Wednesday, December 31, 2014

စီရိုနယ်လ်ဒိုနှင့် အန်ဆယ်လော့တီ ၂ဝ၁၄ တစ်နှစ်တာအကောင်းဆုံးဆုများဆွတ်ခူး

Photo: စီရိုနယ်လ်ဒိုနှင့် အန်ဆယ်လော့တီ ၂ဝ၁၄ တစ်နှစ်တာအကောင်းဆုံးဆုများဆွတ်ခူး

ရီးယဲလ်မက်ဒရစ်    အသင်းမှ တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ကမ္ဘာ လုံးဆိုင်ရာ ဘောလုံးကျွမ်းကျင်သူများ ကို ဆုချီးမြှင့်သည့်The Globe Soccer Award အခမ်းအနားတွင်  ၂ဝ၁၄ ခုနှစ်၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်  အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီသည် လည်း ၂ဝ၁၄ ခုနှစ်၏  တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူး နိုင်ခဲ့သည်။

အဆိုပါဆုပေးပွဲကို ဒူဘိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး  တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည်  ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ခုတည်းတွင် ဂိုးများစွာသွင်းယူ ပေးနိုင်ခဲ့ခြင်းနှင့်အတူ   ရီးယဲလ် မက်ဒရစ်အသင်းကိုလည်း ချန်ပီယံ လိဂ် (၁ဝ)ကြိမ်မြောက်  ချန်ပီယံ အဖြစ်  ဆွတ်ခူးပေးနိုင်ခဲ့ခြင်းတို့ ကြောင့်  ၂ဝ၁၄ ခုနှစ်၏    တစ်နှစ်တာ အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ် သည်။

တိုက်စစ်မှူး  စီရိုနယ်လ်ဒိုသည် ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံးကစား သမားဆုကိုလည်း   ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီ၊   ဘိုင်ယန်မြူးနစ် ဂိုးသမား နျူအာတို့အား ကျော်ဖြတ်ကာ ရယူဆွတ်ခူးနိုင်မည့်   ကစားသမား အဖြစ် ရေပန်းစားနေပြီး ဇန်နဝါရီ ၁၂ တွင် ကြေညာမည့်  အဆိုပါကမ္ဘာ့ အကောင်းဆုံး  ကစားသမားဆုကို လည်း စီရိုနယ်လ်ဒိုအနေဖြင့် မျှော်လင့် ထားကြောင်း ၂ဝ၁၄ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု လက်ခံ ရယူပြီးနောက် ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ပထမရာသီမှာပင်  စပိန်ကိုပါဒယ်ရေး ဖလားကို ဆွတ်ခူးနိုင်ရေး စွမ်းဆောင် ပေးခဲ့သည့်အပြင်   မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်း ကိုလေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ (၁ဝ)ကြိမ်မြောက်ချန်ပီယံလိဂ်ဖလား ကို ရရှိအောင်  စွမ်းဆောင်နိုင်ခဲ့ခြင်း ကြောင့် ၂ဝ၁၄ ခုနှစ်၏   တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုရရှိခဲ့ခြင်း ဖြစ်သည်။

နည်းပြအန်ဆယ်လော့တီသည် အီတလီမြေတွင်  အေစီမီလန်အသင်း၊ အင်္ဂလန်မြေတွင်  ချယ်လ်ဆီးအသင်း၊ ပြင်သစ်မြေတွင်  ပီအက်စ်ဂျီအသင်း စသည့် အသင်းများကို  တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်ကလည်း  ပြည်တွင်း အမှတ်ပေးဖလားများကို ဆွတ်ခူးပေး နိုင်ခဲ့သူဖြစ်သည်။  
(နိုင်လင်းကြည်)

လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်စာမေးပွဲအောင်လက်မှတ်ပေးအပ်

Photo: လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်စာမေးပွဲအောင်လက်မှတ်ပေးအပ်
==================================

နေပြည်တော်  ဒီဇင်ဘာ  ၃ဝ

မြန်မာနိုင်ငံစာရင်းကောင်စီ၏ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင် စာမေးပွဲအောင် လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ပွဲ ကို  ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက  ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး     ရန်ကုန်သင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့   မြန်မာနိုင်ငံ စာရင်းကောင်စီ    ဒုတိယဥက္ကဋ္ဌ၊ ဒုတိယစာရင်းစစ်ချုပ်  ဦးမျိုးမြင့်၊ မြန်မာနိုင်ငံစာရင်း ကောင်စီဝင်များ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်း ကိုင်များအသင်း   အမှုဆောင်များ၊ အလှူရှင်များ၊ သင်တန်းကထိကများ၊ ဆုရရှိသူများနှင့် အောင်လက်မှတ် လက်ခံရယူမည့်သူများ တက်ရောက် ကြသည်။

အစီအစဉ်အရ   မြန်မာနိုင်ငံ စာရင်းကောင်စီ    ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က   အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အသိ ပညာရှင်၊    အတတ်ပညာရှင်များ လိုအပ်မှုကို   တစ်ဖက်တစ်လမ်းမှ ဖြည့်စွမ်းနိုင်ရေးအတွက်  စာရင်း ပညာဆိုင်ရာ    နယ်ပယ်အတွက် မြန်မာနိုင်ငံ  စာရင်းကောင်စီသည်   လက်မှတ်ရ  ပြည်သူ့စာရင်းကိုင်နှင့်   ဒီပလိုမာ စာရင်းကိုင်သင်တန်းများကို စဉ်ဆက်မပြတ်   ဖွင့်လှစ်ပေးနေ ကြောင်း၊ ယနေ့အထိ   လက်မှတ်ရ ပြည်သူ့စာရင်းကိုင် ၂၁၈၉ ဦးနှင့် ဒီပလိုမာစာရင်းကိုင်   ၄၃၄၈ ဦး သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊   စာရင်းပညာအရည်အချင်းတိုးတက် ရန် ဘက်စုံထောင့်စုံမှ   ကြိုးပမ်း ကြရန်လိုအပ်ကြောင်း၊   စာရင်း လုပ်ငန်းနှင့်ပတ်သက်သည့်   ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်၊  ညွှန်ကြားချက်၊  လုပ်ထုံး လုပ်နည်း စသည်များကို အမြဲတစေ လေ့လာမှတ်သားကြပါလို့ တိုက်တွန်း ပြောကြားသည်။

ထို့နောက်  မြန်မာနိုင်ငံစာရင်း ကောင်စီ၊ ဆုနှင့် ပညာရေးရန်ပုံငွေသို့ ကျပ် ၁ဝ၃ သိန်းလှူဒါန်းခဲ့သည့် အလှူရှင်များအား မြန်မာနိုင်ငံစာရင်း ကောင်စီ ဒုတိယဥက္ကဋ္ဌက ဂုဏ်ပြု လက်မှတ်ပေးပြီး မြန်မာနိုင်ငံစာရင်း ကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီ ဝင်များ၊ မြန်မာနိုင်ငံ  လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း အမှု ဆောင်များက စာမေးပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ဘာသာ ရပ်အလိုက် အမှတ်အများဆုံး ရရှိသူ များအား ဆုတံဆိပ်နှင့် ငွေသားဆုငွေ များ၊ ဒုတိယပိုင်း စာမေးပွဲအောင်မြင် သူများအား  အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။(သတင်းစဉ်)

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ပြီး ကျေးလက်လူမှုစီးပွားဘ၀တိုးတက်ရေးဆောင်ရွက်

Photo: ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ပြီး ကျေးလက်လူမှုစီးပွားဘ၀တိုးတက်ရေးဆောင်ရွက်
==========================================

နေပြည်တော်  ဒီဇင်ဘာ  ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်  သပြေစမ်းကျေးရွာ အုပ်စု သပြေစမ်းကျေးရွာအဝင်လမ်း၊ အောင်သီရိကျေးရွာ    အဝင်လမ်း၊ ကတ္တရာလမ်းနှင့်  သတ္တသတ္တာဟ ဘုရား   လမ်းမီးဖွင့်ပွဲအခမ်းအနား များကို ယနေ့နံနက်ပိုင်းက ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့် တက်ရောက်အားပေးပြီး  နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)   တည်ထားကိုး ကွယ်ရေးလုပ်ငန်း    တည်ဆောက် ပြီးစီးမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ပုဗ္ဗသီရိမြို့နယ်   သပြေစမ်း ကျေးရွာအုပ်စု   သပြေစမ်းကျေးရွာ အဝင်လမ်းနှင့် သတ္တသတ္တာဟဘုရား လမ်းမီးဖွင့်ပွဲသို့ရောက်ရှိရာ  နံနက်  ၉ နာရီတွင်    သပြေစမ်းကျေးရွာ အဝင်လမ်း  ကတ္တရာလမ်းသစ်နှင့် သတ္တသတ္တာဟဘုရား လမ်းမီးဖွင့်ပွဲ အထိမ်းအမှတ်မုခ်ဦးကို   နေပြည် တော်ကောင်စီဝင်   ဦးသန်းဌေး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ    တွဲဖက်အတွင်းရေးမှူး ဦးမျိုးအောင်နှင့်   ခရိုင်အုပ်ချုပ်ရေး မှူး ဦးထွန်းဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထိုမှတစ်ဆင့်    ပြည်ထောင်စု ဝန်ကြီးနှင့်   တာဝန်ရှိသူများသည် အောင်သီရိကျေးရွာ   အဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့်   သတ္တ သတ္တာဟဘုရား   လမ်းမီးဖွင့်ပွဲသို့ တက်ရောက်အားပေးကြပြီး  အထိမ်း အမှတ်မုခ်ဦးကို  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဧည့်သည်တော်များက ကတ္တရာ လမ်းသစ်အား   ဖြတ်သန်းကြည့်ရှု ကြသည်။

ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်နှင့် ဧည့်သည် တော်များသည် ကျေးရွာနေပြည်သူ များနှင့်      တွေ့ဆုံပွဲအခမ်းအနား ကို သပြေစမ်းကျေးရွာ၊  ဓမ္မာရုံဝင်း အတွင်း၌    ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက   သပြေစမ်း ကျေးရွာလမ်းအား    ယခုကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပြီး ကျေးရွာနှင့်  သတ္တသတ္တာဟဘုရား လမ်းမီးလင်းရေးဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သပြေစမ်းကျေးရွာ သည်    နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သစ်တောဧရိယာအတွင်းပြန့်ကျဲနေထိုင်လျက်ရှိသော တဲစုများကိုစုစည်း၍    တရားဝင် ကျေးရွာအဖြစ် ဖွဲ့စည်းတည်ထောင် ပေးခဲ့ကြောင်း၊ ဆက်လက်၍ ကျေးရွာ တွင်းလမ်းများ၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးတို့ကို ဆောင် ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

