Monday, November 3, 2014

ဘုရင့်နောင်တံတားအမှတ် (၂) ယနေ့နံနက်မှစ၍ ကားများဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်

Photo: ဘုရင့်နောင်တံတားအမှတ် (၂) ယနေ့နံနက်မှစ၍ ကားများဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်

ရန်ကုန်   နိုဝင်ဘာ   ၂

လှိုင်မြစ်ပေါ်တွင် ဖြတ်သန်းတည်ဆောက်ခဲ့ပြီး ရန်ကုန်အနောက်ပိုင်းယာဉ်ကြောပိတ်ဆို့မှုကို သက်သာစေမည့် လှိုင်မြစ်ကူးဘုရင့်နောင်တံတားအမှတ်(၂)သည် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ယခုလအတွင်း အခမ်းအနားဖြင့် မကြာမီဖွင့်လှစ်သွားရန်  စီစဉ်လျက်ရှိသည်။

တံတားဖွင့်ပွဲမပြုလုပ်မီ နိုဝင်ဘာ ၃ ရက် နံနက်မှစ၍ တံတားကြီးပေါ်မှ ကားများဖြတ်သန်း မောင်းနှင်ခွင့်ပြုတော့မည်ဟု သိရသည်။ ''ကျွန်တော်တို့ ဒီဘုရင့်နောင်တံတားကြီး အမှတ်(၂)ကို အောက်တိုဘာလကုန်မှာ အသုံးပြုနိုင်တော့မယ်လို့ ပြောထားတဲ့အတိုင်း နိုဝင်ဘာ ၃ ရက်မှစပြီး ကားတွေဖြတ်သန်းမောင်းနှင်ခွင့်ပြုတော့မှာဖြစ်ပါတယ်။ တံတားကြီးကိုလည်း အများပြည်သူသုံးနိုင် တဲ့ အဆင့်ရောက်ရှိနေပြီဆိုတာကိုလည်း စစ်ဆေးစမ်းသပ်ပြီး ဝန်တင်ထားတဲ့ ကားတွေမောင်းနှင် ကြည့်ခြင်းများဆောင်ရွက်ပြီးဖြစ်ပါတယ်'' ဟု တံတားကြီးကို တာဝန်ယူတည် ဆောက်ခဲ့သော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအထူးစီမံကိန်းကြီးအဖွဲ့ (၅)မှ အင်ဂျင်နီယာမှူးကြီး ဦးတင့်လွင်က ပြောကြားသည်။

ဘုရင့်နောင်တံတားအမှတ် (၂)သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်သို့ လှိုင်မြစ်ကိုဖြတ်၍  တည်ဆောက်ထားသော ဘုရင့်နောင်တံတားအမှတ် (၁)အနီးယှဉ်လျက် မြစ်ညာဘက်ပေ ၂ဝဝ အကွာတွင်  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အထူးစီမံကိန်းကြီးအဖွဲ့ (၅) က တာဝန်ယူတည်ဆောက်ခဲ့ပြီး တံတားအရှည်မှာ  ၁၆၂၈ ဒသမ ဝ၃ ပေရှိသည်။ ချဉ်းကပ်တံတားအရှည်မှာ မရမ်းကုန်းဘက်ကမ်း၌ ၈၁၉ ဒသမ ၃၆၄ ပေနှင့် လှိုင်သာယာဘက်ကမ်း ချဉ်းကပ်တံတားမှာ  ၁၆၅၇ ဒသမ ၁၃၄ ပေ  စုစုပေါင်းတံတားအရှည် ၄၁ဝ၄ ဒသမ ၅၃ ပေ ရှည်ကြောင်း သိရသည်။

မော်တော်ယာဉ်တစ်စီး၏ ဝန်အလေးချိန် ၇၅ တန်ခံနိုင်ပြီး တံတား ကြီးပေါ်တွင် လေးလမ်းသွားကားလမ်း အကျယ် ၄၈ ပေနှင့် လူသွားလမ်း တစ်ဖက်လျှင် အကျယ်ခြောက်ပေ၊ ရေလမ်းကင်းလွတ်အကျယ်ပေ ၃၇ဝ နှင့်ရေလမ်းကင်းလွတ် အမြင့်မှာ အမြင့်ဆုံးရေတက်အမှတ်  ၃၆ပေ ရှိသည်။ 

 တံတားကြီးတည်ဆောက်ရေး စီမံကိန်းကို ၆-၁-၂ဝ၁၃ ရက် နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ဖွင့်ပွဲကျင်းပ နိုင်မည့် နိုဝင်ဘာ ၉ ရက် အထိဆိုလျှင် တံတားတည်ဆောက်ခဲ့သည့်ကာလမှာ တစ်နှစ်ဆယ်လနှင့် သုံးရက်သာကြာခဲ့သည်ဟု  သိရသည်။

သတင်း - ခရမ်းစိုးမြင့်
ဓာတ်ပုံ - ကျော်မိုးလွင်

No comments:

Post a Comment