Monday, October 27, 2014

အင်ဒိုနီးရှားဝန်ကြီးအဖွဲ့ အမည်စာရင်းထုတ်ပြန်ကြေညာ ပထမဆုံးသော အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ပါဝင်




ဂျကာတာ အောက်တိုဘာ ၂၆

 အင်ဒိုနီးရှားသမ္မတသစ် ဂျိုကိုဝီဒိုဒိုက အောက်တိုဘာ ၂၆ရက်တွင် ထုတ်ပြန်ကြေညာသော ဝန်ကြီးအဖွဲ့အမည်စာရင်းတွင် နိုင်ငံတော်၏ ပထမဆုံးသော အမျိုးသမီးနိုင်ငံခြား ရေးဝန်ကြီးတစ်ဦးပါဝင်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

 ဝန်ကြီးဟောင်းများအား အဂတိလိုက်စားခြင်းဆိုင်ရာ နောက်ကြောင်းရှင်း၊ မရှင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်များက စိစစ်မှုများပြုလုပ်နေခဲ့ရသဖြင့် ဝန်ကြီးအဖွဲ့သစ် ထုတ်ပြန်ကြေညာရေးမှာ ရက်အတန်ကြာမျှ နှောင့်နှေးကြန့်ကြာခဲ့ရသည်။

 အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်ခံရသူမှာ ရတ်နိုမာဆူဒီဖြစ်သည်။ အဖွဲ့ဝင် ၃၄ ဦးပါဝင်သော ဝန်ကြီးအဖွဲ့တွင် ပါဝင်သူများမှာ ပညာရှင်များနှင့် နိုင်ငံရေးသမားများ ဖြစ်ကြသည်။

ဝီဒိုဒို၏ နိုင်ငံရေးပါတီကို ဦးဆောင်လျက်ရှိသူ မီဂါဝါတီ ဆူကာနိုပူထရီ၏ သမီးနှင့်၎င်းနှင့် နီးစပ်သူများမှာ ဝန်ကြီးအဖွဲ့တွင် ပါဝင်ခွင့်ရရှိလာသည်။ သို့ဖြစ်၍ သမ္မတဟောင်း ဆူကာနိုပူထရီအနေဖြင့် အစိုးရအဖွဲ့ ပြင်ပမှနေ၍ မူဝါဒအပေါ် သြဇာလွှမ်းမိုးမှုရှိအောင် ကြိုးစားလာဖွယ်ရှိသည်ဟု ဝေဖန်မှုများ ပေါ်ထွက်လျက်ရှိသည်။

 နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ရတ်နိုမာဆူဒီသည် နယ်သာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်မှုအတွက် အများကအံ့အားသင့်ကြရသည်။

 ဝန်ကြီးအဖွဲ့သစ်တွင် ပါဝင်ရန် ရွေးချယ်ခံရသူများသည် အောက်တိုဘာ ၂၇ရက်တွင် ကျမ်းသစ္စာကျိန်ဆိုကြမည်ဖြစ်သည်။ 

 ရိုက်တာ။

No comments:

Post a Comment