုက်ပျိုးထုတ်လုပ်မှုများအရ လည်းကောင်း ကြီးမားကျယ်ပြန့်သည့် အခြေခံလူတန်းစားတစ်ရပ်အဖြစ် တည်ရှိနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများသည် ခေတ်အဆက်ဆက်၌ ကျေးဇူးရှင်တောင်သူလယ်သမားကြီးများဟု ဂုဏ်ပြုသတ်မှတ်ပြီး စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်မားစေပြီး လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မားလာစေရန် အားပေးဆောင် ရွက်ခဲ့ကြပါကြောင်း၊ ထိုက်သင့်သည့် တိုးတက်မှုများရှိသကဲ့သို့ ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်လည်း ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း။

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝ  မြင့်မားတိုးတက်ရေးကိုရှေးရှုပြီး  တွေ့ကြုံနိုင်သည့် အခက်အခဲပြဿနာများကို  ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်စေရန်အတွက် လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်    အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေများရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကြုံတွေ့နေရ ဆဲဖြစ်သည့် မြေယာအငြင်းပွားမှု ပြဿနာများကိုလည်း   ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ဦးဆောင်ပြီး ရှင်းလင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း။ 

မိမိတို့သည် တောင်သူလယ်သမားများ ရရှိပြီးဖြစ်သည့် အခြေအနေကောင်းများကို လျော့နည်းဆုံးရှုံးခြင်း မရှိစေဘဲ  တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ  ပိုမိုတိုးတက်မြင့်မားလာစေရန် လုပ်ငန်းစဉ်များ ချမှတ်ထားပြီး  တောင်သူလယ်သမားများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ 

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် တောင်သူလယ်သမားရေးရာကော်မတီ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။ 

တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကြီး၏ အဓိကရည်မှန်းချက်များဖြစ်သည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးတွင် တောင်သူလယ်သမားများ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ တောင်သူလယ်သမားများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ တောင်သူလယ်သမားများ၏  အကျိုးစီးပွားဖော်ဆောင်ရေးအတွက် ရည်ရွယ်ချက်ချင်းတူညီသည့် အသင်းအဖွဲ့များနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ရန် ဆိုသည့်ရည်ရွယ်ချက်များနှင့်အညီ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမား ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ ဘဝ၊ ဆန္ဒ၊ ပကတိအခြေအနေများနှင့် ထင်ဟပ်သည့် ဆွေးနွေးအဆိုပြုချက်များ၊ ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ်ရရှိနိုင်အောင် ဆွေးနွေးသွားကြပါ။ မိမိတို့အနေဖြင့်လည်း ဖော်ထုတ်ရရှိလာမှုများအပေါ် အလေးထားပြီး တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေးအတွက် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရုံသာမက လွှတ်တော်၊ အစိုးရအဖွဲ့၊  နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကတိပြုပါကြောင်းဖြင့် ပြောကြားသည်။ 

ယင်းနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက အမှာစကားပြောကြားသည်။ 

ဆက်လက်၍ တောင်သူလယ်သမား ကိုယ်စားလှယ်များက အဆိုများကို ဖတ်ကြားတင်သွင်း ထောက်ခံ  ဆွေးနွေးကြသည်။ 

ထို့နောက် မကွေးခရိုင် တောင်သူလယ်သမား ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းတင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။ 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သုံးသပ် ဖြည့်စွက်ပြောကြားရာတွင် ယနေ့အဓိက တင်ပြဆွေးနွေးသွားမှုများသည် တောင်သူလယ်သမားများ ဆင်းရဲမှု ခက်ခဲကြုံတွေ့နေရဆဲဖြစ်ကြောင်းနှင့် စိန်ခေါ်မှုများ ကြုံတွေ့နေရဆဲဖြစ်ကြောင်းကို သုံးသပ်တွေ့ရှိရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တောင်သူလယ်သမားဘဝ မြင့်မားတိုးတက်ရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန် တောင်သူလယ်သမားများ ကြုံတွေ့ နေရသည့် လယ်ယာမြေပြဿနာများ ဖြေရှင်းပေးရန် တိုင်းဒေသကြီး အတွင်းတရားဥပဒေစိုးမိုးမှုရှိမှသာ တည်ငြိမ်အေးချမ်းပြီး  ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ တောင်သူလယ်သမားများ အပါအဝင် ပြည်သူများအားလုံးပါဝင်ဆောင်ရွက်ရန်ဆိုသည့် အဓိပ္ပာယ် သက်ရောက်သော အဆိုနှင့် မေးခွန်းများဖြစ်ကြောင်း၊ အဆိုပါ အချက်များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးတိုက်တွန်းခြင်းဖြစ်သည်ဟု ခံယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ယနေ့ တင်ပြဆွေးနွေးခဲ့ကြသည့် တောင်သူလယ်သမားများလူမှုစီးပွား ဘဝမြင့်မားရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊  မြေယာပြဿနာ ဖြေရှင်းပေးရေး  အဆိုများသည် မှန်ကန်ကောင်းမွန်သည့် အဆိုများဖြစ်ကြောင်း၊ လက်ရှိလွှတ်တော်များနှင့် အစိုးရအဖွဲ့များကသာလျှင်  မြေယာ ပြဿနာများကို ဖြေရှင်းဆောင်ရွက် ပေးနိုင်လိမ့်မည်ဟု တင်ပြတိုက်တွန်းမှုများသည်  မှန်ကန်မှုရှိသည့်အတွက် ကြိုဆိုပါကြောင်း၊ ထိုနည်းတူ အောင်မြင်အောင် ဆောင်ရွက်ပေးရမည်ဟု ခံယူပြီး အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း။

၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရအဖွဲ့နှင့် လွှတ်တော်များသည်လေးနှစ်ကာလ ပြည့်မြောက်တော့ မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် လေးနှစ်အတွင်း နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးများကို လွှတ်တော်အသီးသီးနှင့်အတူ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ရှင်းလင်းတင်ပြသွားသကဲ့သို့ အစိုးရသစ် လက်ထက်တွင် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ပေးခဲ့ကြောင်း၊ သို့ရာတွင် ချေးငွေတိုးမြှင့်ပေးရုံနှင့် တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေး မလုံလောက်သေးဟုသုံးသပ်ပြီး ယနေ့တင်ပြချက်များကို ထင်ဟပ်သည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၂ဝ၁၃ခုနှစ် အောက်တိုဘာလ၌ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊  ယင်းဥပဒေ အကျိုးသက်ရောက်မှုရှိပါက ယနေ့ တင်ပြမှုများကို  ရာခိုင်နှုန်းပြည့်မဟုတ်သည့်တိုင် ၉ဝ ရာခိုင်နှုန်းခန့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်  ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေ၏ ရည်ရွယ် ချက်များအရ စိုက်ပျိုးစရိတ်ချေးငွေ ပိုမိုရရှိရေးနှင့် ချေးငွေပြန်ဆပ်ကာလ တိုးမြှင့်ပေးရေး၊ သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံများဆုံးရှုံးမှုဖြစ်ပေါ်ပါက ထောက်ပံ့ငွေပေးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊  နည်းပညာများ ဖြန့်ဖြူးပေးရေး၊  ထွက်ရှိသည့်သီးနှံများ ဈေးနှုန်းတည်ငြိမ်ရေးနှင့်    ထိုက်သင့်သည့် ဈေးနှုန်းသတ်မှတ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းစေရေး၊ ဝိုင်းကြီးချုပ် ငွေချေးသည့်စနစ်မှ  ကိုယ့်တာဝန် ကိုယ်ယူသည့် ငွေချေးစနစ်ဖြစ်ရေး ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း။ 

ယနေ့  တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည့်  တောင်သူလယ် သမားများနှင့် ပြည်သူလူထုအပေါင်းကို ကျေးဇူးတင်ဂုဏ်ပြုပါသည်ဟု ပြောကြားလိုပါကြောင်း၊  အခမ်းအနား ပြီးလျှင်ပြီးရော မဟုတ်ဘဲ ရှေ့လုပ်ငန်း စဉ်များချမှတ်ရန်လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို  ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ပြည်သူအားလုံး ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ဥပဒေပြုရေးတာဝန်များကို အဓိကထမ်းဆောင်လျက်ရှိပြီး မဏ္ဍိုင်(၃)ရပ် အပြန်အလှန် ထိန်းကျောင်းဆောင် ရွက်လျက်ရှိကြောင်း၊   ပြည်ထောင်စု လွှတ်တော်၏ အဓိကတာဝန်မှာ  နိုင်ငံ၏ရငွေ၊ သုံးငွေဆိုင်ရာများကို ကြီးကြပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ လွှတ်တော်များအတွင်း၌ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်း ဆွေးနွေးခြင်း၊  ဥပဒေကြမ်းများရေးဆွဲ ပြဋ္ဌာန်းခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း။ 

ယနေ့တင်ပြ ဆွေးနွေးချက်များသည်အလွန်ပင်အနှစ်သာရရှိပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက်သာမက  နိုင်ငံတော်အတွက် အရေးကြီးသည့် ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်   တရားဥပဒေစိုးမိုးရေး၊  ဖွံ့ဖြိုးတိုးတက်ရေး အဆိုသည်လည်း  ပြည်ထောင်စု လွှတ်တော်အတွင်း ဆောင်ရွက်နေသည့် ကိစ္စဖြစ်၍ ကြိုဆိုပါကြောင်း။ 

နိဂုံးချုပ်အနေဖြင့်   မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့၌ကျင်းပသည့် တွေ့ဆုံပွဲသည် ရည်ရွယ်ချက်ရှိရှိ စေတနာပါပါကျင်းပသည့် အခမ်းအနားဖြစ်ပြီး အဆိုများ၊ မေးခွန်းများသည် နိုင်ငံတော်နှင့်  နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊  တောင်သူလယ်သမားများ ဘဝမြင့်မားရေးနှင့်   လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  ယနေ့ဆွေးနွေးပွဲကြီးက ဖော်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
 
အခမ်းအနားအပြီးတွင် ပြည်ထောင်စု လွှတ်တော်နာယကသည် တက်ရောက်လာကြသော  တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ 

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံတောင်သူ လယ်သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment