Wednesday, September 18, 2019

နိုင်ငံ့စီးပွားဖြစ်ထွန်းသည့် စက်မှုကုန်ကြမ်းသီးနှံ

အယ်ဒီတာ့အာဘော်
----------------------

မြန်မာ့ကြံသကြားဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ (Sugar Forum- 2019) ဖွင့်ပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားပြီး မြန်မာ့ကြံစိုက်ပျိုးရေးနှင့် သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်ပယ်ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြရာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး တွင် အထောက်အပံ့ကောင်းဖြစ်စေပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အားလျော်စွာ အဓိက ကျသည့် ဆန်စပါးနှင့် ပဲမျိုးစုံစိုက်ပျိုးရေးဘက်တွင် ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေး လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ ကြံစိုက်ပျိုးရေးကို လည်း နိုင်ငံတော်ဘက်က အလေးထားဆောင်ရွက်ပေးခြင်းသည် စိုက်ပျိုး စီးပွားဖြစ်ထွန်းရေး၌ အထောက်အပံ့ဖြစ်သည်မှာ မှန်ပါသည်။ ကြံသီးနှံပင် သည် နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးရလွယ်ကူသော စက်မှုကုန်ကြမ်းသီးနှံ ပင်ဖြစ်ပြီး ကဏ္ဍပေါင်းစုံအတွက် အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်း သည်။
ကြံသီးနှံသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စီးပွားဖြစ်စိုက်ပျိုး ကြသည့် အရေးပါသော စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည်။ သကြား ကို အခြားသီးနှံကုန်ကြမ်းများမှ အမျိုးမျိုးထုတ်လုပ်ကြသော်လည်း မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကြံမှသာ သကြားထုတ်လုပ်ခြင်းကြောင့် ဦးစားပေးစိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပနိုင်ငံ များသို့ပါ တင်ပို့ရသော စိုက်ပျိုးရေးထုတ်ကုန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် စားသောက်ကုန်အမျိုးမျိုးကို ပြုပြင်ထုတ်လုပ်ကြရာတွင် သကြားသည် မပါမဖြစ်ပါဝင်ရမည့် ပစ္စည်းတစ်မျိုးအဖြစ် အစဉ်အဆက်စိုက်ပျိုးထုတ်လုပ် လာကြသည်။
ကြံသီးနှံသည် ဘက်စုံသုံးသီးနှံဖြစ်ပြီး အဓိကထွက်ကုန်သကြားအပြင် ဘေးထွက်ပစ္စည်းများဖြစ်သည့် တင်လဲရည်၊ ကြံမြှုပ်ချေး၊ ကြံကြိတ်ဖတ်နှင့် ကြံစိုက်ကွင်းထဲမှ ခုတ်သိမ်းပြီး ကြံသီးနှံအကြွင်းအကျန်များကိုလည်း အဖျော်ယမကာ၊ ဇီ၀လောင်စာ၊ သဘာ၀ဓာတ်မြေဩဇာ၊ စက္ကူ၊ ဘုတ်ပြား၊ အသုံးအဆောင်ပစ္စည်းများ၊ အဆောက်အအုံပစ္စည်းများ ထုတ်လုပ်သုံးစွဲနိုင် သည့်အတွက် ခေတ်မီနည်းဖြင့် စနစ်တကျကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် နိုင်ပါက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အပံ့ ဖြစ်လာမည့်အပြင် တိုင်းရင်းသားပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ တိုးတက်ရရှိလာပါမည်။
တစ်ချိန်သောကာလက သကြားထုတ်လုပ်ခြင်းကို အစိုးရကတာဝန်ယူ လုပ်ကိုင်ခဲ့ပြီး ဇေယျ၀တီသကြားစက်၊ ပျဉ်းမနားသကြားစက်၊ နမ္မတီး သကြားစက်တို့သည် အကြီးစားစက်မှုကုန်ကြမ်းစက်ရုံများဖြစ်ပြီး ဒေသခံ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ များစွာပေးနိုင်ခဲ့ပါသည်။ ယခုအခါ သကြားထုတ်လုပ်ခြင်းနှင့် ဘေးထွက်ပစ္စည်းထုတ်ခြင်းကို ပုဂ္ဂလိကကဏ္ဍအနေဖြင့် လုပ်ကိုင်လျက်ရှိပြီး ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိလာခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ သည်နှင့်အမျှ ကျေးလက်ဒေသစီးပွားရေးလုပ်ငန်းများတွင် အသေးစားစီးပွားရေးလုပ်ငန်းများမှတစ်ဆင့် စီးပွားဖြစ်ထုတ်ကုန်လုပ်ငန်းများအဖြစ် ပြောင်းလဲလာနိုင်ပါသည်။
ထို့ကြောင့် ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများကို ဖြည့်ဆည်း ပေးနိုင်ရန်နှင့် ပြည်ပသို့ပါတင်ပို့နိုင်ရေးအတွက် ကြံတိုးချဲ့စိုက်ပျိုးရေးနှင့် အရည်အသွေးမီသကြားများ တိုးတက်ထုတ်လုပ်ရေး၊ ဘေးထွက်ပစ္စည်း များအား တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို အလေးထားစီမံ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းသကြားဈေးကွက် ကျယ်ပြန့်စွာ ဖြစ်ထွန်းရေးနှင့် ပြည်ပဈေးကွက်သစ်များသို့ ရှာဖွေတင်ပို့နိုင်ရေးကို လည်း နည်းလမ်းရှာဖွေလုပ်ကိုင်ကြရမည်ဖြစ်သည်။ ကြံသီးနှံ အရည်အသွေးကောင်းမွန်ရေး၊ သကြားစက်နှင့် ကြံစိုက်ကွက်၊ ကြံသကြား နှင့် လုပ်သားဈေးကွက်ဟန်ချက်ညီရေးတွင် ကန်ထရိုက်စနစ် အဆင်ပြေ ချောမွေ့ရေးကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာ့သကြား စက်မှုကုန်ကြမ်းလုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် ကြံစိုက်ပျိုးသူ၊ သကြားထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူ၊ စားသုံးသူနှင့်ဈေးကွက်တို့ကို ဟန်ချက်ညီညီ အချိတ်အဆက်မိမိ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွား ဖြစ်ထွန်းပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည် ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment