Saturday, November 1, 2014

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် e-Visa စတင်ထုတ်ပေးမည်

Photo: မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် e-Visa စတင်ထုတ်ပေးမည်

မန္တလေး   အောက်တိုဘာ   ၃၁

မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ  မန္တလေးမြို့သို့ လာရောက်ရာတွင် အဆင်ပြေစွာ ဝင်ရောက်နိုင်စေရေးအတွက် နိုဝင်ဘာပထမပတ်မှစ၍ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ e-Visa  စတင်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အဆိုပါစနစ်ကို စတင်ဆောင်ရွက်ပေးနေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လက်ရှိဝင်ရောက်နေသော နိုင်ငံပေါင်း ၆၇ နိုင်ငံအတွက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌လည်း e-Visa ထုတ်ပေးမှုကို စတင်ခြင်းဖြစ်သည်။ 

ယင်းသို့ ဆောင်ရွက်ပေးမည်ဖြစ် သည့်အတွက် နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် သက်ဆိုင်ရာ သံရုံးသို့သွားရောက်၍  e-Visa ကိစ္စ ဆောင်ရွက်ရန်မလိုဘဲ  အွန်လိုင်းမှ တစ်ဆင့် လိုအပ်သောအချက်အလက် များကိုဖြည့်စွက်၍  e-Visa  ပေးပို့ လျှောက်ထားနိုင်သည်။

''ဒီလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က နိုင်ငံခြားခရီးသွားဧည့်သည် တွေမှာ အချိန်ကုန်၊ ငွေကုန်သက်သာ သွားမယ်။ ဝင်ရောက်မှုလွယ်ကူသွား တဲ့အတွက် နိုင်ငံခြားခရီးသွား ဧည့်သည်တွေ မြန်မာနိုင်ငံကို ဝင်ရောက်မှု  ပိုမိုများပြားလာမယ်။ ဒီလိုများပြားတဲ့အတွက် နိုင်ငံတော်ရဲ့ ဝင်ငွေကလည်း တိုးတက်လာနိုင်တယ်။ အခုအချိန်မှာ နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့စနစ်တွေကို မြန်မာနိုင်ငံမှာလည်း  ကမ္ဘာနဲ့ရင်ပေါင်တန်း လုပ်ဆောင်နိုင်အောင် ပြုလုပ်နေတာက ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေပဲဖြစ်ပါတယ်'' ဟု  မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူးက ပြောကြားသည်။

ယခုအချိန်တွင် e-Visa ထုတ် ပေးနိုင်ရန်  လိုအပ်သောစက်ပစ္စည်းများဖြစ်သည့် ဘားကုတ်ရေဒါနှင့် ဆာဗာများတပ်ဆင်နေပြီး e-Visa ထုတ်ပေးရာတွင် လွယ်ကူလျင်မြန် အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်စေရန် ဝန်ထမ်းများကို ရက်တိုသင်တန်း များဖွင့်လှစ်၍ သင်ကြားပို့ချပေး လျက်ရှိကာ e-Visa လျှောက်ထားမှုအတွက် တစ်ဦးလျှင် ဒေါ်လာ ၅ဝ သတ်မှတ်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ  ခွင့်ပြုနိုင်ငံများ  e-Visa လျှောက်ထားမှုအပေါ် အချက်အလက်များအား စစ်ဆေးပြီး ငါးရက်အတွင်းမှာပင် ဝင်ရောက်ခွင့်ကို ပြန်လည်အကြောင်းကြားပေးမည် ဖြစ်သည်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံခြားခရီးသွား ဧည့်သည်အများဆုံး ဝင်ရောက်သော နိုင်ငံများအနေဖြင့် ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်တို့တွင်  တရုတ်နိုင်ငံ၊ ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ထိုင်းနိုင်ငံတို့ဖြစ်ပြီး လက်ရှိအချိန် တွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း၊  မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တိုက်ရိုက်ပျံသန်းပေးသော နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ စင်ကာပူနှင့် ကိုရီးယားနိုင်ငံတို့ဖြစ်ကြောင်းနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာမှဝင်ရောက် သောလေကြောင်းလိုင်း ခုနစ်လိုင်းရှိပြီး  ပြည်တွင်းလေကြောင်းလိုင်း အနေဖြင့် ရှစ်လိုင်းရှိကြောင်း သိရသည်။  

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment