နေပြည်တော် ဖေဖော်ဝါရီ ၂၄
ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး နဝမနေ့တွင် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ ''အခွန် အကောက်ဥပဒေကြမ်း''ကို တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ ၍ လွှတ်တော်၏အဆုံးအဖြတ်အတိုင်း ဥပဒေကြမ်းတစ်ခုလုံးအား အတည်ပြုခဲ့ သည်။
အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက က နိုင်ငံတော်သမ္မတ ထံမှ ပေးပို့သော ကယားပြည်နယ်အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ် တာဝန်ပေးခြင်းကို လွှတ်တော် သို့ အသိပေးတင်ပြ မှတ်တမ်းတင်ပြီး ''ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း'' နှင့် ''၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း''တို့ကို မှတ်တမ်းတင် ကြောင်း ကြေညာသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ''နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေး ရေး ဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သောကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ ထားသော မြန်မာ့မီးရထား ဒီဇယ်စက် ခေါင်းစက်ရုံ(ရွာထောင်) တိုးတက် ကောင်းမွန်ရေး စီမံကိန်းဆောင်ရွက် ရန်အတွက် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးကျော်နိုင်က ပြည်ပ ချေးငွေရယူရာတွင် သက်သာသော ချေးငွေ ဟုတ်၊ မဟုတ် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့တို့မှ အသိအမှတ်ပြုထားသော Grant Element နည်းလမ်းဖြင့် ဆန်းစစ်ရာတွင် သက်သာမှုရှိသော ချေးငွေဖြစ်သည်ကို ဆန်းစစ်တွေ့ရှိရပါကြောင်း။
စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုး ကျေးဇူးများစွာရှိပါကြောင်း၊ စက်မှု ပစ္စည်းများသည် အဟောင်းကိုပြင်သုံး သည်ဖြစ်စေ၊ အသစ်တပ်ဆင်သည်ဖြစ် စေ သက်တမ်းကြာလာသည်နှင့်အမျှ ဟောင်းနွမ်းပျက်စီးမည်ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်ကို ပြုစုပျိုးထောင် နိုင်မည်ဆိုလျှင် အရည်အသွေးပြည့်ဝ အောင် စာတွေ့လက်တွေ့ သင်ကြားပေး ပါက လူ့သားအရင်းအမြစ်သည် အချိန် ကြာလာသည်နှင့်အမျှ ကျွမ်းကျင်မှု မြင့်တက်၍ အတွေ့အကြုံရင့်ကျက်လာ ပြီး စွမ်းရည်အတွေးအခေါ်နှင့် အမြော် အမြင်လည်း မြင့်မားလာရုံသာမက နောင်တက်လာမည့် မျိုးဆက်သစ် များကိုပါ ဆက်လက်ဆင့်ပွားသင်ကြား ပျိုးထောင်ပေးနိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် တပ်မတော်သားကိုယ်စား လှယ် ဗိုလ်မှူးကြီးမြင့်ဆွေ၊ မိုးညှင်း မဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိနှင့် လှိုင်းဘွဲ မဲဆန္ဒနယ်မှ ဦးခင်ချိုတို့ကလည်း အကြံပြု ထောက်ခံဆွေးနွေးကြသည်။
ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းနှင့် ဆုံးဖြတ် ချက်ရယူခြင်းတို့ကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒသမနေ့တွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာ သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်က ဂီနီနိုင်ငံ၊ မော်လ်တာနိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဆေးရှဲလ်နိုင်ငံ၊ လိုက်ဘေးရီးယားနိုင်ငံ၊ မာရှယ်ကျွန်းစုနိုင်ငံနှင့် ဟိုလီဆီး (ဗာတီကန်နန်းတော်)တို့ အကြား သံတမန်အဆက်အသွယ်ထူထောင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
''၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း''၏မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် ဝန်ကြီးဌာနအသီးသီးက တင်ပြထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များသည် အလွန်ကျယ် ပြန့်သောကြောင့် လက်ရှိအကျိုး ခံစားခွင့် ရှိနိုင်သောအရာများနှင့် ရေရှည်တွင် အကျိုးခံစားခွင့်ရှိနိုင်သည့် အရာများ ပါဝင်နေကြောင်း၊ အချို့မူဝါဒ၊ ရည်မှန်း ချက်များကို ဖြစ်စေလိုသည့် စေတနာရှိ သော်လည်း အကောင်အထည်ဖော်သည့် နေရာတွင် တိကျသည့်လုပ်ငန်းစဉ်များ မပါသည့်အတွက် စိတ်ကူးယဉ်ဆန်သည် ဟု မြင်ပါကြောင်း။
ခေတ်အဆက်ဆက်အစိုးရများသည် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်း အမျိုးမျိုးကို ရေးဆွဲချပြပြီး မျှော်မှန်းသလို ဖြစ်မလာသောကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေ၊ လူ့အရင်းအမြစ်များ တန်ဖိုးမဲ့ ဆုံးရှုံးရပါကြောင်း၊ ထို့ကြောင့် ယခုလို အစိုးရသစ်လက်ထက်တွင် ယခင်က အစဉ်အလာအတိုင်း နောက်လာမည့် အစိုးရများအတွက် ခေါင်းကိုက်ရမည့် ပြဿနာမျိုးကို မရှာထားမိစေရန် အတွက် မိမိတို့၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို တိတိကျကျရေးဆွဲပြီး နှစ်စဉ်ပြန်လည်သုံးသပ်ရန် လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးကျော်နီနိုင်က ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ၏ ရငွေ ခန့်မှန်းချက်သည် ကျပ် ၁၆၇၆၈ ဘီလီယံ ကျော်ဖြစ်ပြီး သုံးငွေခန့်မှန်းချက်သည် ကျပ် ၂ဝ၈၉၆ ဘီလီယံကျော်ဖြစ်သဖြင့် လိုငွေခန့်မှန်းချက်သည် ကျပ် ၄၁၂၈ ဘီလီယံဖြစ်ပါကြောင်း၊ ဘတ်ဂျက်လိုငွေ နှင့် ဂျီဒီပီအချိုးသည် ၄ ဒသမ ၅၂ ရာခိုင်နှုန်းဖြစ်သဖြင့် အစိုးရအနေဖြင့် အထူးသတိကြီးစွာ ကိုင်တွယ်လုပ်ဆောင် ရန် အကြံပြုတင်ပြလိုပါကြောင်း၊ နိုင်ငံ တော်၏ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ ပြည်ပကြွေးမြီအခြေအနေသည် အမေရိကန် ဒေါ်လာ (၈ ဒသမ ၉) ဘီလီယံကျော်ရှိကြောင်း ဖော်ပြထား သဖြင့် ယနေ့ဒေါ်လာ ပေါက်ဈေးကျပ် ၁၃၅ဝ $နှင့် တွက်မည်ဆိုပါက မြန်မာ ကျပ်ငွေ ၁၂၁၃၅ ဘီလီယံ ကျော်နေပြီ ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ လူဦးရေ ၅၂ သန်း နှင့် အချိုးကျကြည့်မည်ဆိုပါက တစ်ဦး လျှင် ကျပ် ၂ ဒသမ ၃ သန်းကျော် အကြွေး တင်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ကြီးဌာနများ အနေဖြင့် ပြည်သူများထံမှ ကောက်ခံရရှိ သော ပြည်သူ့ဘဏ္ဍာငွေများကို အလေ အလွင့်မရှိစေရေး သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် ထိန်းသိမ်းဆောင်ရွက် သင့်ကြောင်း ဆွေးနွေးသည်။
ထို့ပြင် ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာတင်အောင်၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာ ခင်စည်သူ၊ ရခိုင် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းနှင့် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့ကလည်း အကြံပြု ဆွေးနွေးကြသည်။
မော်စီ၊ ဝေဇင်အေးဖြိုး(သတင်းစဉ်)
No comments:
Post a Comment