
ကဆုန်လပြည့်နေ့ (ယနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များ အတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ် ဖြစ်သဖြင့် မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားပုထိုးစေတီ တော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲ များနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင် တို့အား ညောင်ရေသွန်းလောင်းပူဇော်ပွဲများ ကျင်းပ၍ မန္တလေးမြို့မှ ဆွမ်းလောင်းအသင်းများနှင့် ကုသိုလ်ရှင်များ က ဆရာတော်၊ သံဃာတော်များကို ဆွမ်း၊ ချိုချဉ်ခဲဖွယ်များ လောင်းလှူကုသိုလ်ပြုလျက်ရှိကြသည်။
ယနေ့နံနက် ၄ နာရီတွင် မဟာမုနိရုပ်ရှင်တော်မြတ် အား ရေတော်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဥက္ကဋ္ဌ အရှင်သူမြတ်အမှူးပြု၍ ဘုရားကြီးမျက်နှာ သစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ရဟန်းရှင်လူ ပြည်သူများ၊ ဓမ္မစကြာဝတ်အသင်းများ၊ ဂေါပကအဖွဲ့ဝင် များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်ခြင်း၊ နံ့သာသွေးလှူဒါန်း ခြင်းများအပြင် ခုနစ်နေ့နံဘုရားများတွင် ရေသပ္ပာယ်ခြင်း များ ဆောင်ရွက်ကြသည်။
ထို့အပြင် ယနေ့နံနက် ၈ နာရီတွင် မဟာမုနိပရိဝုဏ် အတွင်း အင်္ဂါထောင့်ရှိ ပရိဘောဂစေတီ ဗောဓိညောင်ပင် အား ရေတော်ဆရာတော်အမှူးပြု၍ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးနှင့် မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်း အဖွဲ့များ၊ ဘုရားဖူးလာပြည်သူများက ညောင်ရေသွန်း လောင်းပူဇော်ကြသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားနှင့် ဘုရားအာရုံခံတန်ဆောင်း တော်အတွင်း ဗုဒ္ဓဆင်းတုတော်များ၊ ခြေတော်ရာဘုရား လေးဆူ၊ စောင်းတန်းကြီးလေးသွယ်အတွင်း တည်ထား ကိုးကွယ်တော်မူသော ဗုဒ္ဓဆင်းတုတော်များနှင့် ရဟန္တာ ရုပ်ပွားတော်များအား နန်းရှေ့ခင်မကန်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တသုဇန အရှင်သူမြတ် အမှူးပြုသော ဆရာတော်၊ သံဃာတော် ၁၁၅ ပါးတို့ ကြွရောက်တော်မူ၍ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ကြပြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားဖူးလာ သူများက လှူဖွယ်ဝထ္ထုပစ္စည်းများ လောင်းလှူခြင်းနှင့် ညနေပိုင်းတွင် ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက် မြိုက်စွာကျင်းပရာ ဘုရားဖူးလာပြည်သူများက ညောင်ရေ သွန်းလောင်းသူများအား စတုဒိသာ၊ မုန့်၊ အအေးတို့ဖြင့် ကျွေးမွေးကုသိုလ်ပြုကြသည်။
ထို့အပြင် ချမ်းမြသာစည်မြို့နယ် ဒက္ခိဏရာမ ဘုရား ကြီးတိုက်ရှိ ဦးပွားဆုတောင်းပြည့်စေတီတော်၊ ရွှေကျီးမြင်၊ ဘုရားနီဘုရား၊ ဆုတောင်းပြည့် ဆုတောင်းရဘုရား၊ ဝါခင်း ကုန်းဘုရား၊ ချမ်းသာရဆုတောင်းပြည့်ဘုရား၊ ရွှေကြက် ယက် ရွှေကြက်ကျဘုရား၊ နန်းမြို့ဆုတောင်းပြည့်ဘုရား၊ မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ သီပေါမင်း တရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော အရှေ့ပြင်လုံး ဆိုင်ရာ အောင်တော်မူမြတ်စွာဘုရား၊ မဟာအောင်မြေမြို့ နယ် ဗောဓိကုန်းရပ်တွင်တည်ရှိသော မင်းတုန်းမင်း တရားကြီး စိုက်ပျိုးလှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်တို့တွင် ညောင်ရေသွန်းလောင်းပွဲကို ဆင်နွှဲကြရာ ကြက်ပျံမကျ စည်ကားလျက်ရှိပြီး ဘုရားဖူးလာ ညောင်ရေသွန်း လောင်းကြသူများအား စေတနာရှင်အလှူရှင်များကလည်း အအေးမျိုးစုံ၊ ကြာဆံဟင်း၊ မုန့်လုံးရေပေါ်စသည်တို့ဖြင့် စတုဒိသာကျွေးမွေးကုသိုလ်ပြုကြသည်။
အလားတူ မန္တလေးတောင်ဂေါပကအဖွဲ့မှကြီးမှူး၍ မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး စိုက်ပျိုးတော် မူခဲ့သည့် မန္တလေးတောင်ခြေရှိ မဟာဗောဓိညောင်ပင်အား ပဉ္စမအကြိမ်မြောက် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ကျင်းပခဲ့ရာ ဝတ်အသင်းအဖွဲ့ များက ဓမ္မစကြာဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်၍ ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
ထို့အတူ အမရပူရမြို့နယ် စွယ်တော်မြတ်စေတီတော် (မန္တလေး) ပရိဝုဏ်အတွင်းရှိ ၂ဝ၁၁ ခုနှစ်က စိုက်ပျိုးထား သည့် သီရိလင်္ကာနိုင်ငံမှ လှူဒါန်းသော မဟာဗောဓိညောင် ပင်တွင် ညောင်ရေသွန်းလောင်းပူဇော်ကြသူများဖြင့် အထူးစည်ကားကြောင်း တွေ့ရှိရသည်။ မန္တလေးမြို့အနှံ့ နံနက်အရုဏ်တက်ချိန်မှစ၍ ဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ကြသူများ၊ ဘုရားဖူးသူ များဖြင့် စည်ကားလျက်ရှိရာ ဘာသာရေး၊သာသနာရေး၊လူမှု ရေးအသင်းအဖွဲ့များ၊ အလှူရှင်ပြည်သူများကလည်း စတုဒိသာတို့ဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း တွေ့ရသည်။
တင်မောင်(မန်းကိုယ်ပွား)
No comments:
Post a Comment