Sunday, November 2, 2014

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ 

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် အောင်မြင်ဖြစ်ထွန်းမှုများရှိသကဲ့သို့ ဆက်လက်ကြိုးပမ်းကျော်လွှားရမည့် စိန်ခေါ်မှုများ များစွာရှိနေပါသေးကြောင်း၊ ဤသည်မှာလည်း မြန်မာ့နိုင်ငံရေး၏ အရှိတရားပင်ဖြစ်ပါကြောင်း၊ ထိုစိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် မြန်မာနိုင်ငံ၏ အမျိုးသားရေး အင်အားစုများအားလုံး စုစည်းကြိုးပမ်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်းဖြင့် နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည့် အမျိုးသားနိုင်ငံရေး အင်အားစုငါးဖွဲ့မှ ခေါင်းဆောင်များ၏ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ 

နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းမှ အစိုးရ၊ ဥပဒေပြုရေးပိုင်းမှ လွှတ်တော်၊ ကာကွယ်ရေးပိုင်းမှ တပ်မတော်၊ ရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများ၊ တစ်နည်းအားဖြင့် အမျိုးသားနိုင်ငံရေး အင်အားစုငါးဖွဲ့မှ ခေါင်းဆောင်များတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ရာ မြန်မာ့နိုင်ငံရေး၏ ပစ္စုပ္ပန်ကာလ ပကတိအရှိတရားနှင့်မဖြစ်မနေ ပူးပေါင်းဆောင်ရွက်သွားကြရမည့် အမျိုးသားနိုင်ငံရေး လိုအပ်ချက်တို့ကို ရိုးသားပွင့်လင်းစွာ ထောက်ညွှန်ပြခဲ့ခြင်းပင် ဖြစ်သည်။ 

မိမိတို့နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် အခိုင်အမာဖြစ်ထွန်းပေါ် ပေါက်လာရေးအတွက် တည်ဆောက်ကြရာတွင် ချဉ်းကပ်သည့်နည်းလမ်းများနှင့်ပတ်သက်၍နိုင်ငံရေးအရအမြင်မတူခြင်း၊ သဘောထားမတိုက်ဆိုင်ခြင်းများရှိနိုင်သည်ကိုလည်း အသိအမှတ်ပြုထားကြောင်း သမ္မတ၏ မိန့်ခွန်းအရသိရသည်။ ချဉ်းကပ်သည့် နည်းလမ်းမတူညီသည့်တိုင်အောင် ပန်းတိုင်တူညီခြင်း (သို့ မဟုတ်) ဘုံရည်မှန်းချက်တူညီခြင်းကြောင့် နိုင်ငံရေးအင်အား စုများအချင်းချင်း လက်တွဲဆောင်ရွက်သွားခြင်းဖြင့် အောင်မြင်မှုများ မလွဲမသွေရနိုင်ကြောင်းဖြင့်လည်း အဆိုပြုထားသည်ကို တွေ့နိုင်သည်။  

စနစ်တစ်ခုမှ နောက်စနစ်တစ်ခုဆီသို့ ချောမွေ့ညင်သာစွာ ကူးပြောင်းနိုင်ခဲ့သဖြင့် စံပြုရမည့် မော်ဒယ်တစ်ခုအဖြစ်ပင် ကမ္ဘာကရှုမြင်ခဲ့ကြသော မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုသစ်နှင့်လျော်ညီစွာ မတူညီသော နိုင်ငံရေးအင်အားစုများအချင်းချင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာ ခြင်းဖြင့် ဘုံရည်မှန်းချက် ပန်းတိုင်ဆီသို့ မလွဲမသွေရောက်ရှိနိုင်ကြမည်ဖြစ်သည်။  

ယခုအခါ ၂ဝ၁၄ ခုနှစ်၏ နှောင်းပိုင်းကာလဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မကြာမတင်သောကာလတွင် ၂ဝ၁၅ နှစ်သစ်ဆီသို့ ကူးပြောင်းရန်တာဆူနေပြီဖြစ်သည်။ ၂ဝ၁၅ ခုနှစ်၏ ရှေ့ပိုင်းကာလများသည် အထွေထွေရွေးကောက်ပွဲများဆီသို့ ဦးတည်သော အကြိုကာလများဖြစ်ရာ မိမိတို့နိုင်ငံ၏ လတ်တလောလိုအပ်ချက်မှာ နိုင်ငံရေးအရ တည်ငြိမ်မှုရှိရေးပင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်သူများအားလုံးအနေဖြင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများအဖြစ် အောင်အောင်မြင်မြင် ကျင်းပနိုင်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြရမည်ဖြစ်သည်။ 

နိုင်ငံတစ်ခုကို တိုင်းပြုပြည်ပြုတည်ဆောက်မှုဟူသည် ဆယ်စုနှစ်များနှင့်ချီ၍ တစ်ဆင့်ပြီးတစ်ဆင့်တည်ဆောက်သွား ကြရမည်ဖြစ်သည့်အလျောက် ရှေ့လူတို့ လွှဲပြောင်းပေးအပ်သည့် တာဝန်တို့ကို နှောင်းလူတို့က ပခုံးပြောင်းထမ်းဆောင်သွားကြရမည်ဖြစ်သည်။ ရှေ့လူတို့ထားရစ်ခဲ့သည့်သမိုင်းအမွေအနှစ်တို့ကိုလည်း နှောင်းလူတို့ကဆက်ခံကြရဦးမည်သာဖြစ်သည်။ကောင်းသောအမွေကို ပေးနိုင်ရန်မှာမူ ပစ္စက္ခမျိုးဆက်တို့၏ တာဝန်ဖြစ်သည်ဟု ရှုမြင်ပါကြောင်း။ ။

No comments:

Post a Comment