
ပြည်သူ့သဘောထားစင်မြင့်
တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏မူဝါဒအရ ဖော်ပြပေး နိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင်ပါရှိသမျှတို့သည် သက်ဆိုင်ရာဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။
(စာတည်းအဖွဲ့)
(စာတည်းအဖွဲ့)
ဆူးငှက်
တကယ်တော့ အောင်ပင်လယ်ကန်ရဲ့ မူလအမည်မှာ 'ကန်တိလိကန်' ဖြစ်တယ်။ သက္ကရာဇ် ၅၁၃ ခုနှစ်မှာ မင်းရှင်စောက ဆယ်တော်မူခဲ့တယ်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင် ကန်တော်ဆယ်ယူဖို့ ဆောင်ရွက်ပြီးစီးလို့ ''အောင်ပင်လယ်ကန်''လို့ အမည်သမုတ် ခဲ့တာပါ။ အောင်ပင်လယ်ကန်က အလျားတာ သုံးထောင် ရှိပြီး လယ်ပယ်သုံးသောင်းကို သုံးသီးစားစိုက်ပျိုးနိုင်တယ် လို့ ဆိုပါတယ်။ မင်းရှင်စော ဆယ်တော်မူခဲ့တဲ့ အောင်ပင်လယ် ကန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)က သက္ကရာဇ် ၁၁၅၁ခု နယုန်လပြည့် တနင်္လာနေ့မှာ နောက်ပါဗိုလ်ခြေ ထုနှင့် မဟာမုနိဘုရားအနီး ယာယီတဲနန်းမှာ စံမြန်းတော် မူပြီး ထပ်မံဆယ်ဖို့ ပြုပြင်တော်မူပြန်ပါတယ်။ မင်း၊ မိဖုရား၊ မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ ကတော်စိုးတို့နှင့်တကွ အမရပူရရွှေမြို့တော်မှ တစ်အိမ်တစ်ယောက်မက ပြည်သူ များနှင့်လည်း လယ်ထွန်မင်္ဂလာဆင်းပြီး ကန်တော်နှင့် ပတ်သက်သမျှ ကျောက်စာရေးထိုး စိုက်ထူတော်မူခဲ့ပါတယ်။
''ပြည်သူပြည်သားတို့ စီးပွားချမ်းသာ ဖြစ်စေလိုရုယ် နှစ်သစ်အခါမှ ရက်သုံးဆယ်ရာသီ မေဓုန် နယုန်လပြည့် တနင်လာနေ့ မင်းတို့ဓမ္မတာ လယ်ထွန်မင်္ဂလာ ထွက်စံ တော်မူရုယ် မင်းမိဖုရား၊ မင်ညီမင်းသား၊ မှူးတော်၊ မတ်တော် ကတော်စိုး မင်းတို့နှင့်တကွ၊ နေပြည်တော်နေ တစ်အိမ် တစ်ယောံ နောံတော်ပါ အသိန်မကသော ဗိုအထု နှင့် ...''
(အောင်ပင်လယ်ကန်ထိပ်ရှိ ဘိုးတော်ဘုရား ရေးထိုးခဲ့သော ကျောက်စာမှ မူရင်းသတ်ပုံမှ)
ဒီလိုရေးထိုးခဲ့တဲ့ ကျောက်စာတွေဟာ အထိန်းသိမ်း ကောင်းကောင်းနဲ့ တန်ဖိုးထားကြရမှာပါ။ အရင်က လမ်း နံဘေးမှာ လွတ်လွတ်လပ်လပ်ရှိခဲ့ပေမယ့် အခုအခါ ကျောက်စာရုံကိုပါ အပိုင်စီးခြံဝင်းအခတ်ခံထားရရှာတဲ့ မန္တလေး-ပြင်ဦးလွင် လမ်းမကြီးရဲ့ မန္တလေးကအထွက် မိုင်တိုင် ၆ မိုင်၊ ၂ ဖာလုံက အောင်ပင်လယ်ကျောက်စာဟာ ဖုန်အထပ်ထပ်ကြောင့် အမရပူရခေတ် ကျောက်ထက် အက္ခရာလက်ရေးတွေဟာ ရေးရေးသာပေါ်တော့တယ်။
