Tuesday, November 4, 2014

လှိုင်မြစ်ကူး ဘုရင့်နောင်တံတားအမှတ်(၂)တွင် မော်တော်ယာဉ်များစမ်းသပ်မောင်းနှင်ခွင့်ပြု

Photo: လှိုင်မြစ်ကူး ဘုရင့်နောင်တံတားအမှတ်(၂)တွင် မော်တော်ယာဉ်များစမ်းသပ်မောင်းနှင်ခွင့်ပြု

ရန်ကုန်    နိုဝင်ဘာ   ၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အထူးစီမံကိန်းကြီး အဖွဲ့(၅)က တည်ဆောက်ခဲ့သည့်  လှိုင်မြစ်ကူးဘုရင့်နောင် တံတားအမှတ်(၂)တံတားကြီး ရာနှုန်းပြည့် ပြီးစီးခဲ့သည့်အတွက် နိုဝင်ဘာ ၃ ရက်တွင်   မော်တော်ယာဉ်များ  စတင်စမ်းသပ် ဖြတ်သန်းခွင့်ပြုခဲ့ရာ   ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်  ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ    သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။ 

ဘုရင့်နောင်တံတားအမှတ်(၂) သည် မရမ်းကုန်းမြို့နယ်နှင့်  လှိုင် သာယာမြို့နယ်သို့ ဆက်သွယ်တည် ဆောက်ထားသော   လှိုင်မြစ်ကူး ခေတ်မီတံတားတစ်စင်းဖြစ်သည်။ ဘုရင့်နောင်တံတား အမှတ်(၂)သည် ယခင်    တည်ဆောက်ထားသော အမှတ်(၁)တံတားနှင့်     ကပ်လျက် ပေ ၂ဝဝ အကွာတွင် တည်ဆောက်ထားခြင်းဖြစ်သည်။  တံတားအရှည်မှာ  ၁၆၂၈ ပေကျော်နှင့်  ချဉ်းကပ်တံတားနှစ်ဖက် အပါအဝင်  စုစုပေါင်းတံတားအရှည်မှာ ၄၁၄ဝ ဒသမ ၅ ပေရှိပြီး  လှိုင်မြစ်အတွင်း လှေ၊ သမ္ဗန်စက်တပ်ရေယာဉ်များ အန္တရာယ် ကင်းစွာသွားလာနိုင်ရန် ရေလမ်းကင်းလွတ် အမြင့် ၃၆ ပေနှင့် ရေလမ်းအကျယ်ပေ  ၃၇ဝ ရှိကြောင်း သိရသည်။ 

အဆိုပါ ဘုရင့်နောင်တံတားအမှတ်(၂) တံတားဖွင့်ပွဲကို မကြာမီရက်အတွင်း ဖွင့်လှစ်ပေးနိုင်ရန်အတွက် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အထူးစီမံကိန်းကြီးအဖွဲ့(၅)နှင့်     ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) အဖွဲ့များနှင့် ပူးပေါင်း၍ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ကြိုးတံတားဖြတ်သန်းခွင့်နှင့် ပတ်သက်၍ လှိုင်သာယာမြို့နေပြည်သူများ၏ ရင်ဖွင့် စကားသံကိုလည်း   အောက်ပါအတိုင်း ကြားသိရပါသည်။

''ကျွန်မက အကြော်စုံကို မြို့ထဲထိ သွားရောင်းတာ လမ်းမှာကားတွေကျပ်နေတာကြောင့် မြို့ထဲလည်းရောက်ရော အကြော်တွေက အေးကုန်ပြီ။ အခုတံတားကြီးပြီးသွားတော့ အချိန်တိုတိုနဲ့ မြို့ထဲရောက်တာပေါ့။ အကြော်စုံ ပူပူနွေးနွေးလို့အော်ပြီး ရောင်းနိုင်ပြီလေ။ ပျော်တယ်အရမ်းပျော်တာပါပဲရှင်။''
(ဒေါ်ရွှေကြည်-လှိုင်သာယာ) 

''မနက်မိုးမလင်းခင် အိမ်ကထွက်တယ်။ ကလေးတွေ အိပ်ချိန်မှ ပြန်ရောက်တယ်။ သားသမီးတွေ အဖေကိုတောင် မမှတ်မိတော့ဘူး။ ကားတွေကျပ်လို့ စောစောထွက်၊ နောက်ကျမှ ပြန်ရတာ အဲဒီဒုက္ခ ငြိမ်းသွားပြီ။ တံတားကြီးရဲ့ အကျိုးကျေးဇူးကြောင့် ကလေး တွေရဲ့ အဖေလို့ခေါ်သံပြန်ကြားနေရပြီ။''
(ကိုရေအေး ပန်းရန်လုပ်သား အမှတ်(၇)ရပ်ကွက်၊ လှိုင်သာယာ) 

''အခုကားတွေ  ဂျန်းမဖြစ်တော့ဘူး။ ခေါက်ရေလည်း ပုံမှန်ပြန်ဆွဲလို့ရပြီ။ ခရီးသည်တွေလည်း ကားပေါ်မှာ အချိန်မဖြုန်းရတော့ ဘူး။ အချိန်တိုတိုနဲ့ လိုရာသွားနိုင်ပြီ။ ပျော်ပါတယ်။ ဒီမိုကရေစီ  အစိုးရသစ်အပေါ် ပြည်သူတွေက အရမ်းကျေးဇူးတင်ပါတယ်။'' 
(၃၃၃ ယာဉ်မောင်း ကိုလှဝင်း၊ မီးခွက်ဈေး)

''ပျော်လိုက်တာ  ဒီမနက်ပဲ တံတားသစ်ကြီးက ဖြတ်ခဲ့တယ်။ Taxi  သမားတွေ လှိုင်သာယာကို  ခရီးသည်များရင် ကြောက်ကြတယ်။ အချိန်ကြာတယ်။ ဆီကုန်တယ်။ အခုတော့ လှိုင်သာယာခရီးသည်တွေများများ လာငှားပါစေလို့  ဆုတောင်းနေရတယ်။ လှိုင်သာယာသားတွေအတွက် နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးတဲ့  ဘဝသစ်တံတားကြီး တစ်ခုပါပဲ။''
(ဦးနှုတ်ခမ်းမွှေး - Taxi ယာဉ်မောင်း-အဝေးပြေး)

''အချိန်စောထွက်ခဲ့တယ်။ တံတားသစ် ကြီးဖွင့်လိုက်တာ မသိလိုက်ဘူး။ ယခင်ထက် အချိန်စောရောက်တဲ့အတွက် ဝမ်းသာလိုက် တာဗျာ။ လှိုင်မြစ်ကူးတံတားကြီးပေါ်ထွက်လာတာ အိပ်မက်တစ်ခုလိုပဲ။ နိုင်ငံတော်ကို ကျေးဇူးတင်ရမှာပေါ့။ ပြည်သူ့အသံကို ဂရုတစိုက်ရှိတဲ့အတွက် ကျေးဇူးကမ္ဘာပါပဲဗျာ'' 
(မောင်တင်မောင်ဝင်း အချိန်ထိန်းလုပ်သား -အမှတ်(၁၂)ရပ်ကွက် ရွှေဝါထွန်း(၇)လမ်း လှိုင်သာယာ)

သတင်းနှင့် ဓာတ်ပုံ - စောသိန်းဝင်း

No comments:

Post a Comment