Tuesday, October 28, 2014

၂၀၁၄-၁၅ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေမူကြမ်း၏မူနှင့် အခြေခံသဘောဆွေးနွေး

 Photo: ၂၀၁၄-၁၅ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေမူကြမ်း၏မူနှင့် အခြေခံသဘောဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၇

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အဆောက်အအုံ၌ ဆက်လက်ကျင်းပရာ ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်း၏မူနှင့် အခြေခံသဘော ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ဆွေးနွေးကြသည်။

ယင်းသို့ ဆွေးနွေးရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်း၏မူနှင့် အခြေခံသဘောဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဘတ်ဂျက်၏မူလခန့်မှန်းခြေ၊ ပြုပြင်ပြီး ခန့်မှန်းခြေ၏သဘောသဘာဝ၊ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံခြင်း၏ အခြေခံသဘော၊ ဘဏ္ဍာရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို စတင်ရေးဆွဲစဉ်မှ တင်သွင်းသည်အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု စနစ်၊ ဘဏ္ဍာရေးမူဝါဒ၊ ဘတ်ဂျက်လိုငွေနှင့်ပိုငွေပြခြင်း၊ ဘက်ညီခြင်းတို့၏ သဘောသဘာဝ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးတည်ငြိမ်မှု၊ အစိုးရ၏အသုံးစရိတ်နှင့် ပြည်ထောင်စုလွှတ်တော်က အတည်မပြုရသေးသည့် ပြည်ပချေးငွေများကို ဘတ်ဂျက်တွင် လျာထားထည့်သွင်းရသည့် အကြောင်းရင်းဟူသည့် အချက်များအပေါ် အသေးစိတ်ရှင်း လင်းတင်ပြဆွေးနွေးသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၂ဝ၁၄-၂ဝ၁၅ ခု ဘဏ္ဍာနှစ်တွင် သုံးစွဲမည့် ငွေကြေးအစီအမံဆိုင်ရာများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွမ်းရည်ပြည့်ဝသော ခေတ်မီသည့် ပြည်သူ့ရဲတပ်ဖွဲ့အသွင်သို့ ကူးပြောင်းနိုင်စေရန်အတွက် ဆောင်ရွက်ချက်များအပေါ် ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က တပ်မတော် ၏အသုံးစရိတ်နှင့် ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်များ၊ နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာများနှင့် ဘတ်ဂျက်အသုံးစရိတ်များကို အကျိုးရှိရှိ အသုံးပြု ဆောင်ရွက်သွားရေးဆိုင် ရာများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြည်ပမှလယ်ယာသုံး စက်ကိရိယာများ ဝယ်ယူအသုံးပြု နိုင်ရေး၊ လယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။

(သတင်းစဉ်)
 
No comments:

Post a Comment