''နွယ်တော်ရင်စစ်ဖြစ်တော်မူသော ဖေလောင်းတော် လှေစကြာသခင် နရပတိစည်သူမင်းကြီး၏ ဖကြီးတော် အလောင်းစည်သူမင်းကြီး၏သား နရသူမင်း၏အစ်ကို နောင်ချစ်မင်းလျာဖြစ်သော မင်းရှင်စောသည် သက္ကရာဇ် ငါးရာတစ်ဆယ့်သုံးခု တည်တော်မူသော အလျားတာ သုံးထောင်၊ လယ်ပယ်သုံးသောင်း၊ မြောင်းသုံးသွယ်တို့ဖြင့် အလွန်ကြီးကျယ်သော ကန်တိလိ အမည်ခေါ် အောင်ပင်လယ်ကန်တော်ကြီးသည် ...''တဲ့။
တကယ်တော့ ဒီနေရာတွေဟာ မန္တလေးရဲ့ အထင်ကရနေရာတွေပါ။ ဟုတ်ပါတယ်။ အောင်ပင်လယ် လယ်ကွင်းတွေပဲပေါ့။ ''အောင်ပင်လယ်''လို့ အမည်သညာ ရှိခဲ့တဲ့ ဒီကန်တော်ကြီးဟာ နာမည်နဲ့ လိုက်ဖက်ညီစွာပဲ အလျားတာ ၃ဝဝဝ၊ မိုင်အားဖြင့် ၇ မိုင်ခွဲနီးပါးရှည်ပြီး အနံ ၃ မိုင်ခွဲနီးပါးကျယ်တဲ့ ဧရာမကန်တော်ကြီးမို့ ပင်လယ် တမျှ ကျယ်ပြောတယ်ဆိုတဲ့ ညွှန်းဆိုမှုနဲ့ အောင်ပင်လယ် အမည်တွင်ခဲ့ပါတယ်။ လယ်ပယ်ပေါင်း သုံးသောင်းကို မြောင်းသုံးသွယ်နဲ့ ရေကောင်းရေရှင်ပေးနိုင်ခဲ့ပါသတဲ့။ မန္တလေး ရတနာပုံနေပြည်တော်ကို မင်းတုန်းမင်းတည်တော်မူဖို့ နေရာရွေးချယ်ရာမှာအောင်ပင်လယ်ကန်ကြီးရဲ့ တင့်တယ် သာယာကျယ်ပြောမှုကလည်း အဓိကအချက်မှာ ပါဝင်ခဲ့ ပါတယ်။ ''ရွှေကြာနီ၊ ရွှေကြာဖြူ၊ ကြူရရှုငယ်လေ သင်းသင်း၊ နံ့ရှင်းရှင်း၊ အိုင်မင်း အိုင်ဆန္ဒန်၊ တူတည်းတူမော ဟန်...''လို့ အောင်ပင်လယ်ကြာချပ်ကြီးကြိုးမှာ ဦးလွန်းပြေရေးဖွဲ့သလို ရေနေပိုးမွှားအစ ကျေးငှက်သာရကာ အလယ်၊ သမင်ဒရယ် သားကောင်ငယ်အဆုံး ဘေးမဲ့ ပေး ပျော်ရွှင်မြူးကြစေခြင်းနဲ့အတူ ပန်းပေါင်းရနံ့စုံ ဖူးပွင့် ကြလေကုန်သော သဘာဝဝန်းကျင်အလှဟာ မန္တလေး ရတနာပုံ နေပြည်တော်အတွက် ''အောင်ပင်လယ်''တစ်ခု နဲ့တင် ပြည့်စုံလုံလောက်နေတယ် မဟုတ်ပါလား။
ဒီအောင်ပင်လယ်မှာပဲ မြန်မာတို့ရဲ့ ခေတ်မီလက်နက် နိုင်ငံတော် စိတ်ကူး၊ ရေမြှုပ်ဗုံး ဇာတ်လမ်းစပြီးချက်ချင်းပဲ ဇာတ်သိမ်းခဲ့ရတယ်တဲ့။ မြန်မာတစ်ပြည်လုံး သူ့ကျွန် အောက်ရောက်ပြီး ၁၉ဝဝ ခုနှစ်ကျော်စွန်းစွန်းမျှကာလမှာပဲ အောင်ပင်လယ်ဟာ ရေတွေဖောက်ထုတ်ခံရပြီး လယ်ကွင်း ကြီးအဖြစ် ဖော်ထုတ်အသွင်ပြောင်းခံရတာလည်း သမိုင်း မှတ်တမ်းတစ်ခုပါပဲ။ ဒါကြောင့် အဲဒီခေတ် တေးရေးကျော် နန်းတော်ရှေ့ဆရာတင်က ''အောင်ပင်လယ်...အောင် ပင်လယ်...အောင်ပင်လယ်..၊ တကယ်တော့ အစစ်ကဲ့ သို့ အခုတော့ လယ်ကောဖြစ်လို့..၊ ကောင်းဖို့ရွယ်သော ခေတ်ကို အခုပင်မျှော်မိတယ်''လို့ သူ့သီချင်းထဲမှာ မငြီးဝံ့ဝံ့ ငြီးဝံ့ဝံ့နဲ့ ချီးမွမ်းခြေကျောက်ခဲ့တာ သတိရမိပါသေးတယ် လေ။ အလွမ်းပြေပေါ့။
တကယ်တော့ နန်းတော်ရှေ့ဆရာတင် လွမ်းဆွတ်ခဲ့ တာက ''ကြာစိမ်း၊ ကြာပြာ၊ ပွင့်နီများ လှုပ်ရှားကာရယ် များစွာကွယ်..၊ လေယူရာကို ကြိုင်လှိုင်မွှေးလို့ အေးကြည် ဖွယ်၊ ရှေးမီတယ်၊ လူအိုလူမင်း ပြောခြင်းလက္ခဏာ၊ ဟင်္သာ မောင်နှံကွယ်၊ ဝဲတယ်...ဝဲတယ်...''ဆိုတဲ့ သဘာဝ ဝန်းကျင်အလှ ကနဦး အောင်ပင်လယ်ဖြစ်မှာပါ။အခုတော့ အောင်ပင်လယ်ဟာ.. ကြာစိမ်း၊ ကြာပြာ၊ ပွင့်နီများနဲ့ ဧရာမကန်တော်ကြီးလည်း မဟုတ်တော့..၊ တကယ်တော့ အစစ်နဲ့ လယ်တောတွေလည်း မဖြစ်တော့။ အောင်ပင်လယ် ဆိုတာ ရွာငယ်အစုလေးကို အမှီပြုပြီး လူနေရပ်ကွက်ကြီးဖြစ် လို့၊ ဝင်းကျယ်ခြံကျယ် တိုက်ကြီးတာကြီး၊ ဆိုင်ကြီး ..ကန္နား ကြီးတွေဖြစ်လို့၊ မြေခွဲ ဝင်းခြမ်း၊ အိမ်တိုး အဖီချ၊ ဈေး ကောင်းရ ပြန်ရောင်း၊ ဈေးကွက်ဝင် ဧရိယာကြီး ဖြစ်လို့။
အေလမ်း (ဝါ) ၃၅ လမ်းရဲ့ ကနဦးအစ အောင်ပင်လယ် ကဖြင့် ကျေးလက်ပျိုဖြူ လယ်တောသူ စရိုက်တွေ.. ရေးရေးတော့ ကျန်နေသေးတယ်။ ရေးရေးဆိုသော်လည်း တကယ့်ရေးရေး..။ သည်ကနေ့ ရေးရေးမျှ ကျန်သော်လည်း နက်ဖြန်အတွက် အာမမခံနိုင်သေး..။ တကယ့်ရေးရေး..။ အေလမ်းနှင့် ပြင်ဦးလွင် လမ်းမကြီးဆုံရာကို အရင်က အောင်ပင်လယ်ကွေ့လို့ လူသိများခဲ့တယ်။ အင်္ဂလိပ် အက္ခရာ T ပုံသဏ္ဌာန်..။ ဒီနေရာက အရှေ့ဆီ မျှော်ကြည့်လိုက်တော့ ရှမ်းရိုးမပြာညိုမှိုင်းအောက်မှာ ရန်ကင်းတောင်တော်က ဝပ်စင်းနေတယ်။ ကောင်းကင်က တိမ်ရုပ်စုံ ပန်းချီအောက်မှာတော့ ဟိုး.. အရှေ့ ရန်ကင်းတောင်ခြေကနေ ဟောသည်မှာဘက်အထိ စပါးကောက်နှံစိမ်းတို့ လေယူရာတိမ်း.. ယိမ်းကနေကြဆဲ ပါ..။ အခုတော့ အစိမ်းကောက်ပင်လယ်ကြား၊ အဆောက် အအုံတွေ ကြိုကြားပေါ်လာနှုန်းက မြန်လာပုံရလေရဲ့။ အေလမ်းအစ..မြစ်ဖျားမှာ ထင်ထင်ရှားရှား ပြောင်းလဲ သွားတာက လမ်းမဝဲ၊ ယာမြင်ကွင်းတွေပါပဲ။
