Tuesday, December 30, 2014

စစ်ကိုင်းမြို့တွင် အလှူလှည့်ဆင်ကြီးများငှားရမ်းကာ ရှင်ပြုအလှူပေး

Photo: စစ်ကိုင်းမြို့တွင်  အလှူလှည့်ဆင်ကြီးများငှားရမ်းကာ ရှင်ပြုအလှူပေး

စစ်ကိုင်း       ဒီဇင်ဘာ   ၂၉

ယခုကဲ့သို့ ရာသီဥတုသာယာသည့် အချိန်တွင် စစ်ကိုင်းမြို့နယ်၌   ရက်ကောင်း ရက်မြတ်များကို ရွေးချယ်ကာသားရှင်ပြုအလှူတော်ပွဲများကို ဆင်ကြီးများ၊ ရွှေလှည်းယဉ်၊ ငွေလှည်းယဉ်များ၊ ဒေဝါဝင်း၊ ရာဇာဝင်းများ ခင်းကျင်းကာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။  

ယခုအခါ  သားရှင်ပြုအလှူတော်ပွဲများတွင် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ဆင်ကြီးများကို တစ်ကောင်မှ ငါးကောင်အထိ ငှားရမ်းကာ ရှင်လောင်းလှည့်လည်ကြသည်။ မောင်ရှင်လောင်းများတင်၍  အလှူလှည့်သည့် ဆင်ကြီးတစ်ကောင်လျှင် ငှားရမ်းခ ငွေကျပ် ရှစ်သိန်းခန့်၊ ရွှေလှည်း ယဉ်တစ်စီးလျှင်  ငွေကျပ် သုံးသောင်းခန့်၊ မြင်းတစ်စီးလျှင် ငွေကျပ်  တစ်သောင်းခွဲခန့် အကုန်အကျခံ ငှားရမ်းကြကြောင်း သိရသည်။ ဆင်ကြီးများ၊ မြင်းများ၊ လှည်းယဉ် ကြော့များဖြင့် ဝင်းခင်းကာ လှည့်လည်သည့် မြန်မာ့ရိုးရာသား ရှင်ပြုအလှူပွဲများကို နိုင်ငံခြားသား ခရီးသွားဧည့်သည်များက တအံ့တသြ   ကြည့်ရှုမှတ်တမ်းတင်ကြသည်။

''ဒီနေ့ကတော့ စစ်ကိုင်းမြို့ပေါ်မှာ ဆင်တွေနဲ့အလှူလှည့်ကြတာ အလှူနှစ်ခုတောင်ရှိတယ်။ မကျည်းစင်ရွာက လာလှည့်တဲ့အလှူက ဆင်ငါးကောင် ပါတယ်။ အိုးဖိုရပ်ကွက်က အလှူက ဆင်တစ်ကောင်ပါတယ်။ ဆင်များရှင် ဘုရားကို လာကန်တော့ကြရင်း ဘုရားနားမှာ ဆင်တွေလာဆုံနေတယ်။ စစ်ကိုင်းမှာက တတ်နိုင်တဲ့သူတွေက  ဆင်တွေငှားပြီး အလှူ လှည့်ကြတယ်။ တကယ်ကို ခမ်းခမ်းနားနား  လှူကြတာကို တွေ့ရတယ်။ အလှူတစ်လှူမှာ  ရွှေလှည်းယဉ်အစီး    နှစ်ဆယ်လောက်လည်းပါတယ်။  နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေက အလှူလှည့်ရာ နောက်ကို တကောက်ကောက်လိုက်ပြီး ကြည့်ကြတယ်။ ဓာတ်ပုံရိုက်ကြတယ်။ သားရှင်ပြုပွဲကို တစ်သက်မှတစ်ခါ လှူရတာဆိုပြီး  ငွေသိန်းရာ ကျော် အကုန်ခံပြီးလှူကြတယ်''ဟု စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်မှ ကိုအောင်က ပြောပြသည်။

စစ်ကိုင်းမြို့နယ်သည် ကျောက်စိမ်း ပုတီးလုပ်ငန်းဖြင့်  စီးပွားရေး အဆင်ပြေသူများ ပေါများသဖြင့် သားရှင်ပြုပွဲများကို အပြိုင်အဆိုင်၊ တခမ်းတနား ကျင်းပလျက်ရှိ ကြကြောင်း သိရသည်။ အချို့မှာ မြေယာဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် မြေယာများကို သိန်းထောင်နှင့်ချီ၍  ရောင်းချကြကာ အလှူကြီးများပေးကြသည်။ မြေယာဈေးကောင်းသည့်ကျေးရွာများတွင် တစ်နှစ်လျှင် အလှူပွဲ ၃ဝ ဝန်းကျင် ကျင်းပလေ့ရှိကြောင်း သိရသည်။

(နန္ဒာမင်းလွင်)

No comments:

Post a Comment