
မြစ်ကြီးနားမြို့သည် အချိန်မရွေးငလျင်ဖြစ်ပေါ်နိုင် ပြီး ငလျင်ဒဏ်ခံရနိုင်သည့် အနေအထားတွင်ရှိကြောင်း ကချင်ပြည်နယ်၏ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ငလျင်အများစုသည် အနောက်ရိုးမ ဒေသ၊ စစ်ကိုင်းပြတ်ရွေ့ဒေသနှင့် အရှေ့မြောက်ပိုင်း ဒေသစသည့် နေရာသုံးခုတွင် အဖြစ်များနေကြောင်း တွေ့ရှိရပြီး ကချင်ပြည်နယ်သည် ပဲခူး၊ တောင်ငူအပိုင်း၊ စစ်ကိုင်း၊ တကောင်းအပိုင်းနှင့်မြစ်ကြီးနား၊ ပူတာအိုစသည့် တောင်မှမြောက်သို့ သွယ်တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့ ကြောပေါ်တွင် တည်ရှိနေခြင်းကြောင့် ငလျင်ဒဏ်ခံရ နိုင်သည့် အနေအထားတွင်ရှိနေကြောင်း သိရသည်။
''မြစ်ကြီးနားမြို့က ကမ္ဘာ့ငလျင်ကြောကြီးပေါ်မှာ စစ်ကိုင်းပြတ်ရွေ့ဆိုတဲ့ ကျောက်ဖျာကြီးပေါ်မှာ ရှိနေတာ ဆိုတော့ အချိန်မရွေးငလျင်လှုပ်ခတ်တာ ခံစားရနိုင်ပါတယ်၊ ငလျင်လှုပ်နိုင်တဲ့ မြို့တွေထဲမှာ မြစ်ကြီးနားမြို့ ပါပါတယ်၊ ကမ္ဘာမြေကြီးအောက်ထဲက ကျောက်ဖျာတွေက ရွေ့သွားတဲ့အခါတို့၊ ရှပ်ထိသွားတဲ့အခါတို့မှာ ငလျင်လှုပ်ပါ တယ်၊ ငလျင်လှုပ်မှာကို ကြိုတင်မသိနိုင်ပေမယ့် တော်လည်း သံတို့ အလင်းဖြာထွက်သွားတာတို့ တွင်းအောင်းတိရစ္ဆာန် အုပ်စုလိုက်အလန့်တကြား ထွက်လာတာတို့တွေက ငလျင် လှုပ်တော့မယ်ဆိုတဲ့ ကြိုတင်နိမိတ်တွေအဖြစ် သိနိုင်ပါ တယ်''ဟု ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ထိုက်က ပြောသည်။
မြန်မာနိုင်ငံ၏ ငလျင်ဇုန်များပြမြေပုံတွင် အဆင့်(၁)အားနည်းဇုန် (I)၊ အဆင့်(၂)အားလတ်ဇုန် (II)၊ အဆင့်၃ အားပြင်းဇုန် (III)၊ အဆင့်(၄) ပြင်းထန်ဇုန်(VI)၊ အဆင့်(၅) ပျက်စီးမှုများဇုန်(V) စသည်ဖြင့် အဆင့် သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်သတ်မှတ်ထားရာတွင် မြစ်ကြီးနားမြို့သည် အဆင့်(၅)ပျက်စီးမှုများဇုန်(V)တွင် ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးငလျင်တိုင်းတာသည့် CEA (China Earthquake Angency)နှင့် ပူးပေါင်း တည်ဆောက်ထားသည့် စက်သည် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုင်းနားကျေးရွာရှိ မင်းထင်တောင် (ဒေသအခေါ်တရုတ်တောင်)ပေါ်တွင်ရှိကာ ထိုတောင် ပေါ်ရှိ စက်များမှတစ်ဆင့် ပြင်းအားတိုင်းတာသည့် ရစ်ခ်ျတာစကေးများကို ငလျင်လှုပ်ခတ်ပြီး နှစ်မိနစ် အကြာတွင် နေပြည်တော်၊ ရန်ကုန်နှင့် တရုတ်နိုင်ငံများ ၏ ငလျင်တိုင်းတာသည့် စက်များတွင် သိရှိနိုင်ကြောင်း သိရသည်။
မြေငလျင်လှုပ်လာပါက အဆောက်အအုံ၏ အပြင် ဘက်သို့ထွက်ကာ အဆောက်အအုံနှင့်ဝေးသည့် ကွင်းပြင် တွင် ဦးခေါင်းအားလက်နှစ်ဖက်နှင့်အုပ်၍ မှောက်ပြီး ဝပ်နေရန်၊ အိမ်ထဲတွင် ရှိနေပါက အကာအကွယ်ဖြစ်မည့် နေရာ ဥပမာ-စားပွဲအောက်သို့ ဝင်နေခြင်း၊ အထပ်မြင့် ဖြစ်ပါက အပေါ်ထပ်မှ ခုန်ချခြင်းမပြုဘဲ အကာအကွယ် ဖြစ်မည့်နေရာများတွင် နေသင့်ကြောင်း အသိပညာ ပေးအချက်များ ထုတ်ပြန်ထားသည့်အပြင် မြေငလျင် လှုပ်ခတ်ပြီးပါက နောက်ဆက်တွဲ ဘေးအန္တရာယ်အဖြစ် မီးလောင်ခြင်းနှင့် ရေကြီးခြင်းများ ဖြစ်ပေါ်တတ်ကြောင်း၊ ကျန်းမာရေးဌာနမှလည်း အသိပညာပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မတ် ၂၄ ရက်က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအတွင်း ပထမဆုံးအကြိမ် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အသိ ပညာပေးခြင်း၊ ငလျင်လှုပ်နေစဉ်နှင့် ငလျင်လှုပ်ပြီးပါက ဆောင်ရန်ရှောင်ရန်များကို ဟောပြောခြင်း၊ ငလျင်နှင့် ပတ်သက်သည့် ကောလာဟလ သတင်းမှားများကို မယုံကြည်ကြရန် ကြိုတင်သတိပေးမှုများကို ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကချင် ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၊NGOအဖွဲ့အစည်းများဖြစ်သည့် OXFAM၊ UNHCR၊ WEP၊ Unicef၊ OCHA၊ PLAN၊ UNDP? World Vision စသည့်အဖွဲ့များမှ ပူးပေါင်း၍ လက်တွေ့သရုပ်ပြသခြင်းများ၊ ပညာပေးခြင်း များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
၁၈၉၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ကြီးများကို လေ့လာရာတွင် စစ်ကိုင်းပြတ်ရွေ့ကြော တွင်ရှိသည့် မြို့များ၌ ငလျင်လှုပ်ခတ်မှု အများဆုံး ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပြီး လူဦးရေထူထပ်သည့် နေရာ များဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး စသည့် မြို့များလည်း ပါဝင်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် သဘာဝဘေးအန္တရာယ် ကြောင့် ၂ဝ၁၇ ခုနှစ်အတွင်း မြို့နယ် ၂၂၈ မြို့နယ်မှ ၃၂ ဦး သေဆုံးခဲ့ပြီး ငါးသောင်းကျော်ခန့် ဘေးဒုက္ခ ခံစားခဲ့ရကာ ၂ဝ၁၆ ခုနှစ်တွင် မြို့နယ် ၅၉ မြို့နယ်မှ ၄၄ ဦး သေဆုံးခဲ့ပြီး တစ်သိန်းခွဲခန့် ဘေးဒုက္ခခံစားခဲ့ရကြောင်း သိရသည်။
မင်းမင်းဦး
No comments:
Post a Comment