အရင်က အေလမ်းအစရဲ့ အောင်ပင်လယ်ကွေ့ တောင်ဘက် မြောက်ဘက်မှာ ရန်ကင်းတောင်ခြေကလို စိမ်းစိမ်းစိုစို လယ်ကွင်းတွေ ရှိခဲ့ဖူးရဲ့။ ဒီလယ်ကွင်းတွေ၊ ဒီအစိမ်းရောင်ပျိုးခင်းတွေ၊ ချောင်းမကြီးလက်တံမြောင်း တွေက ကြည်လဲ့လဲ့ ချောင်းရေရှင်တွေ၊ လယ်ကန်သင်းရိုးက သစ်ပင်တောတန်းတွေ၊ လယ်ကွင်းကျယ်ကြီးကိုဖြတ်သန်း တိုက်ခတ်လာတဲ့ လေပြည်လေညင်းတွေ၊ ဒါတွေဟာ ကွန်ကရစ်တောဖြစ်လာတဲ့ မန္တလေးရဲ့ အသက်ရှူပေါက်တွေ ပါ။ ကယ်တင်ရှင်တွေပါ။ အဆုတ်၊ နှလုံး၊ အသည်း၊ ဦးနှောက်အားဆေးတွေပါ။ မန္တလေး ရေရှည်တည်တံ့စေဖို့ အဖိုးတန်နတ်သြဇာတွေပါ။ အသက်ကယ် မိုရီရာမင်း တွေပါ။ ဘိုးဘွားအမွေပေးခဲ့တဲ့ ရင်းမြစ်ရတနာတွေပါ။ အောင်ပင်လယ်ဒေသရဲ့ တန်ဖိုးကို တိုင်းတစ်ပါးသား နယ်ချဲ့အင်္ဂလိပ်ကသိတယ်။ ရေခန်းယိုယွင်းလာတဲ့ အောင်ပင်လယ်ကို ဆည်တော်ကြီးက ရေသွယ်ရေပေးပြီး လယ်ကွင်းအစိမ်းရောင်ပင်လယ်ကြီးအသွင် ဖန်ဆင်းပြီး စားနပ်ရိက္ခာသာမက အောက်စီဂျင်တွေလည်း ပေးခဲ့တယ်။
၁၉၉၄ ခုနှစ်မှာ မဟာမန္တလေးမြို့တော်စီမံကိန်းရေးဆွဲ ရေးကို ကူညီခဲ့တဲ့ ဂျပန်ပညာရှင်များကသည်ပင်လျှင် အောင်ပင်လယ်လယ်ကွင်းကြီးကို အဖိုးတန်သဘာဝ ရင်းမြစ်ကြီးအဖြစ် နဂိုမူလအတိုင်း မထိမခိုက် မပျက်မယွင်း ထားရှိပြီး ကျန်နေရာများကိုသာ မြို့ပြစီမံကိန်းဆောင်ရွက်ဖို့ အကြံဥာဏ်ပေးခဲ့ပါတယ်။
အခုတော့ အောင်ပင်လယ်ကို ပုဂ္ဂလိက ဓာတ်ဆီဆိုင် တွေ၊ ဧရာမ ကေတီဗွီနိုက်ကလပ်ကြီးတွေ၊ ဟိုတယ် စီမံကိန်းကြီးတွေ၊ လူနေခြံဝင်း၊ ဂိုဒေါင်ကျယ်ကြီးတွေ၊ အစိုးရရုံးအဆောက်အအုံကြီးတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ အုတ်တံတိုင်းကာ ဧကကွက်ကြီးတွေ၊ သွပ်ပြားကာ ဧရာမ ခြံကျယ်ကြီးတွေ၊ အပြိုင်းအရိုင်း ပေါ်ပေါက်လာရုံမက ဘူဒိုဇာ၊ ဘက်ဖိုး၊ မြေတူး မြေကော်စက်ကြီးတွေနဲ့ အလု အယက် တစ်စစီဆွဲဖျက်နေကြပါပကောလား။
သေချာတာကတော့ အောင်ပင်လယ်ပျက်ရင် အနှေး နဲ့ အမြန်ဆိုသလို မန္တလေးပျက်မှာပါပဲ။
နိုင်ငံခြားသားများကပင် အမြော်အမြင်ကြီးစွာ တန်ဖိုးထားခဲ့ကြတဲ့ မန္တလေးရဲ့ သဘာဝအစိမ်းရောင် အသက်ရှူပေါက်ကြီး မပျက်စီးခင် အချိန်မီ ပြုပြင်ကြပါ လေကုန်။ ။
No comments:
Post a Comment