Friday, October 31, 2014

လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး





ပြည်ထောင်စုလွှတ်တော်အစည်းအဝေး 
နေပြည်တော် အောက်တိုဘာ ၃ဝ

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက် အစည်း အဝေး (၂၁) ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှ ထပ်မံပေးပို့ထားသော ကိုရီးယားသမ္မတနိုင်ငံ Daedong Industrial Co.,Ltd. ထံမှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ တန်ဖိုးရှိ လယ်ယာသုံးစက်ကိရိယာ များကို အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခဲ့ကြသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်ဦးက တောင်သူလယ်သမား များ၏ဘဝ တိုးတက်မြင့်မားရေး အတွက် နိုင်ငံတော်အစိုးရက စီမံ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ စီမံဆောင်ရွက်ပေးရမည်ဖြစ် သည်နှင့်အညီ အဖြစ်နိုင်ဆုံး နည်းလမ်းမှာ ယခုချေးငွေသန်း ၁ဝဝ တန်ဖိုးရှိ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူဆောင်ရွက်ခြင်းမှာ သင့်တော် ပါကြောင်း၊ ယခုကဲ့သို့ စီမံဆောင် ရွက်ပေးမှုမှာ စက်ကိရိယာများ ဝယ်ယူသုံးစွဲနိုင်မှုမရှိ၍ အချိန်မီ စိုက်ပျိုးရိတ်သိမ်းနိုင်ခြင်း မရှိသည့် အတွက် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ နေရသည့် တောင်သူလယ်သမားများ အတွက် ဆောင်ရွက်ပေးသင့်သော ကြောင့် ဝယ်ယူမည့်အစီအစဉ်အား ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးခဲ့ သည်။

ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးမင်းဆွေက ယခုကဲ့သို့ ရာသီမမှန်သည့်ကာလတွင် တောင်သူလယ်သမားများအနေဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရေးကို ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း လယ်သမားများအတွက် လိုအပ်သည့် စက်ပစ္စည်းများဝယ်ယူနိုင်ရန် အရင်း အနှီးမရှိပါကြောင်း၊ ပြည်ပကုမ္ပဏီ များအနေဖြင့် အတိုးနှုန်းကြီးမြင့် နေခြင်း၊ ပြန်လည်ပေးဆပ်သည့် ကာလတိုတောင်းခြင်းစသည့် အခက် အခဲများကြောင့် ငွေရှိသူများသာ ဝယ်ယူနိုင်ပြီး ငွေမရှိသည့် တောင်သူ များအနေဖြင့် များစွာခက်ခဲပါ ကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယား နိုင်ငံ၏ ချေးငွေဖြင့် ဝယ်ယူမည့် စက်ကိရိယာများမှာ အရည်အသွေး ကောင်းမွန်ခြင်း၊ အတိုးနှုန်းနည်း ခြင်း၊ ပြန်လည်ပေးဆပ်ရသည့်ကာလ ဝန်ထုပ်ဝန်ပိုး မဖြစ်နိုင်ခြင်းတို့ကြောင့် ခွင့်ပြုသင့်ပါကြောင်းဖြင့် ဆွေးနွေးခဲ့ သည်။

မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက ကိုရီးယားနိုင်ငံမှ လယ်ယာသုံး စက်ပစ္စည်းဒေါ်လာသန်း ၁ဝဝ ဖိုး အကြွေးရယူဆောင်ရွက်မည့် ကိစ္စမှာ ပြည်ထောင်စုလွှတ်တော်မှ သဘော တူပြီး ပြည်ထောင်စုအစိုးရမှ တာဝန်ခံ ရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ အမှား အယွင်းမခံနိုင်သော နိုင်ငံစီးပွားရေး အခြေအနေတွင် သေချာစွာ အောင်မြင်အောင် ဆောင်ရွက်ပြီးစီး နိုင်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ လက်ရှိဆောင်ရွက်နေပြီး ကျေးလက် လူထုနှင့် လုပ်ငန်းသဘောအရ ဆက်စပ်နေသည့် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအား တာဝန်ပေးခြင်းသည် ပိုမိုအောင်မြင် နိုင်မည်ဖြစ်သည့်အတွက် ယင်းလုပ်ငန်း အား လယ်ယာစိုက်ပျိုးရေးနှင့်ဆည် မြောင်း ဝန်ကြီးဌာနအား လွှဲပြောင်း ပေးသင့်ပါကြောင်းဖြင့် ဆွေးနွေး ခဲ့သည်။

မင်းကင်း မဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်က ယခုချေးငွေသန်း ၁ဝဝ ဖြင့် ဝယ်ယူမည့် လယ်ယာသုံး စက်ကိရိယာပစ္စည်းများသည် အရည် အသွေးမီပြီး အာမခံစနစ်၊ မျှဝေပေး နိုင်မည့် နည်းပညာများနှင့် ဝန်ဆောင် မှုများမှာလည်း ကောင်းမွန်ကြောင်း ကို ကြားသိရပါကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံအစိုးရ၏ ကူညီဆောင် ရွက်ပေးမှုများကိုလည်း အလေးထား သင့်သည့်အတွက် ယခုလို ကုမ္ပဏီ မျိုးကို မိမိတို့နိုင်ငံသို့ လွတ်လပ်စွာရောင်းချနိုင်ရန် ဖိတ်ခေါ် ပြီး တောင်သူလယ်သမားများအား ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် လည်းကောင်း၊ ကာလရှည်အရစ်ကျ ချေးငွေစနစ်ဖြင့် လည်းကောင်း ဝယ်ယူနိုင်ရန် သမဝါယမဝန်ကြီးဌာန အနေဖြင့် တာဝန်ယူ၍ စီမံခန့်ခွဲခြင်း ကိုသာ ဆောင်ရွက်သင့်ပါကြောင်း၊ ယခုလို စက်ကိရိယာများ ဝယ်ယူရန် တင်ပြလာခြင်းကို တိုင်းပြည် အနာဂတ်ခရီးကို ရှုမျှော်၍ အပြု သဘောဖြင့် ကန့်ကွက်ပါကြောင်း ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက တောင်သူလယ်သမားများ လယ်ယာ သုံးစက်ကိရိယာများကို သုံးစွဲ တတ်စေရန်နှင့် ပြုပြင်ဆောင်ရွက် နိုင်ရန် စီမံဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ ဖြင့်လည်း ကျေးရွာတိုင်းသို့ သွားရောက် လုပ်ကိုင်နိုင်ခြင်း မရှိပါကြောင်း၊ လယ်သမားများအနေဖြင့် စက်ကိရိ ယာဝယ်ယူသည့်ချေးငွေ ပြန်ဆပ် နိုင်ရန် နည်းလမ်းများကိုလည်း အသေး စိတ်ဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment