Saturday, November 1, 2014

မြန်မာ့အလင်း အယ်ဒီတာအာဘော်



မြို့ရွာများ အပြိုင်ဖွံ့ဖြိုးရေးကြိုးပမ်း 

''အဖီးလှမှ အခိုင်လှသည်'' ဟူသော စကားရှိသည်။ကျေးလက်ဒေသများအပြိုင်ဖွံ့ဖြိုးလာမှ မြို့ပြများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့နိုင်ငံ၌ ကျေးလက်ဒေသဖွံ့ ဖြိုးရေးကို အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းလျက်ရှိပါသည်။ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစသော အစီအမံများကို ရွာအနှံ့၊ နယ်အစုံတို့၌ ဆောင်ရွက်လျက်ရှိပါသည်။ 

မွန်ပြည်နယ်မှလာသော သတင်းတစ်ရပ်တွင် မွန်ပြည်နယ်အတွင်း ပြည်ပခရီးသွားများလာရောက်မှု တိုးလာသည့်အလျောက် ဟိုတယ်နှင့်တည်းခိုရိပ်သာများ တိုးမြှင့်တည်ဆောက်လျက်ရှိကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများလည်း အောင်မြင်တိုးတက်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း ကြားသိရသည်။ 

ထို့အတူ ပုသိမ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့ကို လုပ်ဆောင်နေပြီး ရည်မှန်းချက်များ ရာနှုန်းပြည့်အောင်မြင်လျက်ရှိကြောင်းသိရသည်။ 

လက်ရှိနိုင်ငံတော်အစိုးရ၏ သုံးနှစ်တာကာလအတွင်း နိုင်ငံနှင့်အဝန်း ကျေးလက်များသာမက မြို့ပြများကိုလည်း အဆင့်မြင့်မြို့ပြများ ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရပေသည်။ မြို့ပြများအတွင်း လူနေအိမ် တိုက်တာများ ဆောက်လုပ်မှုများပြားလာခြင်း၊ လျှပ်စစ်ဓာတ်အား တိုးချဲ့သုံးစွဲနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ ကျောင်းများအဆင့်မြှင့်တင်ခြင်း၊ ကျောင်းဆောင်သစ်များ တိုးချဲ့တည်ဆောက်ခြင်း၊ ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ဆရာဝန်သူနာပြုနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်းစသော ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ 

ဤသို့ နိုင်ငံတော်အပိုင်းက အခြေခံအဆောက်အအုံများ တိုးတက်လာအောင် ဖြည့်ဆည်းပေးနေသကဲ့သို့ မြို့ရွာများရှိ ဒေသခံပြည်သူများကလည်း မိမိတို့ရပ်ရွာများ တိုးတက်လာရေးအပြိုင်အဆိုင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါသည်။ မျက်မှောက်ခေတ်သည် နေရာတိုင်းတွင် အပြိုင်အဆိုင်ကြိုး စားနေသည့်ခေတ်ဖြစ်သည်။ မြို့ရွာများအလိုက် စည်းကမ်း ကောင်းမွန်မှု၊ ကုန်ထုတ်စွမ်းအားများ တိုးမြှင့်နိုင်မှု၊ လူမှုဘဝဖွံ့ဖြိုးမှု၊ လူတစ်ဦးချင်းဝင်ငွေတိုးတက်ရရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတိုးတက်မှုတို့အပေါ် အပြိုင်အဆိုင် ကြိုးပမ်းသွားသင့်ပေသည်။ အပြိုင်အဆိုင်ဆောင်ရွက်ခြင်းသည် တိုးတက်မှုကို ရှေးရှုသည်။သို့ပါ၍ မြို့ရွာများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအပြိုင်အဆိုင် ကြိုးပမ်းအာထုတ်သင့်ပေကြောင်း။ ။

No comments:

Post a Comment