Tuesday, October 28, 2014

နိုင်ငံခြားခရီးသွားများအတွက် အိပ်ခန်းပါအပျော်စီးသင်္ဘောများဖြင့်ပြေးဆွဲပေးလျက်ရှိ

Photo: နိုင်ငံခြားခရီးသွားများအတွက် အိပ်ခန်းပါအပျော်စီးသင်္ဘောများဖြင့်ပြေးဆွဲပေးလျက်ရှိ

မန္တလေး   အောက်တိုဘာ   ၂၇ 

ယခုအချိန်သည် နိုင်ငံခြားခရီးသွားဧည့်သည်များဝင်ရောက်သော ခရီးသွားရာသီဖြစ်သောကြောင့် မန္တလေးဧရာဝတီမြစ်ကြောင်း ဂေါဝိန်နှင့် မရမ်းခြံ ဆိပ်ကမ်းတို့ရှိ  ရေယာဉ်အသင်းများနှင့် အိပ်ခန်းပါအပျော်စီး သင်္ဘောများအနေဖြင့် နိုင်ငံခြားခရီးသွားဧည့်သည်များနှင့် ပြည်တွင်းခရီးသည်များအား မန္တလေး-မင်းကွန်း၊ မန္တလေး-ပုဂံနှင့် မန္တလေး-ကသာ-ဗန်းမော် ခရီးစဉ်များအား ပို့ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေနဲ့ ပြည်တွင်း ခရီးသွားတွေအတွက် မန္တလေး-မင်းကွန်းနှင့် မန္တလေး-ပုဂံခရီးစဉ်တွေကို နေ့စဉ်ပြေးဆွဲပေးနေပါတယ်။ မန္တလေး-ပုဂံ ခရီးစဉ်မှာတော့ ခရီးသည်တွေ အတွက် နံနက်စာ၊ နေ့လယ်စာနဲ့ Tea time တို့ကို စီစဉ်ပေးပါတယ်။ နောက်ပြီး အိပ်ခန်းပါအပျော်စီးသင်္ဘောကိုလည်း တစ်ပတ်မှာ သုံးကြိမ်နှုန်းပြေးဆွဲပေး နေပါတယ်။ဒီခရီးမှာတော့ နှစ်ညအိပ် သုံးရက်ခရီးနဲ့ တစ်ညအိပ်နှစ်ရက်ခရီးဆိုပြီး နိုင်ငံခြားသားတွေအတွက်စီစဉ်ထားပါတယ်။ သင်္ဘောမှာနှစ်ယောက်အိပ်ခန်း၊ ရေချိုးခန်းတွေပါဝင်ပါတယ်။  ခရီးစဉ်တွေအားလုံးအတွက်  ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုမျိုးနဲ့ စီစဉ်ဆောင်ရွက်ထားပါတယ်''ဟု pioneer Cruises Travels& Tours   ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းသန်းက ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးရုံး (မန္တလေးတိုင်းဒေသကြီး)၏ ကမ္ဘာလှည့်ခရီးသည်များပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ရရှိထားသော နိုင်ငံခြား ခရီးသွားဧည့်သည်များအား ပို့ဆောင်ပေးလျက်ရှိသည့် မန­္တလေး-မင်းကွန်း ရေယာဉ်မှာ ၄၁ စင်း၊ မန္တလေး-ပုဂံရေယာဉ်မှာ ငါး စင်း၊ မန္တလေး-ကသာ-ဗန်းမော် ရေယာဉ်မှာ ခုနစ်စင်းကျော်နှင့် အိပ်ခန်းပါ အပျော်စီးသင်္ဘောမှာ ငါးစင်း ရှိသည်။အဆိုပါရေယာဉ်အသင်းများအနေဖြင့်မန္တလေး-မင်းကွန်း(အသွား၊ အပြန်)ခရီးစဉ်ကို နိုင်ငံခြားသား တစ်ဦးလျှင်ရှစ်ဒေါ်လာနှင့် ပြည်တွင်းခရီး သည်တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝနှုန်း၊ မန္တလေး-ပုဂံ ခရီးစဉ်ကို  အဆန်တွင် နိုင်ငံခြားသားတစ်ဦးလျှင် ၄၅ ဒေါ်လာနှင့် ပြည်တွင်းခရီးသည် တစ်ဦးလျှင် ငွေကျပ် ၂၅ဝဝဝ နှုန်း၊ အစုန်တွင် နိုင်ငံခြားသားတစ်ဦးလျှင် ၃၅ ဒေါ်လာနှင့် ပြည်တွင်းခရီးသည် တစ်ဦးလျှင် ငွေကျပ် ၂၅ဝဝဝ နှုန်း သတ် မှတ်ထားသည်။ အိပ်ခန်းပါ အပျော်စီး သင်္ဘောခရီးစဉ်မှာလည်း နှစ်ညအိပ်သုံးရက်ခရီးစဉ်တွင် တစ်ဦးလျှင် ဒေါ်လာ ၇ဝဝနှုန်း၊ တစ်ညအိပ် နှစ်ရက်ခရီးစဉ်တွင် တစ်ဦးလျှင် ဒေါ် လာ ၃၅ဝ  နှုန်းအဖြစ်သတ်မှတ်ထားပြီး  နှစ်ညအိပ်သုံးရက်ခရီးစဉ်အဖြစ် မန္တလေးမှ မင်းကွန်း-စစ်ကိုင်း-ရန္တပို-ချင်းတွင်းမြစ်ဆုံ-ပုဂံတို့သို့ ပို့ဆောင်ပေးပြီး တစ်ညအိပ် နှစ်ရက်ခရီးစဉ်အဖြစ်    မန္တလေး မှ-ရန္တပို- ချင်းတွင်း မြစ်ဆုံ-ပုဂံတို့သို့ ပို့ဆောင်ပေးကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ၊ ၂ဝ၁၃ ခုနှစ်က ၂၁၉၅၁၈ ဦးရှိ ခဲ့ကာ ယခု ၂ဝ၁၄ ခုနှစ်ဇန်နဝါရီမှ စက်တင်ဘာလအထိ   နိုင်ငံခြားခရီးသွားဧည့်သည် ၁၃ဝဝဝဝ ကျော် အထိရှိကြောင်းနှင့်  ယခုနှစ်တွင် ပြည်တွင်းသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်  ဦးရေပမာဏ သုံးသန်း ဝင်ရောက်လာမည်ဟုမြန်မာနိုင်ငံ ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ခန့် မှန်းထားကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment