Saturday, November 1, 2014

ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအား ပရိတ်သတ်များ ကိုယ်တိုင် ဂုဏ်ပြုနိုင်



ရန်ကုန် အောက်တိုဘာ ၃၁
 

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ပြီးခဲ့သည့် အာရှဖလား ယူ-၁၉ ပြိုင်ပွဲတွင် ရေကုန်ရေခန်း ခြေစွမ်းပြကစားကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့လည်း တက်ရောက်ကစားခွင့်ရရှိခဲ့သည်။ ယူ-၂ဝ ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ- ၁၉ အသင်းအား နိုဝင်ဘာ ၁ ရက်တွင် Sule Shangri-La Hotel ၌ ဂုဏ်ပြုပွဲ အခမ်းအနားဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၂ ရက်တွင် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်း အနားဖြင့်လည်းကောင်း ဂုဏ်ပြုသွား မည်ဖြစ်သည်။

ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားတွင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်ပြီး နာမည်ကျော် သရုပ်ဆောင်များစွာ ပါဝင်သည့် ''လူကျွံဘော'' ပြဇာတ်နှင့် နာမည် ကျော်တေးသံရှင်များ၊ အနုပညာရှင် များ ပါဝင်သည့် ဂီတနှင့် ဖျော်ဖြေပွဲ များ ပါဝင်မည်ဖြစ်သည်။

အထက်ပါ အနုပညာရှင်များ သည်လည်း ဖျော်ဖြေပွဲအခမ်းအနား တွင် မြန်မာ ယူ-၁၉ အသင်းအား ဂုဏ်ပြုသည့်အနေဖြင့် မေတ္တာဖြင့် ပါဝင်ကူညီ ဖျော်ဖြေပေးခြင်းဖြစ်ပြီး ရရှိသည့် လက်မှတ်ခများကို မြန်မာ ယူ-၁၉ အသင်းအား ပေးအပ်သွား မည်ဖြစ်သည်။ ဖျော်ဖြေပွဲအတွက် လက်မှတ်ခကို တစ်စောင်လျှင် ငွေ ကျပ် ၇ဝဝဝ သာ သတ်မှတ်ထားပြီး လက်မှတ်တစ်စောင်လျှင် မြန်မာ အသင်း ဂျာစီတစ်ထည်စီနှင့် လည် စည်းပဝါတစ်ခုစီ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြန်လည်၍ မေတ္တာလက်ဆောင် ပေးအပ်သွား မည်ဖြစ်သည်။ လက်မှတ်ခ ဝင်ငွေကို နိုင်ငံ့ဂုဏ်ဆောင် မြန်မာယူ-၁၉ အသင်းအတွက် ပရိသတ်များက ဂုဏ်ပြုငွေအဖြစ် ပေးအပ်သွားမည် ဖြစ်သည်။

ဂုဏ်ပြုဖျော်ဖြေပွဲလက်မှတ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)ရုံး၌ ရောင်းချပေးလျက်ရှိပြီး နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ တွင်း ပရိသတ်အား မြန်မာယူ-၁၉ အသင်း လှည့်လည်အောင်ပွဲခံ နှုတ် ဆက်မည့် ခရီးစဉ်တွင်လည်း မော် တော်ယာဉ်ဖြင့် တိုက်ရိုက်ရောင်းချ ပေးသွားမည်ဖြစ်သည်။ လက်မှတ်များအား Bo Bo Music Production? City Mart & Ocean Supermarket၊ မန်းသီရိ၊ No-BODY၊ FASHION STAR၊ RUN YGN တို့တွင်လည်း ဝယ်ယူ နိုင်မည် ဖြစ်သည်။

ပရိသတ်များအနေဖြင့် မြန်မာ ယူ-၁၉အသင်းမှ ကစားသမား များ၏ ၂ဝ၁၅ ဖီဖာယူ-၂ဝ ကမ္ဘာ့ ဖလား(နယူးဇီလန်) ဝင်ခွင့်ရရေး အတွက် ရေကုန်ရေခန်း ကြိုးစားပေး ခဲ့ကြမှုကို ဂုဏ်ပြုချီးမြှင့်လိုပါက ကိုယ်တိုင်ပါဝင် ချီးမြှင့်နိုင်ရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က ဘဏ်စာရင်းသုံးခု ဖွင့်လှစ်ပေးထား သည်။ ပရိသတ်များအနေဖြင့် KBZ ဘဏ်စာရင်းအမှတ် ဝ၂၇-၃ဝ၂- ဝ၂၇ဝ၃၄၁၅၈ဝ၁၊ AGD ဘဏ် စာရင်းအမှတ် ၃၂၄၁၂၂ဝဝဝ၆၇၃၄၊ ဧရာဝတီဘဏ်စာရင်း အမှတ် ဝဝ၈ဝ၂ဝ၂ဝ၁ဝဝဝ၈၄၄၁ ဘဏ် စာရင်းများမှ မြန်မာယူ-၁၉ အသင်း အား ဂုဏ်ပြုချီးမြှင့်ပေးနိုင်ကြောင်း သိရသည်။ (မြန်မာ့အလင်း)

No comments:

Post a Comment