Tuesday, October 28, 2014

(၃၅)ကြိမ်မြောက် အာရှ-အဝေးမှ စူးစမ်းလေ့လာခြင်းဆိုင်ရာညီလာခံ ဖွင့်ပွဲကျင်းပ

Photo: (၃၅)ကြိမ်မြောက် အာရှ-အဝေးမှ စူးစမ်းလေ့လာခြင်းဆိုင်ရာညီလာခံ ဖွင့်ပွဲကျင်းပ

နေပြည်တော်   အောက်တိုဘာ   ၂၇

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် အောက်တိုဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ (၃၅)ကြိမ်မြောက် အာရှ-အဝေးမှ စူးစမ်းလေ့လာခြင်းဆိုင်ရာ ညီလာခံ (Asian Conference on Remote Sensing -ACRS 2014)  ကို ကျင်းပသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဤနည်းပညာကို  မြန်မာနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံး ချနိုင်ခြင်းဖြင့် ထိရောက်ကောင်းမွန်သော ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ အနေဖြင့်လည်း ကမ္ဘာ့ခေတ်မီ  နည်းပညာများကို လေ့လာဆည်းပူးခွင့်ရမှာ ဖြစ်သည့်အတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ် မြင်ပါကြောင်း ပြောကြား ခဲ့သည်။ 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးဝင်းထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။

ထိုညီလာခံတွင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ပညာရှင်များက သုတေသနစာတမ်းပေါင်း ၂၈ဝ ကျော်ကို အခန်းခွဲခြောက်ခုတွင် တစ်ပြိုင်နက်တည်း ဖတ်ကြားတင်သွင်းကြမည်ဖြစ်သည်။ ထိုအခမ်းအနားတွင် အဝေးမှ စူးစမ်းလေ့လာခြင်းဆိုင်ရာ၊ အဖွဲ့အစည်းကုမ္ပဏီများ၊ ပထဝီဝင် သတင်းအချက်အလက်ဆိုင်ရာ အဖွဲ့အစည်း ကုမ္ပဏီများ၊ မြေတိုင်းနှင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းနှင့် ကုမ္ပဏီများ၊ အာကာသနှင့် လေကြောင်းဆိုင်ရာ အဖွဲ့အစည်းနှင့် ကုမ္ပဏီများ၊ အချက်အလက်ဆိုင်ရာ ဆော့ဖ်ဝဲကုမ္ပဏီများ၊ ပြခန်း များဖွင့်လှစ်၍နည်းပညာဆိုင်ရာ အသိပညာပေးမျှဝေမှုများ ပြုလုပ်သွားကြမည်ဖြစ်သည်။

သုတေသန စာတမ်းများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်းများ၊ သဘာဝသယံဇာတ၊ သစ်တော၊ ဘူမိဗေဒ၊ စိုက်ပျိုးမွေးမြူရေး၊ ဓာတ်သတ္တု၊ ကျောက်မျက်၊ ရေနံသဘာဝ ဓာတ်ငွေ့နှင့် တွင်းထွက်များဆိုင်ရာ စာတမ်းများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စာတမ်းများ၊ ပို့ဆောင်ရေးနှင့် မြို့ပြ ဆိုင်ရာစာတမ်းများ၊ မြေတိုင်းနှင့် အာကာသနည်းပညာဆိုင်ရာ စာတမ်းများ၊ ဂြိုဟ်တုနည်းပညာနှင့် အာရုံခံစူးစမ်းခြင်းနည်းပညာဆိုင်ရာ စာတမ်းများ၊ အချက်အလက်များ တွက်ချက်မှု ဆိုင်ရာစာတမ်းများ၊ အဝေးမှ စူးစမ်း လေ့လာခြင်းနှင့် ဆက်စပ်သော နည်းပညာအသစ်များ၊    သိပ္ပံလေ့လာမှု အသစ်များဆိုင်ရာ   စာတမ်းများကို ဖတ်ကြားတင်သွင်းကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။      (သတင်းစဉ်)

No comments:

Post a Comment