Saturday, November 29, 2014

မြေပေါ် မြေအောက်ရေ ထိရောက်စွာသုံး


အယ်ဒီတာ့အာဘော်

တောင်သူတို့အတွက် စိုက်ပျိုးရန် အလိုအပ်ဆုံးအရာသည် ကား ''ရေ''ပင်ဖြစ်သည်။ တောင်သူတို့အနေဖြင့် စိုက်ပျိုးရန်''မိုး ရေ''ကိုသာ အဓိကအားထားစိုက်ပျိုးကြလေ့ရှိကြသည်။ ဤသို့ စိုက်ပျိုးခြင်းမှာ သမားရိုးကျစိုက်ပျိုးခြင်းပင်ဖြစ်သည်။ တိုးတက် လာသောခေတ်တွင် မိုးကာလ ရွာချသောမိုးရေများကို သိုလှောင် သိမ်းဆည်းနိုင်သည့် ဆည်မြောင်းချောင်းကန်များကို အသုံးပြုကာ စိုက်ပျိုးလာကြသည်။ မြန်မာနိုင်ငံ၌ ပုဂံခေတ်မှစတင်ပြီး ဆည် မြောင်းကန်ချောင်းများကို အသုံးပြုကာ စိုက်ပျိုးရေးထွန်းကား တိုးတက်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ ဤသို့ စိုက်ပျိုးခြင်းသည်ကား မြေပေါ်ရေသယံဇာတများကို အသုံးပြုစိုက်ပျိုးခြင်းပင် ဖြစ်ပါသည်။

ယခုအခါ တိုးတက်လာသည့်အလျောက် မြေအောက်ရေ သယံဇာတများကိုပင် ထုတ်ယူသုံးစွဲလာကြပြီဖြစ်သည်။ မြန်မာနိုင်ငံ ၏ မိုးနည်းရပ်ဝန်းဖြစ်သည့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက် ဒေသများတွင် မြေအောက်ရေဖြင့် ရာသီမရွေးစိုက်ပျိုးနိုင်အောင် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနက ဦးဆောင်ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၃၉ ရွာတွင် အဝီစိတွင်း ၁၈ဝ ကို တူးဖော်ဆောင်ရွက်ပေးနိုင်ခဲ့ သဖြင့် ရာသီမရွေးစိုက်ပျိုးလာနိုင်၍ တောင်သူများအဆင်ပြေလာ ကြောင်း ကြားသိရသည်။

ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာန၏ဦးဆောင်မှု၊ တိုင်းဒေသကြီးမှ ရန်ပုံငွေပံ့ပိုးမှုတို့ဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၂ဝ တွင် အဝီစိတွင်း ၁၂၈ တွင်း တူးဖော်ပေးရန် လျာထားရာမှ တွင်းပေါင်း ၈ဝ တူးဖော်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ဆက် လက်၍လည်း ကျန်ရှိတွင်းများကို တူးဖော်လျက်ရှိသည်။

မိတ္ထီလာမြို့နယ်သည် မိုးခေါင်ရေရှားဒေသများအနက် မိုးခေါင် မှုဒဏ်ကို နှစ်စဉ်ကြုံတွေ့ရသော ဒေသတစ်ခုဖြစ်သည်။ ယခုကဲ့သို့ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ကျေးလက်နေပြည်သူများ စိုက်ပျိုးရေးလုပ်ငန်း အားသစ်အင်သစ်များ ဖြစ်ကာ လူမှုဘဝများတိုးတက်လာကြသည်။

မိုးခေါင်ရေရှားရပ်ဝန်းအတွင်းရှိ မန္တလေး၊ မကွေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင်လည်း မြေအောက်ရေသယံဇာတကို အလားတူ ထိရောက်စွာ အသုံးပြုနေကြောင်းသိရသည်။ မြေအောက်ရေကို အကျိုးရှိစွာထုတ်ယူသုံးစွဲလာနိုင်သည်နှင့်အမျှ တောင်သူများမိုးခေါင်မှု ဒဏ်မှကင်းလွတ်ကာ စိုက်ရေးပျိုးရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်လာနိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက် အဆင်ပြေလာမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment