Tuesday, December 2, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံ ဟာရယ်ဘုရင်အား ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆို



 
နေပြည်တော် ဒီဇင်ဘာ ၁


မြန်မာနိုင်ငံသို့ရောက်ရှိနေသော နော်ဝေနိုင်ငံ ဟာရယ်ဘုရင်အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဥပစာမြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆိုသည်။

ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နော်ဝေနိုင်ငံ ဟာရယ်ဘုရင်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။

ထို့နောက် နေပြည်တော် အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကင်းထောက်လူငယ် မောင်မယ်များက နှစ်နိုင်ငံအလံငယ်များကိုဝှေ့ယမ်း၍ ဂုဏ်ပြုကြိုဆိုကြရာ နော်ဝေနိုင်ငံဘုရင်ကလည်း ရင်းရင်းနှီးနှီး ပြန်လည်နှုတ်ဆက်သည်။

ဂုဏ်ပြုကြိုဆိုပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား နော်ဝေနိုင်ငံဘုရင်က အတူလိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်သမ္မတကလည်း မြန်မာနိုင်ငံဘက်မှ ကြိုဆိုနှုတ်ဆက်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးဝင်း ထွန်း၊ ဦးဇေယျာအောင်၊ ဒေါက်တာကံဇော်၊ ဦးသန်းဌေး၊ သံအမတ်ကြီး ဦးကျော်စွာမင်းတို့နှင့် ပြန်လည်မိတ်ဆက်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် နော်ဝေနိုင်ငံဘုရင်နှင့်မိဖုရားတို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ သီးသန့် တွေ့ဆုံကြသည်။

ယင်းနောက် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့် နော်ဝေနိုင်ငံ ဘုရင်တို့က နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုအခြေအနေနှင့် ပဋိပက္ခလွန်ကာလ ပြန်လည်ထူထောင်ရေး၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် နော်ဝေနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုအခြေအနေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာပညာတော်သင်များ ပိုမိုလက်ခံနိုင်ရေး၊ စွမ်းအင်ကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေး၊ အာဆီယံ-နော်ဝေ ဆက်ဆံရေး စသည့်အချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ခဲ့ကြသည်။

နှစ်နိုင်ငံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နော်ဝေနိုင်ငံဘုရင်နှင့်အတူ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စအန်းအော်လီစတက်တို့ တက်ရောက်ကြသည်။

ယင်းနောက် နှစ်နိုင်ငံသဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲကို ကျင်းပရာ နိုင်ငံတော်သမ္မတနှင့် နော်ဝေနိုင်ငံဘုရင်တို့၏ရှေ့မှောက်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နော်ဝေနိုင်ငံတို့အကြား ဖွံ့ဖြိုး တိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘော့ဂ်ျဘရန်ဒီတို့က လက်မှတ်ရေးထိုးကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့က နော်ဝေနိုင်ငံ ဘုရင်နှင့်မိဖုရားတို့အား နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ခန်းမဆောင်၌ ဂုဏ်ပြုနေ့လယ်စာ စားပွဲဖြင့်တည်ခင်း ဧည့်ခံခဲ့သည်။

နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် တင်ရှိနေသည့် ကြွေးမြီ ဒေါ်လာ ၅၃၄ သန်းကို ပယ်ဖျက်ပေးခဲ့ပြီး နော်ဝေနိုင်ငံ၏ နိုင်ငံတကာအကူ အညီပေးရေးအစီအစဉ်တွင် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးရန် ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြု အလှူရှင်များအဖွဲ့တွင်ပါဝင်ပြီး အော်စလိုငြိမ်းချမ်းရေးစင်တာနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန် လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ သကဲ့သို့ နော်ဝေကြက်ခြေနီအဖွဲ့နှင့် နော်ဝေ ပြည်သူလူထုအကူအညီပေး ရေးအဖွဲ့တို့ကလည်း စစ်ရှောင်ဒုက္ခသည်စခန်းများကို လည်းကောင်း၊ နော်ဝေဒုက္ခသည် ကောင်စီကလည်း ပဲခူးတိုင်းဒေသကြီးအတွင်း ပြန်လည်နေရာချထားမည့် ကရင်တိုင်းရင်းသားများအတွက် မှတ်ပုံတင်ထုတ်ပေးရေး လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လည်းကောင်း ကူညီဆောင်ရွက်လျက်ရှိသည်။

နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်ထားပြီး အော်စလိုမြို့၌ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း ၂ဝ၁၅ ခုနှစ် နှစ်ဆန်း ပိုင်း၌ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment