Sunday, November 2, 2014

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရမည်းသင်းမြို့ နှစ်(၈၀)ပြည့် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်တက်ရောက်

Photo: အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရမည်းသင်းမြို့ နှစ်(၈၀)ပြည့် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်တက်ရောက်

နေပြည်တော်   နိုဝင်ဘာ   ၁

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ နှစ်(၈ဝ) ပြည့် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော် ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရမည်းသင်းမြို့ မြို့မရပ်ကွက် ရန်အောင်မြင် သာသနာ့ဗိမာန်၌ ကျင်းပသည်။ 

အခမ်းအနားသို့ ရမည်းသင်းမြို့ ဇေယျာအောင်မြင် ကျောင်းတိုက် ဆရာတော် ဓမ္မာစရိယ ဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တဉာဏိကဝရ အမှူးပြုသော ဆရာတော်၊ သံဃာတော်အပါး ၆ဝ ကြွရောက်ချီးမြှင့်တော်မူကြပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ဒေသခံပြည်သူများ တက်ရောက် ကြည်ညိုကြသည်။ 

ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအမှူးပြုသော ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ရမည်းသင်း မြို့နယ် အောင်မြင်ရွှေဘုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် လှူဖွယ်ဝတ္ထုပစ္စည်း ပဒေသာပင်များ၊ အထူးလှူဖွယ်ပစ္စည်းများဖြစ်သည့် ကွန်ပျူတာနှစ်စုံနှင့် ဆိုင်ကယ်တို့ကို စာရေးတံမဲချ၍ ရမည်းသင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၆ဝ သို့ ဆက်ကပ်လှူဒါန်းပြီး အောင်မြင်ရွှေဘုံကျောင်းတိုက် ဆရာတော် ချီးမြှင့်သည့် ကထိန်အနုမော ဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 

အဆိုပါ မြို့လုံးကျွတ် မဟာဘုံ ကထိန်ပွဲတော်ကို အောက်တိုဘာ ၂၆ ရက်မှ ၃ဝ ရက်အထိ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ မြို့ပေါ်နှင့်ရပ်ကွက်တို့မှ အလှူရှင်များက ပဒေသာပင်များကို ကထိန်ပတ်လမ်းအတိုင်း အတီးအမှုတ်များဖြင့် နေ့စဉ်လှည့်လည်၍ ဗဟိုမဏ္ဍပ်သို့ ပို့ဆောင်ခဲ့ကြသည်။
 
မြို့လုံးကျွတ်  မဟာဘုံကထိန် ပွဲတော်တွင် စုစုပေါင်းတန်ဖိုး ငွေ ၇၂၅၇ဝ၉၃၈ ကျပ်ရှိ ဉတ်ပဒေသာပင်၊ ဆွမ်းပဒေသာပင်၊ လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများကို ရမည်းသင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၆ဝ သို့ လှူဒါန်းခဲ့သဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက် တန်ဖိုးငွေကျပ် ၁၂ သိန်း ကျော်ခန့် လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ရမည်းသင်းမြို့ မြို့လုံး ကျွတ်မဟာဘုံကထိန်ပွဲတော်ကိုနှစ်စဉ် တန်ဆောင်မုန်းလဆန်း ၄ ရက်မှ ၁ဝ ရက်အထိ ရမည်းသင်းခရိုင်နှင့် မြို့နယ်ရှိ ဒေသခံပြည်သူများ၏ စိတ်အားထက်သန်စွာ လှူဒါန်းမှုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)

No comments:

Post a Comment