Sunday, November 30, 2014

ကြေးမုံ စာတည်းရှုထောင့်

မှန်ကန်သော ယှဉ်ပြိုင်ခြင်း

''အနိုင်အရှုံးသည် သာမည၊  ယှဉ်ပြိုင်ခြင်းသည် ပဓာန''ဟူသော ဆောင်ပုဒ်တစ်ခုကို အားကစားလောကတွင် မှတ်သားဖူးသည်။ တစ်နည်းအားဖြင့် ယှဉ်ပြိုင်ခြင်းဟူသည် ရှင်သန်ခြင်း၏ အခြားအမည်နာမတစ်ခုအဖြစ်လည်း နားလည်ဖူးသည်။

သတ္တလောကတွင် တည်ရှိနေသူအားလုံးမှာ အသက်ရှင်သန်ရပ်တည် နေထိုင်ရေးအတွက် အစဉ်အမြဲ လှုပ်ရှားရုန်းကန်နေရသည်။ လူတစ်ဦး၊ လူတစ်စုမှ နိုင်ငံတစ်ခုအထိ တစ်ဦးနှင့်တစ်ဦး၊  တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်အဆိုင် ရုန်းကန်လှုပ်ရှားကြိုးစားနေရသည်။ ယင်းတို့သည် ကောင်းသောယှဉ်ပြိုင်ခြင်းဖြစ်သည်။ တိရစ္ဆာန်နယ်ပယ်တွင်မူ ၎င်းတို့၏ဘဝရပ်တည် နိုင်ရေးအတွက် ကြီးနိုင်ငယ်ညှဉ်းဓလေ့များ ရင်ဆိုင်ကြရသည်။

လူသားတို့နယ်ပယ်တွင် ကျိုးကြောင်းဆင်ခြင် ဉာဏ်အမြော်အမြင်ကြီးစိုးသော လူသားများပီပီ ယှဉ်ပြိုင်မှုကို ဉာဏ်နှင့်ယှဉ်၍ အားထုတ်ကြသည်။ ဝီရိယနှင့်ယှဉ်၍ အားထုတ်ကြသည်။ အချို့လည်း ပညာသားပါပါ အားထုတ် ကြသည်။ ဤသို့ ဉာဏ်စွမ်းရှိသလောက် အမျိုးမျိုးအဖုံဖုံ အားထုတ်ကြရာတွင် အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ရှိသူများအတွက် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အောင်မြင်မှုကို ရရှိနိုင်သည်။ တရားသဘောရှိသူများမှာမူ ကြုံတွေ့လာရသော လောကဓံကို ရင်ဆိုင်နိုင်ဖို့ ''ယောနိသောမနသိကာရ''ကို လက်ကိုင်ထားသဖြင့် လောကအလယ်တွင် ပေါ့ပေါ့ပါးပါးနေနိုင်ကြ၏။

ယှဉ်ပြိုင်မှုတွင် အချို့က ''ပြိုင်လာလျှင်အရှုံးပေး နှလုံးအေးတဲ့ဆေး''ဟု လည်းဆိုကြသေးသည်။ ယင်းသည် အကန့်အသတ်နှင့်ဖြစ်လိမ့်မည်။ နေရာတိုင်းတွင် ဤသို့ကျင့်သုံးပါက လူဖြစ်ပါလျက် လူဖြစ်ရှုံး နှလုံးမလှ ဖြစ်သွားနိုင် သည်။ တရုတ်စကားပုံတွင် ''သိုးကဲ့သို့မကျင့်သုံးနှင့် သတ်ဖြတ်နှိပ်စက်ခံရလိမ့်မည်၊ ကျားသစ်ကဲ့သို့နေ''ဟူ၍ မှတ်သားဖူးသည်။ ဤသဘောသည် အနိုင်ကျင့်ဖို့ အတွက်မဟုတ်၊ အနိုင်ကျင့်မခံရအောင် ကျင့်ကြံနေထိုင်ဖို့ သဘောကိုဆိုလိုခြင်း ဖြစ်တန်ရာသည်။

ယှဉ်ပြိုင်ခြင်းသည် နေရာတိုင်းတွင်ရှိသည်။ အနီးစပ်ဆုံးတွင် မိမိခန္ဓာကိုယ်ကိုကြည့်လျှင် သိနိုင်သည်။ အစဉ်အမြဲအားဖြင့် မနောကံ လွန်ဆွဲအားပြိုင်မှု ဖြစ်သည်။ ကောင်းမှုနှင့် မကောင်းမှု၊ ကုသိုလ်၊ အကုသိုလ်တရားနှစ်ပါးသည် မိမိစိတ်သဏ္ဌာန်တွင် တစ်ရံမလပ် တရစပ်အားပြိုင်နေကြသည်။ အနိုင်အရှုံးကို အကြင်သူ၏လုပ်ဆောင်မှုက အဆုံးအဖြတ်ပေးသည်။ သာမန်အားဖြင့် အကုသိုလ်များက ရှုံး၏၊ ကုသိုလ်များက နိုင်၏ဆိုငြားလည်း ခံယူသူ၏ အယူအစွဲပေါ်တွင် မူတည်နေပြီး ယတိပြတ်ဆုံးဖြတ်၍ မရနိုင်။  အတ္တလွှမ်းမိုးသူများအတွက် မိမိလုပ်ဆောင်ချက်သာ အမှန်ချည်းဟုဆိုလိမ့်မည်။

ယှဉ်ပြိုင်မှုဥပမာတစ်ခုအဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် သန့်ရှင်းရေးဆောင်ရွက်ချက်များကို ယှဉ်ပြိုင်စေ၍ အကောင်းဆုံး သန့်ရှင်းရေးမြို့နယ်ဆု ချီးမြှင့်မည်ဟု သိရသည်။ ယင်းကို ကောင်းသောယှဉ်ပြိုင်ခြင်းဟု ဆိုရမည်။ သန့်ရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို  မြို့နယ်များသို့ ပေးပို့ထားသည်။ သန့်ရှင်းရေး ဆောင်ရွက်မှုအပေါ်အမှတ်ပေးရာတွင် အထူးသဖြင့် အမှိုက်ပုံးများ၊ အမှိုက်ကန်များသန့်ရှင်းမှု၊ စနစ်တကျသိမ်းဆည်းမှုများကို ဦးစားပေးစောင့်ကြည့် အမှတ်ပေးသွားမည်ဟု ဆိုသည်။

မြို့နယ်အတွင်းတွင်  ရပ်ကွက်အလိုက်ယှဉ်ပြိုင်စေခြင်း၊ ရပ်ကွက် အတွင်းတွင် လမ်းအလိုက်ယှဉ်ပြိုင်စေခြင်းများကို  ထပ်ဆင့်လုပ်ဆောင် သွားနိုင်ပါက မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာလိမ့်မည်။ ပြည်သူ့အားမပါလျှင် ဘယ်အရာမျှမပြီး ဆိုသကဲ့သို့ ထိုနည်းသည် ရပ်ကွက်သူ ရပ်ကွက်သားများ အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းပါဝင်မှုအားကို ရနိုင်ပေသည်။

''တစ်ဦးဆောင်သော်မရ၊ တစ်သောင်းဆောင်သော်ရ၏'' ဆိုစကားအတိုင်း အားလုံးနှင့်ဆိုင်သော လုပ်ငန်းတိုင်းတွင် အားလုံးပါဝင်လာနိုင်ရန် တာဝန်ရှိသူများဘက်ကလည်း   စီစဉ်ဆောင်ရွက်ပေးနိုင်ရန်  လိုအပ်ပါသည်။ သို့ဆိုလျှင် အနိုင်အရှုံးထက် မိမိတို့မြို့ပြသန့်ရှင်းစေရမည်ဟူသော ရည်ရွယ်ချက်ဖြင့် အပြိုင်အဆိုင် ယှဉ်ပြိုင်ခြင်းက မြို့ပြအတွက် ရလဒ်ကောင်းထွက်လာမည်မှာ အမှန်ဖြစ်ပါလိမ့်မည်။    ။

No comments:

Post a Comment