နိုင်ငံတော်သမ္မတကြီး၏  လမ်း ညွှန်ချက်အရ ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့်   ဆင်းရဲနွမ်းပါးမှုလျော့ကျ စေရေးအတွက်  နိုင်ငံတော်အစိုးရ၊ နေပြည်တော်ကောင်စီ၊  အုပ်ချုပ်ရေး အဖွဲ့အစည်း     အဆင့်ဆင့်တို့နှင့် ကျေးရွာအထောက်အကူပြု   ကော် မတီတို့မှ   ကျေးရွာနေပြည်သူများ လူနေမှုဘဝ     မြင့်မားလာစေရေး အတွက် ပညာရေး၊   ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊   သန့်ရှင်း သော သောက်သုံးရေရရှိရေး၊ လျှပ်စစ် မီးလင်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများကိုအပြောဖြင့်မဟုတ် ဘဲ လက်တွေ့အလုပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိရာ ပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ပြီး ကျေးလက်လူမှု စီးပွားဘဝ တိုးတက်စေရေး ဆောင်ရွက်ကြစေ လိုကြောင်းစသည်ဖြင့် မှာကြားသည်။

ယင်းနောက်  ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ကျေးရွာအထောက်အကူပြု ကော်မတီအဖွဲ့ဝင်ဦးနန္ဒက ကျေးဇူး တင်စကား   ပြန်လည်ပြောကြားပြီး သပြေစမ်းကျေးရွာ     ရပ်မိရပ်ဖ ဦးထွန်းရှိန်က    ကျေးရွာအတွက် လိုအပ်ချက်များကိုတင်ပြရာ    ပြည် ထောင်စုဝန်ကြီးက    သက်ဆိုင်ရာ ဌာနများနှင့်  ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ယနေ့ဖွင့်လှစ်သည့်  သပြေစမ်း ကျေးရွာအဝင်လမ်း ကတ္တရာလမ်း သစ်သည် အရှည် ပေ၄၇၇ဝ၊ အကျယ် ၁၂ ပေနှင့်    အောင်သီရိကျေးရွာ အဝင်လမ်းသည် အရှည် ပေ၂၃ဝဝ၊  အကျယ် ၁၂ ပေရှိသဖြင့် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်သွားလာနိုင် ပြီဖြစ်ကြောင်း၊     သတ္တသတ္တာဟ ဘုရားလမ်းတွင် 6 Meter GI Pole Single Arm,  90 Watt LED Lamp  လမ်းမီးတိုင်  ၁၃၆     တိုင် ကို   ဆောင်ရွက်ပေးနိုင်ခြင်းအတွက် ကျေးရွာများမှ    ဘုရားသွားလမ်း တစ်လျှောက် နေ့၊ ညချိန်ခါမရွေးသွား လာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့်    ပြည်ထောင်စု ဝန်ကြီးနှင့်    တာဝန်ရှိသူများသည် နေပြည်တော်တွင်   တည်ဆောက် လျက်ရှိသော    သံဝေဇနိယလေး ဌာနအနက်မှ မြတ်စွာဘုရားလောင်း ဖွားမြင်တော်မူရာ   လုမ္ဗိနီဥယျာဉ် တော်တည်ဆောက်ပြီးစီးမှု  အခြေ အနေများကို ကြည့်ရှုစစ်ဆေးဖူးမြော် ကာ    အများပြည်သူများ ကြည်ညိုနိုင် ရေး  လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် တည်ဆောက်လျက်ရှိသော မြတ်စွာဘုရား   တရားဦးဟောတော် မူရာ    ဣသိပတနမိဂဒါဝုန်တော တွင်    ဆောင်ရွက်ပြီးစီးပြီဖြစ်သည့် အသောကကျောက်တိုင်၊     ဓမ္မာ ရာဇိကစေတီတော်တို့ကို  ကြည့်ရှုပြီး နန္ဒိယကျောင်းတော်ရှိ ပဉ္စဝဂ္ဂီငါးပါး အား ဓမ္မစကြာတရားဦးဟောတော်မူ ဟန်ရုပ်ပွားတော်ကို ကြည့်ရှုကြသည်။ 

ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးသည်   ယခင်ကုသိနာရုံပြည်၊ မလ္လတိုင်း၊ မဇ္ဈိမဒေသ၊ ယခု-ဥတ္တရ ပရာဒေ့ရ်ပြည်နယ်၊    အိန္ဒိယနိုင်ငံ၊ မြတ်စွာဘုရား    မဟာပရိနိဗ္ဗာန် စံဝင်တော်မူရာ    အင်ကြင်းတော၌ တည်ထားသည့်   ကုသိနာရုံစေတီ တော်အတွင်းရှိ    မဟာပရိနိဗ္ဗာန လျောင်းတော်မူရုပ်ပွားတော်ကြီးနှင့် ပုံစံတူစကျင်ကျောက်ဖြင့်    ထုလုပ် ပြီးစီးပြီဖြစ်သည့်    မဟာပရိနိဗ္ဗာန လျောင်းတော်မူ   ရုပ်ပွားတော်မြတ် ကြီးကိုကြည်ညိုခဲ့ကာ   အင်ကြင်း တောစိုက်ပျိုးထားရှိမှုများ   ရှင်သန် ဖြစ်ထွန်းအောင်   တာဝန်ရှိသူများ အား မှာကြားခဲ့ကြောင်း  သတင်းရရှိ သည်။               (မြန်မာ့အလင်း)

လူကုန်ကူးမှုတားဆီး ကာကွယ်ရေး စစ်ဆင်ရေးအသွင် တိုးတက်ဆောင်ရွက်လျက်ရှိ

Photo: လူကုန်ကူးမှုတားဆီး ကာကွယ်ရေး စစ်ဆင်ရေးအသွင် တိုးတက်ဆောင်ရွက်လျက်ရှိ
==================================

ဘားအံ ဒီဇင်ဘာ ၃ဝ

လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂ဝ၁၄)ကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ လူကုန်ကူး မှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို တက်ရောက် အမှာစကားပြောကြားပြီး ဗဟိုအဖွဲ့ ဝင်များဖြစ်ကြသော ဒုတိယဝန်ကြီး များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ UN နှင့်INGO အဖွဲ့များ၊ ဂီတ၊ သဘင်တို့မှ တာဝန်ရှိသူများ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူသည့် ယခုနှစ် ဇွန်လအတွင်းတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်းနှင့် ဒေသတွင်းလုပ်ငန်း စီမံချက်(Regional Plan of Action) မူကြမ်းများရေးဆွဲသည့် အစည်း အဝေးကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပါကြောင်း၊ ထို့ပြင်US-ASEAN လူကုန်ကူးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအနေဖြင့် Annual Trafficking in Persons Report(Tip Report)နှင့် သက် ဆိုင်သော အစည်းအဝေးကိုလည်း အိမ်ရှင်အဖြစ်အောက်တိုဘာလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၅ လုပ်ငန်းစီမံချက်မူကြမ်း လျာထားမှုများကို ဒီဇင်ဘာ ၉ ရက် နှင့် ၁ဝ ရက်တို့တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးဆောင်ပြီး COMMIT Task Force Meeting ကို ကျင်းပခဲ့ပြီး ဖြစ် ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူကုန်ကူးမှု တိုက်ဖျက်ရာတွင် ကြိုတင်ကာကွယ် ရေး (Prevention) ကဏ္ဍသည် အရေး ကြီးသော ကဏ္ဍဖြစ်သည့်အတွက် အသိပညာပေးမှု လုပ်ငန်းများကို မီဒီယာ၊ လူမှုအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နေသကဲ့သို့ အနုပညာရှင်များ၊ သဘင်အစည်း အရုံးတို့နှင့်လည်း ပူးပေါင်းကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ ကြိုတင်ကာကွယ်ရေး ကဏ္ဍအတွက် ရပ်/ကျေးအခြေပြု စောင့်ကြည့်အဖွဲ့ (Community Watch Group) များ၏စွမ်းရည်မြှင့် တင်ပေးရေးကဏ္ဍကိုလည်း လူကုန် ကူးမှုတားဆီးကာကွယ်ရေးနှင့်လူကုန် ကူးခံရသူများအား အကာအကွယ်ပေး ရေးလုပ်ငန်းအဖွဲ့မှ အထူးအလေးထား ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါ ကြောင်း၊ ထို့အပြင် တရားစွဲဆို ရေးကဏ္ဍအနေဖြင့် ပြစ်မှုဆိုင်ရာ တရားစီရင်ရေးနှင့်ပတ်သက်သည့် National Workshop နှင့် ထိုင်း-မြန်မာ ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဒုတိယအကြိမ်အစည်းအဝေး ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ၂ဝဝ၅ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ပြန်လည်သုံးသပ်ရေးဆွဲနိုင် ရန်အတွက် ဥပဒေရေးရာနှင့် တရား စွဲဆိုရေးလုပ်ငန်းအဖွဲ့မှ ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့်အတူ Time Frame သတ်မှတ်ကာ အမြန်ဆုံး ရေးဆွဲရန် လိုအပ်ပါကြောင်း၊ သြစတြေးလျ-အာရှ လူကုန်ကူးမှုတိုက် ဖျက်ရေးစီမံကိန်း AAPTIP အဖွဲ့နှင့် အတူUS-Myanmar Joint Plan ကို အကောင်အထည်ဖော်မည့်Wamart Group၊ အခြားHuman Trafficking Working Group တို့မှS Law Review ပြုလုပ်ရာတွင်လည်း နည်းပညာပိုင်း ဆိုင်ရာ အကူအညီပေးကြမည်ဖြစ် သည့်အတွက် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့် ကြိုဆိုပါကြောင်း၊ လူကုန်ကူးခံရသူ များအား ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍတွင် လူကုန်ကူးခံရသူများကို အကာအကွယ်ပေးနိုင်ရန် လူကုန် ကူးမှုအဖြစ်များသည့် မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့တွင် ဒီဇင်ဘာ ၁၉ ရက်က ဂျပန်နိုင်ငံအစိုးရ အကူအညီ ဖြင့် လူကုန်ကူးခံရသူများအတွက် စောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ် ခဲ့ပြီးဖြစ်ပါကြောင်း။

၂ဝ၁၄ ခုနှစ် ဇွန် ၂ဝ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်အစိုးရ၏(၁၄) ကြိမ်မြောက် TIP အစီရင်ခံ စာမှာ အကြံပြုချက် ၁၃ ချက် ထုတ် ပြန်ခဲ့ပါကြောင်း၊ ယခုအချိန်သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန မှ နှစ်စဉ် လူကုန်ကူးမှုတိုက်ဖျက် ရေးဆိုင်ရာ အစီရင်ခံစာထုတ်ပြန် နိုင်ရေးအတွက် သတင်းအချက် အလက်များ စုဆောင်းနေသော ကာလဖြစ်သည့်အတွက် လာမည့်နှစ် ဖေဖော်ဝါရီလအထိ ထင်သာ မြင်သာရှိသည့် လုပ်ဆောင်မှုများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရ မည့်ကာလလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံး လူကုန်ကူးမှု တိုက် ဖျက်ရေးဆောင်ရွက်မှုများကို စစ်ဆင် ရေးအသွင် တိုးတက်ဆောင်ရွက်ချက် များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှ စီမံချက်ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့်လူကုန်ကူးခံရသူများ အား အကာအကွယ်ပေးရေးလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ လူကုန်ကူးခံရသူ များအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင် နှင့်ဥပဒေရေးရာနှင့် တရားစွဲဆိုရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက် ချက်များကိုလည်းကောင်း၊ လူကုန်ကူး မှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ရဲချုပ်ဇော်ဝင်းက မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာကြ သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ UN နှင့်INGO အဖွဲ့ များ၊ ဂီတ၊ သဘင်တို့မှ တာဝန်ရှိသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် ၂ဝ၁၄ ခုနှစ်အတွင်း ဆောင်ရွက်ပြီးမှု အခြေအနေများနှင့် ၂ဝ၁၅ ခုနှစ်တွင် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

အမေရိကန်ဦးဆောင်သော နေတိုးတပ်များအပေါ် အနိုင်ရကြောင်း တာလီဘန်တိုက်ခိုက်ရေးသမားများ ကြေညာ

Photo: အမေရိကန်ဦးဆောင်သော နေတိုးတပ်များအပေါ် အနိုင်ရကြောင်း တာလီဘန်တိုက်ခိုက်ရေးသမားများ  ကြေညာ
=========================================

ကဘူးလ်  ဒီဇင်ဘာ  ၃ဝ

ညွန့်ပေါင်းအဖွဲ့၏    စစ်ရေး တာဝန်  တရားဝင်အဆုံးသတ်ခဲ့ပြီး တစ်ရက်အကြာ  အာဖဂန်နစ္စတန် နိုင်ငံရှိ   တာလီဘန်တိုက်ခိုက်ရေး သမားများက    အမေရိကန်နှင့် မဟာမိတ်တို့ကို အောင်နိုင်ခဲ့ကြောင်း ကြေညာလိုက်သည်။

အမေရိကန်   ဦးဆောင်သော တပ်ဖွဲ့ဝင်များသည်   အောင်မြင်မှု တစ်စုံတစ်ရာ မရရှိဘဲ အဆုံးသတ် သွားခဲ့ကြောင်း  တာလီဘန်အဖွဲ့၏ ကြေညာချက်၌ ဖော်ပြသည်။ နေတိုး အဖွဲ့အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ ၌ ၁၃ နှစ်ကြာ စစ်ရေးတာဝန်မှာ တနင်္ဂနွေနေ့၌   အဆုံးသတ်ခဲ့သော် လည်း   တပ်ဖွဲ့ဝင်  ၁၃ဝဝသည် အာဖဂန်တပ်ဖွဲ့ကို လေ့ကျင့်သင်တန်း ပေးရန် ဆက်လက်ရှိနေဦးမည် ဖြစ် သည်။

ထိုအတောအတွင်း   အာဖဂန် တပ်ဖွဲ့ဝင်လေးဦး ဟယ်မန့်ပြည်နယ် ၌    တနင်္လာနေ့က   တာလီဘန် တိုက်ခိုက်မှုအတွင်း  သေဆုံးခဲ့သည် ဟု တာဝန်ရှိသူများကပြောသည်။ ဆန့်ဂျင်ခရိုင်  စစ်ဘက်စစ်ဆေးရေး ဂိတ်၌  တိုက်ခိုက်မှုအတွင်း အခြား တပ်ဖွဲ့ဝင်သုံးဦး   ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား  ရှစ်ဦးလည်း သေဆုံးခဲ့သည်။

ယခုနှစ်သည် အာဖဂန်၌ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း   သေပျောက်မှု အများဆုံးဖြစ်ပြီး  အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် ၄၆ဝဝ သေဆုံးခဲ့ရသည်။ ၂ဝဝ၁ ခုနှစ်  နေတိုးစစ်ရေးတာဝန် စတင်ချိန်မှစ၍ အာဖဂန်၌ နိုင်ငံခြား တပ်ဖွဲ့ဝင် ၃၅ဝဝ နီးပါး သေဆုံးခဲ့ရာ တွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၂ဝဝ ပါဝင်သည်။                (ဘီဘီစီ)

အီရန်နိုင်ငံသည်ဖက်စပ်ရေနံတွင်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်စေရေး အတွက်ဒေါ်လာ ၁၅ ဒသမ ၂ ဘီလီယံ ခွဲဝေချထား

Photo: အီရန်နိုင်ငံသည်ဖက်စပ်ရေနံတွင်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်စေရေး အတွက်ဒေါ်လာ ၁၅ ဒသမ ၂ ဘီလီယံ ခွဲဝေချထား
=======================================

တီဟီရန်  ဒီဇင်ဘာ  ၃ဝ

အီရန်နိုင်ငံသည် ရေနံထုတ်လုပ် မှုမြှင့်တင်ရန်အတွက် ¤င်း၏အိမ်နီး ချင်းဖြစ်သော    အီရတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်ရန်    အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂  ဘီလီယံ ခွဲဝေ ချထားပေးခဲ့သည်။

အီရန်နိုင်ငံ အနောက်တောင်ပိုင်း ကရုန်းဒေသ   အနောက်ဘက်တွင် ရှိသော ဖက်စပ်ရေနံတွင်းများ ပိုမိုတိုး မြှင့်ထုတ်လုပ်နိုင်စေရေး အစီအစဉ် သည်  တစ်နေ့လျှင်  ရေနံစိမ်းစည် ပေါင်း ၅၅ဝဝဝဝ တိုးမြှင့်ထုတ်လုပ်ရန် ရည်ရွယ်ထား သည်။

ဤရေနံတွင်းများ     ဖွံ့ဖြိုးရေး အစီအစဉ်ကို  လေးနှစ်တာကာလ အတွင်း  အကောင်အထည်ဖော်မည် ဖြစ်သည်။

အီရန်နိုင်ငံ   စွမ်းအင်ဝန်ကြီး ဘိုင်ကျန်နန်ဒါဇန်ဂါနဒ့်က    ဤ စီမံကိန်းသည်  ၄င်းတို့ဝန်ကြီးဌာန၏ အကြီးမားဆုံးသော စီမံကိန်းကြီးတစ်ခု ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကြီးမှသည် နိုင်ငံ၏ ရေနံထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ကြောင်းပြောခဲ့ သည်။

အီရန်နိုင်ငံနှင့်    အီရတ်နိုင်ငံ တို့တွင် ဖက်စပ်ရေနံတွင်း ၂၃ တွင်း ရှိပြီး ၄င်းတို့ကို ရေနံရှာဖွေရေး၊  ထုတ်လုပ်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး ဟူ၍ အပိုင်းများ ခွဲထားသည်။ အီရန် နိုင်ငံ၏ စုစုပေါင်း အရန်ရေနံပမာဏ သည် စည်သန်းပေါင်း ၅၆ဝ ဘီလီယံ ထက် ကျော်လွန်သည်ဟု ခန့်မှန်းထား သည်။   
            (ပရက်စ်တီဗွီ)

နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးတည်ဆောက်နေလူမှုအဖွဲ့အစည်းများသည် နိုင်ငံတော်အကျိုး ဆောင်ရွက်နိုင်သည့်အဖွဲ့များဖြစ်

Photo: နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးတည်ဆောက်နေလူမှုအဖွဲ့အစည်းများသည် နိုင်ငံတော်အကျိုး ဆောင်ရွက်နိုင်သည့်အဖွဲ့များဖြစ်
========================================

ရန်ကုန်     ဒီဇင်ဘာ    ၃ဝ

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအဖွဲ့ အစည်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမည်ဖြစ်ပြီး ပွင့်လင်း မြင်သာမှုရှိမှသာ  ဒီမိုကရေစီအနှစ်သာရှိမည်ဖြစ်ကြောင်း ဖြင့် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခံခန်းမကြီး၌ ကျင်းပ သည့် ရန်ကုန်မြို့မှ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ အခမ်းအနား၌ ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊  ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊  ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်  အထူးကိစ္စရပ်များ  လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များ၊  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူပြု ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူလူထုနှင့်အစိုးရ ကြား ပေါင်းကူးဆက်သွယ်ပေးပြီး နိုင်ငံတော်အကျိုး ဖော်ဆောင်ပေးမည့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီး  ခေတ်မီဖွံ့ဖြိုးတိုးတက်သော  နိုင်ငံတော် ဖြစ်ပေါ်လာရေး တည်ဆောက်နေခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ၌ ဒီမိုကရေစီစနစ်နှင့်အညီ လူမှု အဖွဲ့အစည်းများသည် နေရာရရှိပြီး နိုင်ငံတော်အကျိုး၊ ဒေသအကျိုးဆောင်ရွက်နိုင်သည့် အဖွဲ့များဖြစ်ပါကြောင်း။

အလျဉ်းသင့်၍ လွှတ်တော်များ၏တာဝန်နှင့် ဆောင် ရွက်ချက်ကို တင်ပြလိုပါကြောင်း၊ လွှတ်တော်များသည် ဥပဒေများ အတည်ပြုပြဋ္ဌာန်းခြင်း၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်  တရားစီရင်ရေးမဏ္ဍိုင်ဆိုသည့် မဏ္ဍိုင်ကြီး(၃) ရပ်အတွင်း ဆောင်ရွက်ချက်များအပေါ် အပြန်အလှန်ညှိနှိုင်းထိန်းကျောင်းခြင်း၊  နိုင်ငံတော်၏  အရအသုံးဘတ်ဂျက်ကို စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက် ရပါကြောင်း၊ လွှတ်တော်ကချမှတ်ထားသော ''ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်'' ဆောင်ပုဒ် သည် လွှတ်တော်၏ မူဝါဒပင်ဖြစ်ကြောင်း၊ လွှတ်တော်၏မူဝါဒနှင့်အညီ နည်းလမ်း(၃)ခုဖြစ်သည့် ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေးအတွက် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းဆွေးနွေးဆုံးဖြတ်ခြင်း၊ ဥပဒေရေးဆွဲပြဋ္ဌာန်းခြင်းများ   ဆောင်ရွက်လျက်ရှိပါ ကြောင်း။

ယင်းလုပ်ငန်းများ ဆောင်ရွက်သည့်နည်းတူ လွှတ်တော် အတွင်း၌ ဦးစားပေးလုပ်ငန်းများအဖြစ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပြုရေးလုပ်ငန်းသည် လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည်နှင့်အညီ ဥပဒေ များပြဋ္ဌာန်းရာ၌  ပြည်သူများ၏ အကျိုးစီးပွားမြှင့်တင် နိုင်ရေးနှင့် ပြည်သူများလိုက်နာနိုင်သော ဥပဒေဖြစ်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော် များကို ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၍ ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းစေသော ဥပဒေ များကိုသာ ပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း။

လွှတ်တော်ရပ်နားထားစဉ်ကာလအတွင်း    တိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်၍ ပြည်သူများ နှင့် တိုက်ရိုက်တွေ့ဆုံပြီး ပြည်သူ့အသံများကို နားထောင် ကာ လွှတ်တော်အတွင်းသို့ သယ်ဆောင်၍ အဆိုများ၊ ဥပဒေများဖြစ်ပေါ်လာသည်အထိ လုပ်ဆောင်လျက်ရှိပါ ကြောင်း၊ ပြည်သူ့အကျိုးစီးပွားကို အဓိကထားဆောင်ရွက် ပေးကြမည့် လူမှုအဖွဲ့အစည်းများအနေဖြင့် ပြည်သူနှင့် အစိုးရကြား အဆင်ပြေချောမွေ့အောင် ပြည်သူ့အကျိုး အတွက်  ဆောင်ရွက်သင့်သည်  လုပ်ငန်းများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။ 

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံ သဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်တို့မှ ကိုယ်စားလှယ်များက နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူ များ၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ယနေ့တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှု အဖွဲ့အစည်းအားလုံးနီးပါးကို ဖိတ်ကြားပြီး ဆွေးနွေးခြင်း ဖြစ်သကဲ့သို့ တင်ပြကြသည့် အချက်အလက်များသည် လည်း   တိုင်းဒေသကြီးအတွင်း  လိုအပ်ချက်များနှင့် ဆက်လက်လုပ်ဆောင်သွားရမည့်လုပ်ငန်းများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ တင်ပြချက်များအနက် ပြည်ထောင်စု အဆင့်က ဆောင်ရွက်ရမည့်လုပ်ငန်းများ ပါဝင်သကဲ့သို့ အချို့ တင်ပြချက်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ဆောင်ရမည့်အပိုင်းဟူ၍ တွေ့ရှိရပါကြောင်း။ 

ကျေးရွာချင်းဆက်လမ်းကဲ့သို့သော ဒေသဖွံ့ဖြိုးရေး တင်ပြချက်များသည်    တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ကျူးကျော် အိမ်ရာများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အချိန်အခါအလိုက် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ    ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ လုပ်ဆောင်ရာတွင်လည်း လုပ်၍ရသည့် အပိုင်းရှိသကဲ့သို့ လုပ်၍မရသည်များလည်း ရှိပါကြောင်း၊ အချိန်အခါတစ်ခုကို  စောင့်ဆိုင်းပြီး  အချို့ကိစ္စရပ်များ သည် ညှိနှိုင်းဆောင်ရွက်ရသကဲ့သို့ အချို့ညှိနှိုင်း၍မရသည့် ကိစ္စများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရပါကြောင်း။ 

တိုင်းဒေသကြီးအတွင်း   တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် သတ်မှတ်ပြဋ္ဌာန်းထား သည့် ဥပဒေများနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆောင် ရွက်နေပါကြောင်း၊ ယနေ့ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်က ဆောင်ရွက်ရမည့်ကိစ္စများကို ထုတ်နုတ်၍ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများတွင်လည်း ကိုယ်စားလှယ်များ၏  တင်ပြချက်များအပေါ် အစည်း အဝေးကာလအတွင်း ဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက်ပေးပြီး အချို့ကိစ္စရပ်များကို အစည်းအဝေး ပြီးသည်နှင့်  ဆက်လက်ဆောင်ရွက်ပေးနေပါကြောင်း၊ သို့သော်လည်း  ပြည်ထောင်စုအဆင့်သို့  တင်ပြရမည့် လုပ်ငန်းများဆိုလျှင် အချိန်ကာလတစ်ခု စောင့်ဆိုင်းရ မည်ဖြစ်ကြောင်း၊ ရရှိသည့် ဘတ်ဂျက်အပေါ်မူတည်ပြီး ဆောင်ရွက်ရခြင်းဖြစ်၍ ချက်ချင်းလုပ်ဆောင်၍ မရနိုင်ပါ ကြောင်း၊ ယနေ့ တင်ပြချက်များကို မှတ်သားကာ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။ 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင် ဝင်းက မိမိတို့လွှတ်တော်အပိုင်းနှင့်ပတ်သက်၍ လွှတ်တော် ခေါ်ယူကျင်းပရခြင်းကိစ္စရပ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေအရ လွှတ်တော်ပုံမှန် အစည်းအဝေး တစ်ခုနှင့်တစ်ခုအကြား (၆)လထက် မပို ရပါကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌသည် အထူးအစည်းအဝေး နှင့် အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ပါ ကြောင်း၊  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ   လွှတ်တော် အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေးကို အကြောင်းကြားပြီး အထူးအစည်းအဝေးနှင့် အရေးပေါ် အစည်းအဝေးကျင်းပရပါကြောင်း၊ တိုင်းဒေသကြီး လူထု အကျိုးအတွက် အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စများ တွင် အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေး ကို ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း။

မိမိတို့ လွှတ်တော်ကို ပြည်သူများက တိုင်ကြားစာများ ပေးပို့ခြင်းရှိပါကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် တိုင်ကြားစာ အစောင် ၅ဝ ခန့်၊ ၂ဝ၁၂ ခုနှစ်တွင် အစောင် ၁၅ဝ ခန့်၊ ၂ဝ၁၃ ခုနှစ်တွင် အစောင် ၅ဝဝ ကျော်၊ ယခု ၂ဝ၁၄ ခုနှစ်တွင် အစောင် ၅ဝဝ နီးပါးရှိပါကြောင်း၊ ၎င်းး တိုင်ကြားစာများကို သက်ဆိုင်ရာကော်မတီများသို့ ပေးပို့ ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေအရ  အုပ်ချုပ်မှုနှင့် ဆိုင်သည့်ကိစ္စများကို အစိုးရအဖွဲ့သို့ပေးပို့ပြီး တရားရေး နှင့်ဆိုင်သည့် ကိစ္စများကို တိုင်းဒေသကြီး တရားလွှတ်တော် ချုပ်သို့  ပေးပို့ပါကြောင်း၊ ၎င်းတို့ထံမှ ပြန်ကြားချက်များ ကို သက်ဆိုင်ရာတိုင်ကြားသူ ပြည်သူများထံ ပြန်လည် ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း။

လွှတ်တော်ကော်မတီများ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့၏  တောင်းဆိုချက်အရ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးတွင် အကြံပြုချက်များပေးပါရန် တောင်းဆိုခဲ့ပါကြောင်း၊ ကိုယ်စားလှယ်များ၏ အကြံပြု ချက်များကိုစုစည်းပြီး    မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့သို့ ပေးပို့သကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း ဆွေးနွေးပွဲ ပြုလုပ်ပါကြောင်း၊ မိမိတင်ပြခဲ့သည့် လွှတ်တော်ကျင်းပ ရေးဆိုင်ရာကိစ္စနှင့် လွှတ်တော်ကော်မတီများဖွဲ့စည်းခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ပြင်ဆင်ချက်များပေးပို့ခြင်း မရှိ ခဲ့ပါကြောင်းဖြင့် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယက က ခြုံငုံသုံးသပ်ဆွေးနွေးပြောကြားရာတွင် ယနေ့ တင်ပြချက်များကို ပြန်လည်သုံးသပ်ရာ၌ အချို့ကိစ္စများ သည် အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့များက ဆောင် ရွက်ရမည်ဖြစ်ပြီး အချို့ကိစ္စများသည် လွှတ်တော်များ အပိုင်းက ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး အပိုင်းက ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များသည် ထုတ် ပြန်ထားသော   ဥပဒေများအရ  ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊  ဥပဒေပြုရန်လိုအပ်သည့် ကိစ္စရပ်များကို တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် တို့က လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။

ယခု     လွှတ်တော်သက်တမ်း   လေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်တွင်   ဥပဒေပေါင်း  ၁၂၆  ခု ပြင်ဆင်ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ဆွေးနွေးဆဲ ဥပဒေကြမ်း ၄ဝ ခန့်ရှိကြောင်း၊ ဥပဒေများပြဋ္ဌာန်းရာတွင် ပြည်ထောင်စုအဖွဲ့အစည်းဝင်များနှင့် လွှတ်တော်ကိုယ်စား လှယ်များက ဥပဒေကြမ်းကို တင်သွင်းခွင့်ရှိကြောင်း၊ ဥပဒေကြမ်းများအပေါ်  စိတ်ဝင်စားသည့်  မည်သည့် နိုင်ငံသားမဆို    ပါဝင်ဆွေးနွေးအကြံပြုနိုင်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေများ သည် တရားမျှတမှုရှိပြီး အများလိုက်နာနိုင်သော ဥပဒေ များဖြစ်ရန်လိုကြောင်း၊  ထို့ပြင်  အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၊ Treaty များနှင့်လည်း ကိုက်ညီရန်လိုကြောင်း၊ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ပေးရန် လိုအပ်ပါက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်တွင် တည်ဆဲဥပဒေများနှင့်ပြဋ္ဌာန်းပြီး ဥပဒေ များကို လိုအပ်ပါက ပြန်လည်ပြင်ဆင်ပေးသည့်သာဓကများရှိပါကြောင်း။

ယနေ့ခေတ်သည် ဒီမိုကရေစီစနစ်ဖြစ်သည်နှင့်အညီ ပြည်သူများ၏ အလိုကျသက်ဆိုင်ရာအဖွဲ့အစည်းများက အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်များက ပြည်သူ့ဆန္ဒ သဘောထားများနှင့်အညီ ပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့်ဥပဒေများ ပြဋ္ဌာန်းပေးရန်ဖြစ်ပြီး ယင်း ဥပဒေများနှင့်အညီ အုပ်ချုပ်ရန်လိုကြောင်း၊ လွှတ်တော် သည် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး အပြန်အလှန်ထိန်းကျောင်းခြင်းများ ဆောင်ရွက်ရပါ ကြောင်း၊ လွှတ်တော်၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်း အုပ်ချုပ်ရေးအဖွဲ့များ၊ တရားရေးအဖွဲ့များက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီ၊ မညီ၊ ပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းခြင်း ရှိ၊ မရှိ တို့ကို ပြန်လည်ထောက်ပြရန် လိုကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များ အနေဖြင့် ဥပဒေပြုရေးတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဥပဒေများ ပြဋ္ဌာန်းရာတွင်  ပိုမိုမြန်ဆန်လွယ်ကူလာမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် လွှတ်တော်အတွေ့အကြုံ အားနည်း ပြီး မိမိအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ အပိုင်းက လည်း  လွှတ်တော်အတွေ့အကြုံ  နည်းကြပါကြောင်း၊ လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက်လာပြီးနောက်ပိုင်း ယခင် ပြဋ္ဌာန်းထားသည့်ဥပဒေများကို ခေတ်စနစ်နှင့် ညီညွတ် အောင် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲခြင်းများ ဆောင် ရွက်ခဲ့ရပါကြောင်း၊  ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေမှုရှိသည့် ဥပဒေများ ရှိရန် လိုပါကြောင်း၊ မိမိတို့နိုင်ငံကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မည်ဆိုလျှင် တည်ဆဲဥပဒေများကို ပြုပြင် ပြောင်းလဲရန် လိုအပ်ပြီး ပြဋ္ဌာန်းပြီးဥပဒေများ အသက် ဝင်လာအောင်   နည်းဥပဒေစည်းမျဉ်း၊ စည်းကမ်းများ လိုအပ်မည်ဖြစ်ကြောင်း။

နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွား ရေးစနစ်ကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်ကြီး ဖြစ်ထွန်းလာရေးအတွက် နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက် တွန်းပါကြောင်းဖြင့် ပြောကြားသည်။ 

တွေ့ဆုံပွဲအပြီးတွင်    ပြည်ထောင်စုလွှတ်တော် နာယကသည် တက်ရောက်လာကြသော လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။                       (သတင်းစဉ်)

31.12.2014 မြန်မာ့အလင်းကာတွန်း

လွတ်လပ်ရေးကို အစဉ်ထိန်းသိမ်းကာကွယ်

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

ဇန်နဝါရီလ ၄ ရက်နေ့သည်ကား ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ရောက်တိုင်း မြို့ရွာအနှံ့ လွတ်လပ်နေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ၊ အားကစားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပလေ့ရှိပါသည်။ မြန်မာပြည်သူ တစ်ရပ်လုံးလွတ်လပ်ရေးကို အမှတ်တရဖြစ်စေပြီး လွတ်လပ်ရေး ထိန်းသိမ်းမှု အဓွန့်ရှည်စေရေး ဤသို့အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းဖြစ်ပါသည်။

အထူးသဖြင့် အားကစားပြိုင်ပွဲများ မြို့ရွာအနှံ့ကျင်းပကြလေ့ရှိပါသည်။ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပြေးပွဲပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးခတ်ပွဲ စသောအားကစားနည်းများ အဓိကအားဖြင့် ကစားကြလေ့ရှိပါသည်။ ကျောင်းများနှင့်ရပ်ကွက်လမ်းများ၌လည်း အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကစားကြလေ့ရှိပါသည်။ ဤသို့ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကလေး၊ လူကြီးအားလုံး စိတ်လက်ပျော်ရွှင် ချမ်းမြေ့မှုကို ရရှိစေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

သို့သော် ဤသို့ပျော်ရွှင်စေရုံသက်သက်ဖြင့်မပြီးပါ။ ဤသို့ ပျော်ပျော်ရွှင်ရွှင်၊ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ခြင်းသည် လွတ်လပ်ရေး၏ အကျိုးကျေးဇူးပါတကားဟူသောအသိကို ကလေး၊ လူကြီးအားလုံး သတိသမ္ပဇဉ်ရှိကြဖို့လိုပါသည်။ လွတ်လပ်ရေးကို အမှတ်ရဖို့လိုပါသည်။ လွတ်လပ်ရေးကို မဆုံးရှုံးအောင် ထိန်းသိမ်းကြဖို့လိုပါသည်။ တိုင်းပြည်တစ်ပြည်အတွက် လွတ်လပ်ရေးသည် အရေးအကြီးဆုံးဖြစ်ပါသည်။ လွတ်လပ်ရေးဆုံးရှုံးလျှင် လူမျိုးသည်လည်း ပျက်သုဉ်းကွယ်ပျောက်သွားနိုင်ပါသည်။

မျက်မှောက်ခေတ် ကိုလိုနီနယ်ချဲ့မှုသည် ၁၉ ရာစုခေတ်ကဲ့သို့ လက်နက်စွဲကိုင်တိုက်ခိုက်သိမ်းပိုက် အနိုင်ယူခြင်းမျိုးမဟုတ်တော့ပါ။ နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကို နိုင်ငံရေးအရသော်လည်း ကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ စီးပွားရေးအရသော် လည်းကောင်း စည်းရုံးသိမ်းသွင်းပြီး အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်လွှမ်းမိုးမှုများမှစပြီး စစ်ရေးအရ ကျူးကျော်သိမ်းပိုက်ခြင်းများအထိ ပြုလုပ်ကြခြင်းဖြစ်ပါသည်။ ဤသို့ စည်းရုံးသိမ်းသွင်းမှုထောင်ချောက်အတွင်း မသက်ဆင်းနိုင်စေရန်အသိ၊ သတိကြီးစွာထားရမည့် အနေအထား ဖြစ်ပါသည်။

လွတ်လပ်ရေးသည် ဆုံးရှုံးရန် လွယ်သလောက် ရယူရန်မှာ အလွန်ပင်ခက်ခဲသည်ဆိုသည်ကို သင်ခန်းစာရရှိခဲ့ကြပြီးဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေးသည် ကျွန်ုပ်တို့ တိုင်းရင်းသားညီအစ်ကို မောင်နှမအပေါင်းတို့၏ ဘိုး၊ဘွား၊ ဘီဘင်တို့ အသက်၊ ချွေး၊သွေး မြောက်မြားစွာတို့ဖြင့် ရင်းနှီးပေးဆပ်ကာ ရယူခဲ့ရခြင်းဖြစ်ပါသည်။ လွတ်လပ်ရေးကို လူတိုင်းလူတိုင်းတန်ဖိုးထား တတ်ကြဖို့လိုပါသည်။ သို့ပါ၍ ဤလွတ်လပ်ရေးနေ့အခါသမယတွင် နိုင်ငံအဝန်း လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲအမျိုးမျိုး ကျင်းပကြမည်ဖြစ်သကဲ့သို့ နိုင်ငံသားတိုင်းကလည်း ဤလွတ်လပ်ရေးကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့် ရှောက်သွားပါမည်ဟူသော သန္နိဋ္ဌာန်ကို ခိုင်ခိုင်မြဲမြဲချမှတ်ထားကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံစာတည်းရှုထောင့်

ပွင့်သောပန်းတိုင်း လန်းစေဖို့

 ''ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏'' လူတိုင်းသိထားသည့် တန်ဖိုးရှိသော စကားတစ်ခွန်းပေ။ သို့သော် လူတိုင်းမလိုက်နာ တတ်ကြပါ။ ခပ်ပေါ့ပေါ့နေကြပြီး အရာရာတွင် ပေါ့ပေါ့ပါးပါးနှင့် ပြုမူ ကျင့်ကြံနေထိုင်ကာ အမှုမဲ့အမှတ်မဲ့ရှိနေတတ်ကြသည်။ မိမိကိုယ်တွင် ဝေဒနာတစ်ခု၊ ရောဂါတစ်ခုရလာပြီဆိုမှ အပ်နှင့်ထွင်ရမည့်ကိစ္စကို ပုဆိန်နှင့် ပေါက်ရသည့်အဆင့်သို့ ရောက်သွားရသည်။

သက်ရှိလူသားများအတွက် သက်စောင့်ဆေးမှာ ''ကံ၊ စိတ်၊ ဥတု၊ အာဟာရ'' ဟူသော အကြောင်းတရား လေးပါးရှိသည်။ ဤလေးပါးမျှညီအောင် ကျင့်ကြံနေထိုင်တတ်သူအတွက် အသက်ရှည်ခြင်း၊ အနာမဲ့ခြင်း ဆုလာဘ်ကောင်းကို သဘာဝကချီးမြှင့်ပေးလိမ့်မည်။ ထိုလေးပါး တစ်ပါးပါး မှာ အားနည်းချက်ရှိလာပြီဆိုပါလျှင် ကျန်သုံးပါးပါ ဟန်ချက်မညီ ထိန်းသိမ်း ရခက်ခဲလာမည်။ ကျန်းမာရေးကို ထိခိုက်လာစေမည် အမှန်ဖြစ်ပါသည်။

ကံဆိုသည်မှာ အလုပ်။ အသက်အရွယ်အရ၊ ဘဝအခြေအနေအရ ဝန်နှင့်အားမျှတစွာ လုပ်ကိုင်တတ်ဖို့လိုသည်။ စိတ်ဆိုသည်မှာလည်း တစ်ရံ မလပ်လှုပ်ရှားနေသော အရာတစ်ပါး။ ဥာဏ်သတိနှင့်ထိန်းကာ လမ်းကြောင်းမှန်ပေါ် တင်ပေးမောင်းနှင်နိုင်ပါမှ၊ ဤကံနှင့် စိတ်နှစ်ပါး ညီညွတ်စွာနှင့် အပြုသဘောဆောင် စွမ်းဆောင်နေပါမှ၊ သို့မဟုတ်ပါလျှင် ''စိတ်ကြောင့်သေ၊ ရုပ်ကြောင့်ကြေ''လျက် စိတ်ထောင်းလို့ကိုယ်ကြေ လူလုံးမလှဖြစ်သွားရပါလိမ့်မည်။ ''ယောနိသောမနသီကာရ''စိတ်ဖြင့် အရာရာတွင် သင့်တင့်မျှတ နှလုံးသွင်းလျက် ဝန်နှင့်အားမျှညီ လုပ်ကိုင်တတ်သူတစ်ဦးအတွက် ''စိတ်သွားတိုင်းကိုယ်ပါ''ကာ အရာရာတွင် စွမ်းဆောင်ရှင်တစ်ဦးဖြစ်နေပါ လိမ့်မည်။

မိမိ၏ကိုယ်ခန္ဓာနှင့် လိုက်လျောညီမည့် ဥတုရာသီကို ရွေးချယ်အခြေချ နေထိုင်တတ်ဖို့လည်း လိုအပ်ပါသည်။ အာဟာရလည်း ထိုနည်းလည်းကောင်းပင်။ မိမိအစာအိမ်က လက်ခံချေဖျက်ပေးနိုင်စွမ်းသလောက် အာဟာရကို ရွေးချယ်စားသောက်ရောင့်ရဲတတ်ဖို့လိုသည်။ သို့ဆိုလျှင် အစာလည်းဆေး ဆေးလည်းအစာဖြစ်စေပြီး အကြင်သူအား အကျိုးပြုပေးပါလိမ့်မည်။ ''မျက်စိ မှာအကျင့် ဝမ်းမှာအချင့်''ဆိုစကားအတိုင်း စားသည့်အစာအတိုင်းအဆနှင့် စားချိန်မှန်ဖို့ လိုအပ်ပါသည်။ စားချိန်မမှန်ဆိုပါက အစာအိမ်ရောဂါရလာ ပြီးနောက် ခွဲစိတ်ကုသရသည့်အဆင့်ထိ ဆိုးကျိုးသက်ရောက်သွားနိုင်သည်။

လူတစ်ဦးအတွက် ဤအကြောင်းတရားလေးပါးညီညွတ်မျှတရှိနေသမျှ ကံနာ၊ ဝဋ်နာမှအပ အာဂန္တုကရောဂါများ ထိုးဖောက်ဝင်ရောက်မွှေနှောက်ခွင့် ရနိုင်မည်မဟုတ်ပါ။ ဥာဏ်သတိနှင့်အစဉ်ရှိနေ၍ ဖြစ်ပါသည်။ သို့သော် ကလေးသူငယ်များ ကျန်းမာရေးအတွက်ကိုကား လူကြီးများကဲ့သို့ ပြုမူကျင့်ကြံ နေထိုင်ခိုင်း၍မရစကောင်းပါ။ ကိုယ်တိုင်ကိုယ်ကျကြီးကြပ်စောင့်ရှောက်ကာကောင်း၏၊ မကောင်း၏ကို ဆုံးဖြတ်လုပ်ကိုင်ပေးကြရမည်မှာ လူကြီးမိဘဆရာ သမားများ၏ တာဝန်နှင့်ဝတ္တရားများပင်ဖြစ်ပါသည်။

ထို့ကြောင့်လည်း အစားအသောက်အနေအထိုင်မှအစ လမ်းညွှန် လမ်းကြောင်းမှန်စေရမည်။ ရောဂါဘယအတွက်ဆိုလျှင်လည်း မဖြစ်ပွားရအောင်ကြိုတင်ကာကွယ်ကာ ဖြစ်နေခဲ့လျှင်လည်း အချိန်မီကုသကြရမည်။ထိုနည်းတူ နိုင်ငံတော်ကလည်း ကလေးသူငယ်များအရေး ဦးစားပေးစမြဲ။ နိုင်ငံအတွက် အားထားရမည့် အနာဂတ်မျိုးဆက်သစ် နိုင်ငံ့သားကောင်း ရတနာလေးများ ဖြစ်နေ၍ ဖြစ်ပါသည်။

ယခုလည်း နိုင်ငံတစ်ဝန်းရှိကလေး ၁၇ သန်းကျော်ကို ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးအခမဲ့ထိုးပေးသွားရန်အစီအစဉ်ကို နေ့ရက် အတိအကျကြေညာလိုက်ပါပြီ။ နိုင်ငံတစ်ဝန်း ဝက်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းပထမအစီအစဉ်အဖြစ် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂၇ ရက်ထိ အသက် (၅)နှစ်မှ (၁၅)နှစ်အထိ ကလေးငယ်များကိုလည်းကောင်း၊ ဒုတိယအစီအစဉ်အဖြစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၈ ရက်အထိ အသက်ကိုးလမှ (၅)နှစ်အထိကလေးငယ်များ အားလည်းကောင်း ကာကွယ်ဆေးထိုးအဖွဲ့ ၁၂ဝဝဝ ဖြင့်ဆောင်ရွက်သွားမည်ဟု သိရသည်။ ဆေး၏တန်ပြန်သက်ရောက်မှုကိုလည်း မိနစ် ၃ဝ မှ လိုအပ်ပါက ၂၄ နာရီအထိ ကျန်းမာရေးပညာရှင်များက အနီးကပ် စောင့်ကြပ်ကြည့်ရှုပေးသွားမည်ဖြစ်ရာ လိုလေသေးမရှိဟုဆိုရပါမည်။

နိုင်ငံအနှံ့မိဘပြည်သူများဘက်မှ မိမိတို့သားသမီးများကို ကာကွယ် ဆေးထိုးနှံရာအရောက်ခေါ်ဆောင်လာပြီး တစ်တပ်တစ်အားနှင့် အင်တိုက် အားတိုက်ပူးပေါင်းပါဝင်ကူညီလျက် ကလေးများတွင်ဖြစ်တတ်သည့် အန္တရာယ်ဝက်သက်နှင့်ဂျိုက်သိုးရောဂါဆိုးကို တားဆီးကာကွယ်သွားကြရမည်ဖြစ်ပါ သည်။ ကလေးများကို ပန်းကလေးများနှင့်တင်စားခိုင်းနှိုင်းပြောကြသည်။ ပွင့်သောပန်းတိုင်း ငွားငွားစွင့်စွင့်ဝင့်ဝင့်ထည်ထည်လန်းဆန်းစေဖို့ မိဘ၊ ဆရာအားလုံးမှာ တာဝန်ရှိပါသည်။ အန္တရာယ်ဟူသမျှမှ ဝိုင်းဝန်းကာကွယ် တားဆီးပေးသွားကြရမည်မှာ အမျိုးသားရေးတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ ။

လျှပ်စစ်ကိုအခြေခံ၍ ဒေသတွင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများထူထောင်နိုင်

နေပြည်တော် ဒီဇင်ဘာ ၃ဝ

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဒေသခံအဖွဲ့အစည်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကိုတိုင်းတာရာတွင် အဆိုပါနိုင်ငံတွင်ရှိသည့် ပြည်သူ တစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားမည်မျှသုံးစွဲနိုင်သည်ဟူသည့်အချက်သည် အဓိကကျသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိမှသာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အရာအားလုံးကို မြှင့်တင်နိုင်ကြမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်သူတစ်ဦး ချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုသည် တစ်နှစ်လျှင် ကီလိုဝပ်နာရီ(ယူနစ်) ၁၉ဝ ခန့်သာ သုံးစွဲနိုင်ပါသေးကြောင်း၊ မိမိတို့အစိုးရသစ် တာဝန်စတင်ယူစဉ်က လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုသည် ၁ဝ၄ သာရှိခဲ့ရာမှ ယခု ၁၉ဝ အထိ တိုးတက်လာသည့်အတွက် ဤကာလအတွင်းတိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း ယင်းအခြေအနေသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု နည်းပါးနေသေးသည့်အတွက် များစွာကြိုးပမ်းဆောင် ရွက်ရဦးမည်ဖြစ်ပါကြောင်း။

မိမိတို့တာဝန်ယူထားသည့် ကာလအတွင်း ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုစီးပွားဦးစားပေးလုပ်ငန်းများဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ သောက်သုံး ရေနှင့် စိုက်ပျိုးရေရရှိရေး၊ အလုပ်အကိုင်များ တိုးတက်ရရှိနိုင်မည့် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိက ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် မဟာဓာတ်အားလိုင်းများမှတစ်ဆင့် ဖြန့်ဖြူးခြင်းများ ဆောင်ရွက်နေသကဲ့သို့ မဟာဓာတ်အားလိုင်းများနှင့်အလှမ်း ကွာသည့်နေရာများတွင် အသေးစား ရေအားလျှပ်စစ်စနစ်နှင့် ဓာတ်အားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသဖြစ်သည့် လေရှီး၊ လဟယ်၊ နန်းယွန်းမြို့တို့တွင် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက် ရုံများတည်ဆောက်ရန် စီစဉ်ဆောင် ရွက်နေသကဲ့သို့ ကချင်ပြည်နယ်ပူတာ အိုဒေသတွင်လည်း အထက်နမ့်ထွမ် အသေးစားရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထို့အပြင် နေရောင်ခြည်သုံး ဓာတ်အားစနစ်များကိုလည်း တစ်ဖက်က ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ဆက်လက်၍လည်း လေအားအသုံးပြု ဓာတ်အားပေးစက်ရုံများ လည်း တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရွှေစွမ်းအင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ အခက်အခဲများနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာစေရန်အတွက် ပုဂ္ဂလိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့မှု နှင့် အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မိမိတို့ အစိုးရအနေဖြင့် ပြည်သူလူထုအတွက် အဓိကကျသည့် တူညီသည့် ဆုံမှတ်နှစ်ရပ်ကို ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ အစိုးရသက်တမ်း ငါးနှစ်တာကာလတွင် လက်ရှိ၌ လေးနှစ်တာကာလအတွင်းသို့ ချင်းနင်းရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ကုန်ဆုံးခဲ့သည့် လေးနှစ်တာကာလ အတွင်း ပြည်သူလူထုအတွက် အဓိကကျသည့် ဆုံမှတ်နှစ်ခုဖြစ်သော တိုင်းပြည်တည်ငြိမ်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးပေးကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး နှင့်ပတ်သက်၍ မိမိတို့ဆောင်ရွက်နေ သည်ကိုလည်း ပြည်သူအများသိရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်ဖြစ်စေရန်နှင့် အစိုးရ၏ နိုင်ငံ ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်အတွက် အကျဉ်းသားပေါင်းမြောက်မြားစွာကို လွှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းပြည်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် အဓိကကျသည့် နှစ်ပေါင်း ၆ဝ ကျော် ကြာညောင်း ခဲ့ပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ငြိမ်းချမ်းရေး ရရှိစေရေးကို ကြိုးပမ်းဆောင်ရွက်နေပါကြောင်း။

ဒုတိယအချက်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်တိုးတက် လာစေရန်လိုအပ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသည် လမ်းပန်းဆက်သွယ် ရေးအားဖြင့် အလွန်ကောင်းမွန်သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ ရာသီအချိန်မရွေး သွားလာနိုင်သည့် အနေအထားရှိပြီး တောင်နှင့်မြောက်၊ အရှေ့နှင့်အနောက် အချိန်မရွေး သွားလာနိုင်ပါကြောင်း။

ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်မှာ လျှပ်စစ်မီး ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးရရှိခြင်းအားဖြင့် အခြေခံ အကျဆုံးဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ အသိပညာဆည်းပူးလေ့လာနိုင်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားလာ စေရေးတို့အား အကျိုးပြုနိုင်မည်ဆိုသည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ လျှပ်စစ်မီးရရှိပါကလည်း မိမိတင်ပြခဲ့သည့် အနေအထားမျိုးဖြင့် ကျေနပ်မနေသင့်ဘဲ မိမိဒေသအတွင်း သာမက ပြည်သူများအတွက်ပါ အကျိုးရှိစေရန် အခြားမည်သည့်လုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ကို စဉ်းစားတွေးခေါ်လုပ်ကိုင်ဆောင်ရွက်သွားရန် လိုပါကြောင်း။

လျှပ်စစ်ကို အခြေပြုကာ ဤဒေသတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို မည်သို့မည်ပုံ ကြံဆကာ လုပ်ကိုင်သွားမည်၊ လျှပ်စစ်ဓာတ်အားကိုရယူကာ ဒေသ၏ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် မည်သို့ထုတ်လုပ်သွားမည် စသည်ဖြင့် စဉ်းစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

အလားတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးသည်လည်း အလွန်အရေးကြီးပါကြောင်း၊ ဤဒေသသည် စိုက်ပျိုးရေးကိုအခြေခံသည့် ဒေသတစ်ခုဖြစ်သည့်အပြင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန် များ ရှိပါကြောင်း၊ စိုက်ပျိုးလျှင် စိုက်ပျိုး သလောက် အကျိုးခံစားခွင့်ရရှိမည် ဖြစ်ရာ စိုက်ပျိုးရေးကိုမှီခိုကာ လုပ်ကိုင်စားသောက်နေသည့် လက်လုပ်လက်စား များအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာ မည်ဖြစ်ပါကြောင်း၊ တန်ဖိုးမြှင့်ထုတ် ကုန်များကိုထုတ်လုပ်ပြီး မိမိပြည်တွင်း ၌သာမက ပြည်ပသို့တိုင် ထုတ်လုပ် ရောင်းချနိုင်မည့် ထုတ်ကုန်များကို လျှပ်စစ်ဓာတ်အား အသုံးပြု၍ ထုတ်လုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများအနေဖြင့် ဘက်စုံကဏ္ဍစုံမှ ကြံဆလုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီးသည် ဆန်စပါးသာမက အခြားသီးနှံမျိုးစုံကိုပါ စိုက်ပျိုးသည့်ဒေသဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်ပြီးသီးနှံများ စားသုံးသူ ပြည်သူများလက်ဝယ်သို့ အချိန်မီ ရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်ရန် သို့တည်းမဟုတ် ပုပ်သိုးပျက်စီးမှု မရှိစေဘဲ တာရှည်ခံအောင် ထုပ်ပိုးပြင်ဆင်ဆောင်ရွက်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်စေရန် မည်သို့ မည်ပုံ စီစဉ်ဆောင်ရွက်သင့်သည်များ ကို စဉ်းစားကြရန်လိုကြောင်း၊ လျှပ်စစ် ကိုအသုံးချကာ သီးနှံများတာရှည်ခံစေ ရန်အတွက် အအေးခန်းသိုလှောင်ရုံများ ပြုလုပ်သွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာမည်ဆိုပါက ပဲခူးတိုင်းဒေသကြီးသည် အခွင့်အလမ်းများစွာ ရှိပါကြောင်း။

မကြာမီကာလတွင် ဖြူးရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ မဂ္ဂါဝပ် ၃ဝ ထုတ်လုပ်ရရှိတော့မည် ဖြစ်ပါကြောင်း၊ ဒေသအနေအထားအရ အချက်အချာကျသည့် နေရာတွင် တည်ရှိသည့်အတွက် ထွက်ကုန်များကို ပို့ဆောင်ရာတွင် များစွာလွယ်ကူ အဆင်ပြေပါကြောင်း၊ လျှပ်စစ်ကို အခြေခံ၍ ဒေသတွင်းအသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ထူထောင်သွားနိုင်ပါကြောင်း၊ ဟိုးဆေးလ်မားကက်များထူထောင်နိုင် ပါကြောင်း၊ ယင်းတို့သည် ဒေသအတွက် သာမက တိုင်းပြည်အတွက်လည်း များစွာအကျိုးရှိကာ အခွင့်အလမ်းများ လည်းဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရန်၊ လျှပ်စစ်မီးရရှိရန်၊ အလုပ်အကိုင်အခွင့် အလမ်းများပေါ်ပေါက်လာရန်လည်း လိုအပ်ပါကြောင်း၊ လျှပ်စစ်မီးကို အသုံးပြုကာ အခွင့်အလမ်းကောင်း များကို အသုံးချမည်ဆိုပါက ဤဒေသ သည် ဒေသအတွင်း မှီခိုနေကြသည့် ဒေသခံပြည်သူများအတွက် အလုပ် အကိုင် အခွင့်အလမ်းများစွာရှိနေပါကြောင်း၊ ထို့ပြင်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် သည်လည်း များစွာအရေးပါပါကြောင်း၊ ထို့အတွက် လူ့စွမ်းအားအရင်းအမြစ် ကြွယ်ဝလာစေရန် ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် ဤဒေသအတွင်း တက္ကသိုလ်များကို တည်ထောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

အလားတူ ဒေသတည်ငြိမ်ရေး သည် အရေးကြီးပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိပါက ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဤဒေသသည် အရေးပါသည့် ဒေသ တစ်ခုဖြစ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ဒေသတည် ငြိမ်အေးချမ်းရေးအတွက် မိမိတို့အစိုးရ နှင့်အတူ ပြည်သူအားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြပါရန်တိုက်
တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက ဤစီမံကိန်းကြောင့် ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်း အောင်မြင်စေမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက်နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဓာတ်အားပေးစက်ရုံ ရှေ့မျက်နှာစာတွင် စက်ရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်များက ကမ္ပည်း ကျောက်စာတိုင်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လျှပ်စစ်ဓာတ်အား ပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စီမံကိန်းဧရိယာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြ သည်။

အဆိုပါ သောက်ရေခပ်(၂) ရေအား လျှပ်စစ်စီမံကိန်းသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏အရှေ့ဘက် ၁၄ မိုင်ခန့်အကွာရှိ သောက်ရေခပ် ချောင်းပေါ်တွင်တည်ရှိသည်။ စီမံကိန်း ၏ ထူးခြားချက်တစ်ရပ်မှာ မြန်မာနိုင်ငံ တွင် ပထမဆုံး တည်ဆောက်သည့် နည်းပညာဖြစ်သော Concrete Faced Rock Fill Dam(CFRD) အမျိုးအစားဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အတိုင်ပင်ခံအဖြစ် ငှားရမ်းပုံထုတ်ပေးခဲ့ကာ စီမံကိန်းကို ရွှေစွမ်းအင်ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။

သောက်ရေခပ်(၂)ရေအားလျှပ်စစ် စီမံကိန်းကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ်(UNDP) မှ ပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းကာ ၁၉၆၄ ခုနှစ်တွင် စူးစမ်းလေ့လာ တိုင်းတာရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများတွင် တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ဆောင် ရွက်လာနိုင်စေရန် ရည်ရွယ်ကာ ဤစီမံကိန်းကို ရွှေစွမ်းအင်ကုမ္ပဏီ လီမိတက်နှင့် B.O.T စနစ်ဖြင့် ၂ဝဝ၈ ခုနှစ် မေ ၂ ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး စီမံကိန်းလုပ်ငန်းများကို လွှဲပြောင်းလုပ်ကိုင်စေခဲ့ ကြောင်း၊ ယခုအခါတွင် သောက် ရေခပ်(၂) ဓာတ်အားပေး စက်ရုံ၌ လျှပ်စစ်ဓာတ်အားပေးစက် သုံးလုံးတပ်ဆင်ထားပြီး စုစုပေါင်း ဓာတ်အား ၁၂ဝ မဂ္ဂါဝပ်ဖြင့် နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလို ဝပ်နာရီ ၆ဝ၄ ဒသမ ၇ သန်းခန့်ကို နိုင်ငံတော် မဟာဓာတ်အား ကွန်ရက်စနစ်မှတစ်ဆင့် နိုင်ငံတစ်ဝန်းသို့ ပို့လွှတ်ဖြန့်ဖြူးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့နာက် နိုင်ငံတော်သမ္မတသည် ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိ ကြပြီး စီမံကိန်းဧရိယာအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေ အနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြ သည်။

အဆိုပါ ဖြူးချောင်းရေအားလျှပ်စစ် စီမံကိန်းရေလှောင်တမံ၊ ရေလွှဲဆည် ဖွင့်ပွဲနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားများကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးတည်ဆောက်နေ လူမှုအဖွဲ့အစည်းများသည် နိုင်ငံတော်အကျိုး၊ ဒေသအကျိုး ဆောင်ရွက်နိုင်သည့် အဖွဲ့များဖြစ်

ရန်ကုန် ဒီဇင်ဘာ ၃ဝ

 ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအဖွဲ့ အစည်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိမှသာ ဒီမိုကရေစီအနှစ်သာရှိမည်ဖြစ်ကြောင်း ဖြင့် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခံခန်းမကြီး၌ ကျင်းပသည့် ရန်ကုန်မြို့မှ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ အခမ်းအနား၌ ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူလူထုနှင့်အစိုးရကြား ပေါင်းကူးဆက်သွယ်ပေးပြီး နိုင်ငံတော်အကျိုး ဖော်ဆောင်ပေးမည့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ပေါ်လာရေး တည်ဆောက်နေခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ၌ ဒီမိုကရေစီစနစ်နှင့်အညီ လူမှု အဖွဲ့အစည်းများသည် နေရာရရှိပြီး နိုင်ငံတော်အကျိုး၊ ဒေသအကျိုးဆောင်ရွက်နိုင်သည့် အဖွဲ့များဖြစ်ပါကြောင်း။

အလျဉ်းသင့်၍ လွှတ်တော်များ၏တာဝန်နှင့် ဆောင်ရွက်ချက်ကို တင်ပြလိုပါကြောင်း၊ လွှတ်တော်များသည် ဥပဒေများ အတည်ပြုပြဋ္ဌာန်းခြင်း၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်ဆိုသည့် မဏ္ဍိုင်ကြီး(၃) ရပ်အတွင်း ဆောင်ရွက်ချက်များအပေါ် အပြန်အလှန်ညှိနှိုင်းထိန်းကျောင်းခြင်း၊ နိုင်ငံတော်၏ အရအသုံးဘတ်ဂျက်ကို စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်ရပါကြောင်း၊ လွှတ်တော်ကချမှတ်ထားသော ''ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်'' ဆောင်ပုဒ်သည် လွှတ်တော်၏ မူဝါဒပင်ဖြစ်ကြောင်း၊ လွှတ်တော်၏မူဝါဒနှင့်အညီ နည်းလမ်း(၃)ခုဖြစ်သည့် ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေးအတွက် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းဆွေးနွေးဆုံးဖြတ်ခြင်း၊ ဥပဒေရေးဆွဲပြဋ္ဌာန်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ယင်းလုပ်ငန်းများ ဆောင်ရွက်သည့်နည်းတူ လွှတ်တော်အတွင်း၌ ဦးစားပေးလုပ်ငန်းများအဖြစ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပြုရေးလုပ်ငန်းသည် လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည်နှင့်အညီ ဥပဒေ များပြဋ္ဌာန်းရာ၌ ပြည်သူများ၏ အကျိုးစီးပွားမြှင့်တင် နိုင်ရေးနှင့် ပြည်သူများလိုက်နာနိုင်သော ဥပဒေဖြစ်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော် များကို ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၍ ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းစေသော ဥပဒေများကိုသာ ပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း။

လွှတ်တော်ရပ်နားထားစဉ်ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်၍ ပြည်သူများ နှင့် တိုက်ရိုက်တွေ့ဆုံပြီး ပြည်သူ့အသံများကို နားထောင် ကာ လွှတ်တော်အတွင်းသို့ သယ်ဆောင်၍ အဆိုများ၊ ဥပဒေများဖြစ်ပေါ်လာသည်အထိ လုပ်ဆောင်လျက်ရှိပါ ကြောင်း၊ ပြည်သူ့အကျိုးစီးပွားကို အဓိကထားဆောင်ရွက် ပေးကြမည့် လူမှုအဖွဲ့အစည်းများအနေဖြင့် ပြည်သူနှင့် အစိုးရကြား အဆင်ပြေချောမွေ့အောင် ပြည်သူ့အကျိုး အတွက် ဆောင်ရွက်သင့်သည် လုပ်ငန်းများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံ သဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်တို့မှ ကိုယ်စားလှယ်များက နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူ များ၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ယနေ့တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုအဖွဲ့အစည်းအားလုံးနီးပါးကို ဖိတ်ကြားပြီး ဆွေးနွေးခြင်း ဖြစ်သကဲ့သို့ တင်ပြကြသည့် အချက်အလက်များသည် လည်း တိုင်းဒေသကြီးအတွင်း လိုအပ်ချက်များနှင့် ဆက်လက်လုပ်ဆောင်သွားရမည့်လုပ်ငန်းများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ တင်ပြချက်များအနက် ပြည်ထောင်စု အဆင့်က ဆောင်ရွက်ရမည့်လုပ်ငန်းများ ပါဝင်သကဲ့သို့ အချို့ တင်ပြချက်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ဆောင်ရမည့်အပိုင်းဟူ၍ တွေ့ရှိရပါကြောင်း။

ကျေးရွာချင်းဆက်လမ်းကဲ့သို့သော ဒေသဖွံ့ဖြိုးရေး တင်ပြချက်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ကျူးကျော် အိမ်ရာများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အချိန်အခါအလိုက် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ လုပ်ဆောင်ရာတွင်လည်း လုပ်၍ရသည့် အပိုင်းရှိသကဲ့သို့ လုပ်၍မရသည်များလည်း ရှိပါကြောင်း၊ အချိန်အခါတစ်ခုကို စောင့်ဆိုင်းပြီး အချို့ကိစ္စရပ်များသည် ညှိနှိုင်းဆောင်ရွက်ရသကဲ့သို့ အချို့ညှိနှိုင်း၍မရသည့် ကိစ္စများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရပါကြောင်း။

တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေပါကြောင်း၊ ယနေ့ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်က ဆောင်ရွက်ရမည့်ကိစ္စများကို ထုတ်နုတ်၍ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများတွင်လည်း ကိုယ်စားလှယ်များ၏ တင်ပြချက်များအပေါ် အစည်း အဝေးကာလအတွင်း ဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက်ပေးပြီး အချို့ကိစ္စရပ်များကို အစည်းအဝေး ပြီးသည်နှင့် ဆက်လက်ဆောင်ရွက်ပေးနေပါကြောင်း၊ သို့သော်လည်း ပြည်ထောင်စုအဆင့်သို့ တင်ပြရမည့် လုပ်ငန်းများဆိုလျှင် အချိန်ကာလတစ်ခု စောင့်ဆိုင်းရ မည်ဖြစ်ကြောင်း၊ ရရှိသည့် ဘတ်ဂျက်အပေါ်မူတည်ပြီး ဆောင်ရွက်ရခြင်းဖြစ်၍ ချက်ချင်းလုပ်ဆောင်၍ မရနိုင်ပါကြောင်း၊ ယနေ့ တင်ပြချက်များကို မှတ်သားကာ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက မိမိတို့လွှတ်တော်အပိုင်းနှင့်ပတ်သက်၍ လွှတ်တော် ခေါ်ယူကျင်းပရခြင်းကိစ္စရပ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေအရ လွှတ်တော်ပုံမှန် အစည်းအဝေး တစ်ခုနှင့်တစ်ခုအကြား (၆)လထက် မပို ရပါကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌသည် အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ပါကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လွှတ်တော် အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေးကို အကြောင်းကြားပြီး အထူးအစည်းအဝေးနှင့် အရေးပေါ် အစည်းအဝေးကျင်းပရပါကြောင်း၊ တိုင်းဒေသကြီး လူထုအကျိုးအတွက် အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စများတွင် အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း။

မိမိတို့ လွှတ်တော်ကို ပြည်သူများက တိုင်ကြားစာများ ပေးပို့ခြင်းရှိပါကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် တိုင်ကြားစာ အစောင် ၅ဝ ခန့်၊ ၂ဝ၁၂ ခုနှစ်တွင် အစောင် ၁၅ဝ ခန့်၊ ၂ဝ၁၃ ခုနှစ်တွင် အစောင် ၅ဝဝ ကျော်၊ ယခု ၂ဝ၁၄ ခုနှစ်တွင် အစောင် ၅ဝဝ နီးပါးရှိပါကြောင်း၊ ¤င်း တိုင်ကြားစာများကို သက်ဆိုင်ရာကော်မတီများသို့ ပေးပို့ ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်မှုနှင့် ဆိုင်သည့်ကိစ္စများကို အစိုးရအဖွဲ့သို့ပေးပို့ပြီး တရားရေး နှင့်ဆိုင်သည့် ကိစ္စများကို တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်သို့ ပေးပို့ပါကြောင်း၊ ၎င်းတို့ထံမှ ပြန်ကြားချက်များကို သက်ဆိုင်ရာတိုင်ကြားသူ ပြည်သူများထံ ပြန်လည် ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း။

လွှတ်တော်ကော်မတီများ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့၏ တောင်းဆိုချက်အရ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးတွင် အကြံပြုချက်များပေးပါရန် တောင်းဆိုခဲ့ပါကြောင်း၊ ကိုယ်စားလှယ်များ၏ အကြံပြု ချက်များကိုစုစည်းပြီး မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့သို့ ပေးပို့သကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း ဆွေးနွေးပွဲ ပြုလုပ်ပါကြောင်း၊ မိမိတင်ပြခဲ့သည့် လွှတ်တော်ကျင်းပ ရေးဆိုင်ရာကိစ္စနှင့် လွှတ်တော်ကော်မတီများဖွဲ့စည်းခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ပြင်ဆင်ချက်များပေးပို့ခြင်း မရှိ ခဲ့ပါကြောင်းဖြင့် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယကက ခြုံငုံသုံးသပ်ဆွေးနွေးပြောကြားရာတွင် ယနေ့ တင်ပြချက်များကို ပြန်လည်သုံးသပ်ရာ၌ အချို့ကိစ္စများ သည် အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့များက ဆောင် ရွက်ရမည်ဖြစ်ပြီး အချို့ကိစ္စများသည် လွှတ်တော်များ အပိုင်းက ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး အပိုင်းက ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များသည် ထုတ်ပြန်ထားသော ဥပဒေများအရ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ဥပဒေပြုရန်လိုအပ်သည့် ကိစ္စရပ်များကို တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့က လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။

ယခု လွှတ်တော်သက်တမ်း လေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေပေါင်း ၁၂၆ ခု ပြင်ဆင်ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ဆွေးနွေးဆဲ ဥပဒေကြမ်း ၄ဝ ခန့်ရှိကြောင်း၊ ဥပဒေများပြဋ္ဌာန်းရာတွင် ပြည်ထောင်စုအဖွဲ့အစည်းဝင်များနှင့် လွှတ်တော်ကိုယ်စား လှယ်များက ဥပဒေကြမ်းကို တင်သွင်းခွင့်ရှိကြောင်း၊ ဥပဒေကြမ်းများအပေါ် စိတ်ဝင်စားသည့် မည်သည့် နိုင်ငံသားမဆို ပါဝင်ဆွေးနွေးအကြံပြုနိုင်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေများ သည် တရားမျှတမှုရှိပြီး အများလိုက်နာနိုင်သော ဥပဒေများဖြစ်ရန်လိုကြောင်း၊ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၊Treaty များနှင့်လည်း ကိုက်ညီရန်လိုကြောင်း၊ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ပေးရန် လိုအပ်ပါက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ လွှတ်တော်တွင် တည်ဆဲဥပဒေများနှင့်ပြဋ္ဌာန်းပြီး ဥပဒေများကို လိုအပ်ပါက ပြန်လည်ပြင်ဆင်ပေးသည့်သာဓကများရှိပါကြောင်း။

ယနေ့ခေတ်သည် ဒီမိုကရေစီစနစ်ဖြစ်သည်နှင့်အညီ ပြည်သူများ၏ အလိုကျသက်ဆိုင်ရာအဖွဲ့အစည်းများက အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်များက ပြည်သူ့ဆန္ဒ သဘောထားများနှင့်အညီ ပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့်ဥပဒေများ ပြဋ္ဌာန်းပေးရန်ဖြစ်ပြီး ယင်း ဥပဒေများနှင့်အညီ အုပ်ချုပ်ရန်လိုကြောင်း၊ လွှတ်တော်သည် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး အပြန်အလှန်ထိန်းကျောင်းခြင်းများ ဆောင်ရွက်ရပါ ကြောင်း၊ လွှတ်တော်၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်း အုပ်ချုပ်ရေးအဖွဲ့များ၊ တရားရေးအဖွဲ့များက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီ၊ မညီ၊ ပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းခြင်း ရှိ၊ မရှိ တို့ကို ပြန်လည်ထောက်ပြရန် လိုကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များ အနေဖြင့် ဥပဒေပြုရေးတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဥပဒေများ ပြဋ္ဌာန်းရာတွင် ပိုမိုမြန်ဆန်လွယ်ကူလာမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် လွှတ်တော်အတွေ့အကြုံ အားနည်းပြီး မိမိအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ အပိုင်းက လည်း လွှတ်တော်အတွေ့အကြုံ နည်းကြပါကြောင်း၊ လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက်လာပြီးနောက်ပိုင်း ယခင် ပြဋ္ဌာန်းထားသည့်ဥပဒေများကို ခေတ်စနစ်နှင့် ညီညွတ် အောင် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ရပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေမှုရှိသည့် ဥပဒေများ ရှိရန် လိုပါကြောင်း၊ မိမိတို့နိုင်ငံကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မည်ဆိုလျှင် တည်ဆဲဥပဒေများကို ပြုပြင် ပြောင်းလဲရန် လိုအပ်ပြီး ပြဋ္ဌာန်းပြီးဥပဒေများ အသက်ဝင်လာအောင် နည်းဥပဒေစည်းမျဉ်း၊ စည်းကမ်းများ လိုအပ်မည်ဖြစ်ကြောင်း။

နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွား ရေးစနစ်ကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ထွန်းလာရေးအတွက် နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက် တွန်းပါကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယကသည် တက်ရောက်လာကြသော လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

(သတင်းစဉ်)