Tuesday, December 30, 2014

ကြေးမုံ စာတည်းရှုထောင့်



 

ဘာသာစကားအလေးထား


လွတ်လပ်သည့် နိုင်ငံများတွင် မိခင်ဘာသာစကားကို အဓိက အားထားသုံးစွဲလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးမရမီ ကာလက အမျိုးသားရေးစိတ်ဓာတ်ထက်သန်သော မြန်မာများက ''မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား ''စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။ လက်ရှိတွင်လည်း လူမှုဘဝနယ်ပယ်နှင့် လုပ်ငန်းခွင်တွင် မြန်မာစာ၊ မြန်မာစကားကို အဓိကထားသုံးစွဲကြသည်။

ကိုလိုနီခေတ်ကာလက မျိုးချစ်စိတ်ဓာတ်ကိုအကြောင်းပြု၍ မြန်မာစာ၊ မြန်မာစကားကို အလေးထားဖို့ဆိုခဲ့သော်ငြားလည်း အဆိုပါ မြန်မာများမှာ အင်္ဂလိပ်ဘာသာစကားကို တတ်မြောက်ထားသူများဖြစ်ကြပါသည်။ အဆင့်မြင့် ပညာတတ်မြောက်သူများမှာ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ကြသကဲ့သို့ အလယ်အလတ်အဆင့် အခြေခံပညာ တတ်မြောက်သူများမှာလည်း အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားကို အနည်းနှင့်အများ တတ်မြောက်ကြသည်။

မျက်မှောက်ကာလ လွတ်လပ်သော ကျွန်ုပ်တို့နိုင်ငံအဖို့ နိုင်ငံတကာနှင့် ဆက်ဆံမှုများတိုးမြင့်လာပြီး ပတ်သက်ဆက်နွှယ်မှုများ ရှိလာသောအခါ အင်္ဂလိပ်စာနှင့်ဘာသာစကားတို့၏ အရေးပါပုံကို သိမြင်နားလည်လာကြပြီ။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အင်္ဂလိပ်ဘာသာစကားကို ပိုမိုလေ့လာ အသုံးပြုလာကြသည်။ ယခင်က အင်္ဂလိပ်ဘာသာစကား တတ်မြောက်သူ မြန်မာနိုင်ငံသား နည်းပါးသော်လည်း ယခုအခါ အင်္ဂလိပ်ဘာသာစကား တတ်မြောက်သည့် လူငယ်လူရွယ်များ တိုးပွားလာသည်ကို တွေ့မြင်ရသည်။

အင်္ဂလိပ်ဘာသာကို လေ့လာလိုက်စားအသုံးပြုခြင်းမှာ တိုင်းတစ်ပါးကို အထင်ကြီးလို၍မဟုတ်ဘဲ မြန်မာများလည်း မညံ့ပါဟူသည့် မိမိတို့၏အစွမ်းအစကို တိုင်းတစ်ပါးသားများနှင့်တန်းတူ ဆက်ဆံနိုင်သည့် အရည်အချင်းကို ပြသဖို့ဖြစ်သည်။ မြန်မာအကြောင်း သိစေရန်နှင့် တိုးတက်သောအမြင်များအား ရယူဖို့သာဖြစ်သည်။ ယင်းသည် မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်၏။ တိုင်းတစ်ပါးကို အထင်ကြီးသော၊ လွန်ကဲသော စိတ်ဓာတ်နှင့် တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးမှုကို ပုံတူကူးချသည့် စိတ်ဓာတ်မျိုးမဖြစ်သင့်ချေ။

ထို့ကြောင့် မိမိနိုင်ငံနှင့် မိမိလူမျိုး ကြီးပွားတိုးတက်စေရန်အတွက် နိုင်ငံခြားဘာသာစကားနှင့် နိုင်ငံခြားစာပေတို့ကို လေ့လာလိုက်စားပြီး အသုံးချနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်သင့်ကြပါသည်။ ထိုဘာသာစကားကို လေ့လာလိုက်စားခြင်းသည် တို့နိုင်ငံနှင့်လူမျိုးကို အလေးထားရန်မဟုတ်။ မိမိနိုင်ငံနှင့် မိမိလူမျိုးကို အလုပ်အကျွေးပြုရန်ဖြစ်သည်။ မိမိဘဝတိုးတက်ဖို့ သာဖြစ်သည်ဟု ခံယူထားအပ်သည်။

အင်္ဂလိပ်ဘာသာစကားကို လေ့လာလိုက်စားအသုံးချရာတွင် မြန်မာအချင်းချင်းဆက်ဆံမှုထက် နိုင်ငံခြားသားနှင့် ပြောဆိုဆက်ဆံမှုမှာ ပိုမိုအလုပ်ဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ သင်ကြားမှုနယ်ပယ်နှင့်လုပ်ငန်း ခွင်နယ်ပယ်တို့တွင် ဒုတိယဘာသာစကားအဖြစ် စဉ်ဆက်မပြတ် လေ့လာအသုံးပြုကြမည်ဆိုလျှင် အောင်မြင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ဘာသာစကား၌ ဝါသနာကြီးပြီး ထက်သန်စိတ်ဝင်စားသူများနှင့် အလုပ်သဘောအရ မဖြစ်မနေ ဆောင်ရွက်ရသူများအတွက် အထူးပြုရမည်ဖြစ်သော်လည်း အင်္ဂလိပ်ဘာသာစကားနှင့် အကျွမ်းတဝင် မရှိနိုင်သူများအဖို့ အင်္ဂလိပ်စာပေ ဖတ်ရှုခြင်းအလေ့အထကို တည်ဆောက်နေခြင်းဖြင့် အင်္ဂလိပ်ဘာသာနှင့် ရင်းနှီးမှုကို ရယူနိုင်ပါသည်။

လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံတွင် မိခင်ဘာသာစကားသည်သာ အဓိကဖြစ်ပါသည်။ သို့သော် ပြောင်းလဲတိုးတက်နေသော ခေတ်ကာလတွင် အင်္ဂလိပ်ဘာသာစကားသည်လည်း သူ့နေရာနှင့်သူ လိုအပ်လာပါသည်။ သို့ဖြစ်ရာ အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်တတ်မြောက်ခြင်းမရှိသေးသူများ အနေဖြင့် အင်္ဂလိပ်စာကို နားလည်သလောက်မှအစပြု၍ စတင်လေ့လာ သင့်ပါကြောင်း။ ။

No comments:

Post a Comment