
ဟောလိဝုဒ်အကျော်အမော်သရုပ်ဆောင်တစ်ဦးဖြစ်သည့် တွမ်ခရုဇ်သည် ယခုလက်ရှိတွင် မမ်မီ ဇာတ်ကားသစ်ရိုက်ကူးရန်အတွက် နမ်မီးဘီးယားနိုင်ငံသို့ရောက်ရှိလျက်ရှိကာ ယင်းဇာတ်ကားသစ်တွင် မင်းသား Russel Crowe ၊ Courtney Vance တို့အပြင် မင်းသမီး Annabelle Wallis တို့နှင့်အတူ ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။
ဒါရိုက်တာ Alex Kurtsman ကပုံဖော်ရိုက်ကူးသည့် ယင်းမမ်မီဇာတ်ကားသစ်သည် လွန်ခဲ့သည့်ရက် သတ္တပတ်အတွင်းက နေရာ ၁ဝ ခုတွင် စတင်ရိုက်ကူးခဲ့ပြီးဖြစ်ကာ ယင်းဇာတ်ကားတွင် အဖွဲ့သားစုစုပေါင်း ၆၅ဝ အသုံးပြုသွားမည်ဖြစ်သည်။ လူဦးရေ ၂ဝဝ ခန့်မှာ နမ်မီးဘီးယားလူမျိုးများဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်က ယင်းဇာတ်ကား ထုတ်လုပ်သူ Sean Daniel ၏ ထုတ်ပြန်ချက်တစ်စောင်အရ သိရသည်။
အဆိုပါဇာတ်ကားသစ်တွင် နမ်မီးဘီးယားနိုင်ငံ၏ သဘာဝတောတောင်အလှအပများကို တင်ပြခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
''နမ်မီးဘီးယားနိုင်ငံက ကျွန်တော်တို့ကို ရိုးသားပွင့်လင်းစွာကြိုဆိုခဲ့ပါတယ်။ အလွန်အလုပ်ကြိုးစားကြတဲ့ နမ်မီးဘီးယား ရုပ်ရှင်အဖွဲ့သားတွေကို တွေ့မြင်ရတာကြောင့်လည်း ကျွန်တော်တို့ အလွန်ကို အံ့အားသင့်ခဲ့ရပါတယ်။ နွေးထွေးပျူငှာစွာကြိုဆိုမှုတွေကြောင့် ကျွန်တော်တို့အဖွဲ့သားတွေ အလုပ်လည်း ပိုတွင်ကျယ်ခဲ့ပါတယ်''ဟု ဇာတ်ကားထုတ်လုပ်သူ Sean Daniel က ဆိုသည်။
တွမ်ခရုဇ်ခေါင်းဆောင်ပြီး ရိုက်ကူးတင်ဆက်မည့် အဆိုပါ မမ်မီဇာတ်ကားသစ်သည် ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်ထဲမှ လက်စားချေတတ်သည့် ဘုရင်မတစ်ပါးအကြောင်းကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတင်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။
မျိုးစန္ဒာမောင် - စုစည်းသည်
No comments:
Post a Comment