Thursday, October 30, 2014

သတိနှင့်မောင်း၊ သတိနှင့်သွား


မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မော်တော်ယာဉ် မတော်တဆဖြစ်ရခြင်း၏ အဓိက အကြောင်းအရင်းများသည်ကား မဆင်မခြင်မောင်းနှင်ခြင်း၊ မူးယစ်သောက်စား ယာဉ်မောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိဘဲမောင်းနှင်ခြင်း၊ ကျွမ်းကျင်မှုမရှိခြင်းနှင့် စည်းကမ်းလိုက်နာမှု အားနည်းခြင်းတို့ကြောင့်ဖြစ်ရကြောင်း ပညာရှင်တို့က လေ့လာ သုံးသပ်ထားပါသည်။ ဤသို့သော အကြောင်းများကြောင့် နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုများတိုးပွားကာ လူ့အသက် ပေါင်းများစွာ ဆုံးရှုံးလျက်ရှိပါသည်။

ယာဉ်မတော်တဆဟုဆိုရာတွင် မော်တော်ယာဉ်အချင်းချင်းတိုက်မိခြင်း၊ ယာဉ်က လူကိုဝင်တိုက်ခြင်း၊ မော်တော်ဆိုင် ကယ်တိုက်မှု၊ မော်တော်ဆိုင်ကယ်ပေါ်မှပြုတ်ကျမှု စသည်တို့ပါ ဝင်သည်။ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်သုံးစွဲမှု အရေအတွက် များပြားလာသည်နှင့်အမျှ ယာဉ်မတော်တဆ ဖြစ်မှုများမှာလည်း တိုးပွားလာလျက်ရှိပါသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ် မတော်တဆမှု ၂၂၆၃ မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း ၄၂၅ ဦးသေဆုံးပြီး ဒဏ်ရာရ သူ ၃၂၆၄ ဦးရှိကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ စာရင်းဇယားများအရ သိရသည်။ ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းများတွင် လူကြောင့်ဖြစ်သည့် ယာဉ်မတော်တဆမှုမှာ ၉၉ ရာခိုင်နှုန်းရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းဆောင်ရွက်မှုအနေဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနအပါအဝင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း၊လမ်း စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ အစီအစဉ်ဖြင့် ဖွဲ့စည်းပေးထားသည့် ပူးပေါင်းအဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့ အစီအစဉ်ဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းအဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့၊ တပ်ဖွဲ့စု၊ မြို့နယ်အလိုက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များက အရေးယူဆောင်ရွက်လျက်ရှိသော်လည်း လိုက်နာမှုအားနည်းခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိပါသည်။

သို့ပါ၍ ''ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည်၊ လမ်းစည်းကမ်းကို လိုက်နာဖို့လိုပါသည်'' ဆိုသောသီချင်းစာသား အတိုင်း ယာဉ်အန္တရာယ် မဖြစ်ပွားရေး အထူးသတိပြုကြရ မည်ဖြစ်ပါသည်။ ယာဉ်မောင်းသူများရော လမ်းပေါ်တွင် သွား လာနေကြသောခရီးသွားပြည်သူများပါ စည်းကမ်းကို လိုက်နာ ကြဖို့ အချိန်တန်ပြီဖြစ်ပါသည်။ တစ်ဦးတစ်ယောက်၏ ပေါ့ဆမှု၊ မကျွမ်းကျင်မှု၊ စည်းကမ်း မလိုက်နာမှုများကြောင့် တစ်ပါးသူတို့ ၏ အသက်ဆုံးရှုံးနေရခြင်းကား မဖြစ်သင့်တော့ပါ။ ယာဉ်မောင်း လျှင် ယာဉ်မတော်တဆဖြစ်နိုင်မှုကို ယာဉ်မောင်းသူများအားလုံးက အမြဲနှလုံးသွင်းသင့်သလို လမ်းပေါ်တွင် သွားလာကြသူများက လည်း စည်းကမ်းရှိစွာ သတိနှင့်သွားလာကြရမည်ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment