မန်စီးတီးဂိုးသမား ဂျိုးဟတ်က လစ်သူယေးနီးယားကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဆင်မြန်းခွင့်ရပေမယ့် လက်ရွေးစင်အသင်းကနေ ချက်ချင်းနေရာပျောက်မှာကို စိုးရိမ်မိကြောင်း ဝန်ခံလိုက်ပါတယ်။ ဂျိုးဟတ်ဟာ ဂယ်ရီကာဟေးလ် (ပွဲပယ်ပြစ်ဒဏ်)၊ စမောလင်းနဲ့ ဂျော်ဒန်ဟန်ဒါဆင် (ဒဏ်ရာပြဿနာ)တွေ ကြုံတွေ့နေချိန်မှာ အင်္ဂလန်အသင်း ခေါင်းဆောင်လက်ပတ် ဆင်မြန်းခွင့်ရခဲ့တာဖြစ်ပါတယ်။
ဂျိုးဟတ်က အပြောင်းအလဲမြန်တဲ့ ဒီနေ့ခေတ် ဘောလုံးလောကမှာ
နာမည်ဂုဏ်သတင်းဆိုတာဟာ ကစားသမားတစ်ယောက်ကို အာမခံပေးနိုင်ခြင်း
မရှိတဲ့အတွက် သူလည်း အသင်းခေါင်းဆောင်ရွန်းနီလို လက်ရွေးစင်အသင်းမှာပါ
ရုတ်တရက် နေရာပျောက်သွားမှာ စိုးရိမ်မိကြောင်း ဆိုလိုက်ပါတယ်။ ရွန်းနီဟာ
အင်္ဂလန်အသင်းအတွက် ၁၁၉ ပွဲဝင်ရောက်ကစားပြီး သွင်းဂိုး ၅၃ ဂိုးအထိ
ရယူပေးထားနိုင်တဲ့ ဂိုးသွင်းစံချိန်ရှင် အားကစားသမားဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့အချိန်မှာတော့ မန်ယူအသင်းမှာ နေရာပျောက်နေတဲ့ ရွန်းနီဟာ အင်္ဂလန်အသင်းမှာပါ ဆက်လက်နေရာပျောက်နေပြီး နည်းပြဆောက်ဂိတ်ကလည်း ရွန်းနီ လက်ရွေးစင်အသင်းကနေ အနားယူမယ်ဆိုတာကို တရားဝင်ကြေညာဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။ ဂျိုးဟတ်ကလည်း အရင်က မန်စီးတီးအသင်းရဲ့ ပထမဂိုးသမားဖြစ်ခဲ့ပေမယ့် နည်းပြအပြောင်းအလဲနဲ့အတူ မန်စီးတီးအသင်းကနေ တိုရီနိုကို အငှားနဲ့ လာရောက်ကစားနေရသူဖြစ်ပြီး ကျန်အင်္ဂလန်ဂိုးသမားတွေ လက်စွမ်းပြနေတဲ့ ပရီမီယာလိဂ်မှာ သူ့ရဲ့ အနာဂတ်မရှိတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။
မေလဲ့သင်း - ရေးသားသည်

No comments:
Post a Comment