Tuesday, October 28, 2014

ဈေးကွက်တည်ငြိမ်ရေးအလေးထား ကြိုးပမ်း

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
 
လူတို့နေ့စဉ်သုံးစွဲနေသော စားသောက်ကုန်များနှင့် အိမ်သုံးပစ္စည်းအများစုသည် စက်သုံးဆီဈေးနှုန်းနှင့် တစ်နည်း မဟုတ် တစ်နည်းဆက်စပ်နေပါသည်။ စက်သုံးဆီဈေးနှုန်း အလှုပ်အခတ်များသည် ရံဖန်ရံခါ ကုန်ဈေးနှုန်းကို ရိုက်ခတ် တတ်ပါသည်။ ဒေါ်လာဈေးအပြောင်းအလဲနှင့် ကမ္ဘာ့ရွှေ ဈေးအတက်အကျတို့မှာလည်း စားသောက်ကုန်များဈေးနှုန်းနှင့် အထိုက်အလျောက်ဆက်စပ်နေပါသည်။ အထူးသဖြင့် စက်သုံး ဆီဈေးနှုန်းသည် စားကုန်များအများစုအပေါ် အကျိုးသက်ရောက် မှုရှိပါသည်။ အကြောင်းသည်ကား စားသောက်ကုန်များသည် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များအပေါ် အခြေခံလျက်ရှိ နေခြင်းကြောင့် ဖြစ်ပါသည်။
 
 ပြည်တွင်း စက်သုံးဆီသုံးစွဲမှုအနေဖြင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ ဓာတ်ဆီနှစ်စဉ် ပျမ်းမျှဂါလန် ၁၅၉ ဒသမ ၈၅ သန်း ဖြန့်ဖြူးခဲ့ပြီး ဒီဇယ်ဆီကို နှစ်စဉ်ပျမ်းမျှ ဂါလန် ၃၈၆ ဒသမ ၃၁ သန်း ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများမှ တင်သွင်းလာသည့် ပမာဏမှာ ဓာတ်ဆီ အနေဖြင့် နှစ်စဉ်ဖြန့်ဖြူးမှု၏ ၃၉ ဒသမ ၉၄ ရာခိုင်နှုန်း ပြည်ပမှတင်သွင်းခဲ့ပြီး ဒီဇယ်ကိုလည်း နှစ်စဉ်ဖြန့်ဖြူးမှု၏ ၇၂ ဒသမ ၈၈ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းခဲ့ရကြောင်း သိရသည်။ 
 
ဘဏ္ဍာရေးနှစ်အလိုက် စက်သုံးဆီတင်သွင်းမှုများမှ အကောက်ခွန်ကုန်သွယ်မှုလုပ်ငန်းခွန်အဖြစ် ရရှိသည့်ဝင်ငွေ များမှာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၆၆၅၃၁ ဒသမ ၂၇ သန်း၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ငွေကျပ် ၁ဝ၇၁၈၂ ဒသမ ၁၂ သန်းနှင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ငွေကျပ် ၂၁ဝ၂၇၉ ဒသမ ၈၄ သန်း ရှိခဲ့ပါသည်။

ဤအချက်များကို ထောက်ရှုလျက် မော်တော်ယာဉ်များနှင့် အခြားသော ယာဉ်ယန္တရားများအတွက် မရှိမဖြစ်အသုံးပြုနေရ သည့် စက်သုံးဆီသည် ပြည်ပတင်သွင်းမှုအပေါ် အဓိကအားထား နေရကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ဤသို့ နိုင်ငံခြားငွေများ အသုံးပြုတင်သွင်းနေရသည့် စက်သုံးဆီများ အလေအလွင့် မဖြစ်ပေါ်စေရေး၊ မသမာမှုနှင့် ဈေးကစားမှုများ မဖြစ်ပေါ်ရေး အတွက် အရေးကြီးပါသည်။ ယခုအခါ မော်တော်ယာဉ်သုံးစွဲမှု တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသကဲ့သို့ စက်သုံးဆီလိုအပ်ချက် သည်လည်း မြင့်မားလျက်ရှိပါသည်။ စက်သုံးဆီများရောင်းချမှုကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုထားသည့် အလျောက် ဈေးကွက် တည်ငြိမ်ရေး၊ ဈေးကစားမှုများ မဖြစ်ပေါ်စေရေးအတွက် လည်း ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ စက်သုံးဆီ ဈေးနှုန်းသည် အခြေခံစားကုန် ဈေးနှုန်းများနှင့်ဆက်နွှယ်လျက် ရှိသဖြင့် ဈေးကွက်တည်ငြိမ်စွာဖြစ်ပေါ်ရေး အလေးထားကြိုးပမ်း အပ်ပေကြောင်း။ ။
Like

No comments:

Post a Comment