
ရန်ကုန် စက်တင်ဘာ ၁
၂ဝ၁၆ ခုနှစ် ကုန်ဆုံးတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားရာသီလည်း စတင်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်စရာနေရာများ ပေါများပြီး နှစ်စဉ်လာရောက် လည်ပတ်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာတွင် အခြေခံလိုအပ် ချက်များဖြစ်သည့် သယ်ယူပို့ဆောင် ရေးကဏ္ဍများ ပြည့်စုံနေစေရန် ယခု ကတည်းက ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်သည်။
Air KBZ လေကြောင်းလိုင်းမှလည်း ပြည်တွင်း ပြည်ပလေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ် လျက်ရှိပြီး ထပ်မံဝယ်ယူထားသည့် ATR 72-600 လေယာဉ်အမှတ် XY-AMF (MSN 1333)သည် ပြင်သစ်နိုင်ငံမှတစ်ဆင့် feery flight ဖြင့် စက်တင်ဘာ ၁ ရက် နံနက် ဝဝး၄၅ နာရီက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
Air KBZ လေကြောင်းလိုင်းတွင် ယခု ATR 72-600 လေယာဉ်အသစ်တစ်စင်း အပါအဝင် ATR 72-600 လေယာဉ်ငါးစင်း၊ ATR 72-500လေယာဉ်သုံးစင်း စုစုပေါင်း ရှစ်စင်း ဖြင့် ပြည်တွင်းခရီးစဉ်များအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အခြေပြု၍ နေပြည်တော်၊ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး၊ လားရှိုး၊ တာချီလိတ်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေ၊ မြစ်ကြီးနားနှင့် ကလေးမြို့များသို့ နေ့စဉ်အချိန်မှန် ပျံသန်းလျက် ရှိသည်။ ထို့ပြင် နိုင်ဝင်ဘာ ၂ ရက်မှ စတင်ကာ ပြည်ပခရီးစဉ်အဖြစ် ရန်ကုန်-ချင်းမိုင်-ရန်ကုန်ခရီးစဉ်ကိုလည်း တစ်ပတ်လျှင် သုံးရက်တိုးချဲ့ ပျံသန်းရန်စီစဉ်နေကြောင်း သိရသည်။
သတင်း-ဖိုးသော်ဇင်၊ ဓာတ်ပုံ-Air KBZ
No comments:
Post a Comment