
ရန်ကုန် မေ ၂
ကြိုတင်သုံးစွဲနိုင်သော ငွေပမာဏ ပါရှိသည့် Credit ကတ်များကို အာမခံငွေပေးသွင်းထားနိုင်သောကတ် နှင့်အာမခံပေးသွင်းထားရန် မလိုအပ်သည့်ကတ်ဟူ၍ ပြည်တွင်းဘဏ်များမှ ထုတ်လုပ်လာခဲ့ကြသည်မှာ လအနည်း ငယ်သာရှိသေးသော်လည်း အဆိုပါ ကတ်အပေါ် ပြည်သူများစိတ်ဝင်စားမှုသည် တစ်စတစ်စမြင့်တက်လာခဲ့သည် ဟု ဧရာဝတီဘဏ်ရုံးချုပ်မှ သိရသည်။ဧရာဝတီဘဏ်သည် ၂ဝ၁၆ ခုနှစ် မတ်လက အာမခံပေးသွင်းရန်မလိုဘဲ ကြိုတင်ငွေသုံးစွဲနိုင်သည့် ခရက်ဒစ်ကတ်ကို စတင်ထုတ်လုပ်ခဲ့ရာ လျှောက်ထားသူဦးရေ ၁၆ဝဝ ကျော် ရှိလာပြီး ဦးရေ ၁၄ဝဝ ခန့်ကို ကတ်များထုတ်ပေးပြီး ကတ် ၂ဝဝ ကျော်ကိုမူ စိစစ်ဆဲဖြစ်ကြောင်း သိရသည်။
''ခရက်ဒစ်ကတ်နဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်ဘိုကင်၊ လေယာဉ် လက်မှတ်ဘိုကင် တင်တဲ့အခါမျိုးတွေ မှာ အသုံးများတယ်။ ကျွန်တော်လွန်ခဲ့တဲ့ နှစ် ၂ဝ ကတည်းက ဗန်ကောက်ဘဏ်နဲ့ UOB ဘဏ် တွေမှာ ခရက်ဒစ်ကတ်ကိုစသုံးခဲ့တယ်။ ကတ်နဲ့သုံးစွဲရတဲ့ခံစားမှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုစေတယ်။ အခု ကိုယ့်နိုင်ငံမှာ ခရက်ဒစ်ကတ်တွေ ထုတ်ပေးနေပြီ ဆိုတာသိတော့ တော်တော်လေးဝမ်းသာမိတယ်။ မိသားစုတွေနဲ့အပြင်သွားလို့ စားသောက်ဆိုင်မှာရှင်းရတဲ့အခါ ငွေ မလုံလောက်တာမျိုးတွေကြုံလာရင် အလွယ်တကူ ဖြေရှင်းနိုင်တယ်။ ငွေထုတ်ကြီး မသယ်သွားချင်တဲ့အခါ ကတ်တွေက အသုံးပြုရတာ အဆင်ပြေတယ်''ဟု Zeya & Associates ကုမ္ပဏီမှ ဦးဇေယျသူရမွန်က ပြောသည်။
ခရက်ဒစ်ကတ်သည် သုံးစွဲရလွယ်ကူပြီး မြန်မာနိုင်ငံတွင် ခရက်ဒစ်ကတ်ဖြင့် MPU အမှတ် တံဆိပ်ပါရှိသော နေရာတိုင်းတွင် အသုံးပြုနိုင်သည်။ အဆင့်မြင့် ကုန်တိုက်များ၊ ဈေးဆိုင်များ၊ အဝတ်အထည်စတိုးဆိုင်များ၊ ဆေးပစ္စည်း ဆိုင်၊ ဓာတ်ဆီဆိုင်များ၊ စားသောက် ဆိုင်၊ ဟိုတယ်များ၊ စိန်ရွှေရတနာ ဆိုင်များ၊ ခရီးသွားလုပ်ငန်း၊ ပုဂ္ဂလိက ဆေးရုံ၊ မိုဘိုင်းဖုန်းအရောင်းဆိုင်၊ အီလက်ထရွန်နစ်အရောင်းဆိုင်များ၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ စသည့်နေရာ များတွင် ငွေစက္ကူကိုင်ဆောင်ရန် မလိုအပ်ဘဲ ကတ်ဖြင့် ပေးချေဝယ်ယူ အသုံးပြုနိုင်သည်။ အားသာချက်မှာ တချို့ဆိုင်ခန်းများတွင် ခရက်ဒစ်ကတ်ဖြင့်ဝယ်ယူခြင်းအပေါ် အထူးခံစားခွင့်ရရှိနိုင်ခြင်းဖြစ်သည်။
ဧရာဝတီဘဏ်တွင် ခရက်ဒစ်ကတ် လျှောက်ထားသူ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ''ကျွန်တော် ခရက်ဒစ်ကတ်ကို လျှောက်ထားတုန်းပါ။ ခရက်ဒစ်ကတ်က ခုတလောစိတ်ဝင်စားမှု တအားမြင့်တက်နေတယ်။ ဒီတော့ ဒီကတ်ကိုကိုင်ပြီး သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမျိုးမှာ သုံးချင်တယ်''ဟု ပြောကြားသည်။
၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ Myanmar Payment Union(MPU) ကို စတင်ဖွဲ့စည်းခဲ့သည်။ ယင်းနောက်ပိုင်းမှာတော့ အသင်းဝင်ထားသည့် ဘဏ် ၂၁ ဘဏ်မှ Master ၊ VISA ၊ ATM အစရှိသည့် Debit ကတ်များ ထုတ်ပေးနိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် မေ ၈ ရက်တွင် ခရက်ဒစ်ကတ်ကို ပြည်တွင်းဘဏ်များမှ ဆောင်ရွက်ပေး နိုင်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုပေးခဲ့သည်။ ''အစ်မတို့က ဗဟိုဘဏ်ကနေ ကတ်တွေထုတ်ခွင့် ပေးတယ်ဆိုတာက Cashless Society ဖြစ်စေချင်တာ။ ငွေစက္ကူ ကိုင်ဆောင်တဲ့အလေ့အထကို ကျဉ်းသွားစေချင်တာ။ ငွေသားမသုံးစေချင်လို့ ခရက်ဒစ်ကတ်တွေပါ ထုတ်နိုင်ဖို့ ခွင့်ပြုခဲ့တယ်။ အခုဆို မြန်မာ့သမဝါယမဘဏ်၊ ဧရာဝတီဘဏ်နဲ့ ကမ္ဘောဇဘဏ်တွေမှာ ခရက်ဒစ်ကတ်တွေ ထုတ်ပေးနေတယ်'' ဟု ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်း ဆွေ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောကြားသည်။
ခရက်ဒစ်ကတ်ကို အသက် (၂၁) နှစ်ပြည့်ပြီး ဝင်ငွေပြနိုင်သည့် အမြဲတမ်းနေထိုင်ခွင့်ရသူ မည်သည့်နိုင်ငံ သားတိုင်းမဆို လျှောက်ထားနိုင်သည်။ လျှောက်ထားရာတွင် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူ နှင့် ဓာတ်ပုံနှစ်ပုံဖြင့် လျှောက်ထားနိုင်သည်။
သို့သော် သတိပြုရန်မှာ ခရက်ဒစ်ကတ်ဖြင့် သုံးစွဲခြင်းသည် ငွေချေးယူ ခြင်းဖြစ်သည်။ ငွေချေးခြင်းဖြစ်သဖြင့် သတ်မှတ်ထားသည့် အတိုးနှုန်းကို ပေးဆောင်ရသည်။ ထို့ပြင် သက်ဆိုင် ရာဘဏ်၏မူဝါဒ၊ လမ်းညွှန်ချက်များ နှင့်အညီ သုံးစွဲသူ၏ နောက်ခံသမိုင်း၊ ငွေကြေးခိုင်မာမှု၊ အာမခံမည့်သူ၏ ဝင်ငွေရရှိမှုအခြေအနေ အစရှိသည့် အချက်အလက်များပေါ်မူတည်ပြီးမှ ကြိုတင်သုံးစွဲနိုင်မည့် ငွေပမာဏကိုဘဏ်မှ သတ်မှတ်ပေးခြင်း ဖြစ်သည်။
''တချို့တွေက အကြွေးဝယ်ကတ် လို့ပြောကြပေမယ့် ကျွန်တော်ကတော့ ကိုယ့်ရိုးသားမှုကို အသိအမှတ်ပြုပေး တဲ့ကတ်လို့ မြင်တယ်။ နိုင်ငံတကာ မှာကော အခုကိုယ့်ပြည်တွင်းမှာပါ အလုပ်အကိုင်မရှိတဲ့သူတွေ၊ နောက်ခံရာဇဝင် မကောင်းတဲ့သူတွေ လျှောက် လို့မရပါဘူး။ လစဉ်သတ်မှတ်ထားတဲ့ ဝင်ငွေရှိမှသာ လျှောက်လို့ရတာပါ။ ဒီနေရာမှာ ကိုယ့်နိုင်ငံပြည်သူတွေ တစ်လ ငါးသိန်းမရနိုင်ကြပေမယ့် ခရက်ဒစ်ကတ်ရလို့ပေးတဲ့ ငါးသိန်းနဲ့ လူနေမှုအဆင့်တစ်ခု မြင့်နိုင်မယ်။ တီဗွီအဟောင်းကနေ အသစ်ဝယ်လဲလာ နိုင်မယ်။ လစာအပြင် ခရက်ဒစ်ကပေး တဲ့ငွေကြောင့် အရင်က လစာတစ်ခုတည်းနဲ့ မဝယ်နိုင်တာတွေ ဝယ်လာနိုင်မယ်။ အဲလိုဝယ်လာကြရင် အရောင်းအဝယ်ဈေးကွက် သွက်လာမယ်။ စီးပွားရေးတိုးတက်မှု ဖြစ်လာမယ်။ အလုပ်အကိုင်မရှိတဲ့သူတွေလည်း ခရက်ဒစ်ကတ်ကိုင်ချင်လို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာလာကြမယ်။ ဒါကြောင့် ခရက်ဒစ် ကတ်ကို လူတိုင်းကိုင်နိုင်ရင် ပိုကောင်း မယ်လို့မြင်တယ်။ ကိုယ့်ငွေကိုယ် ထည့်ပြီးသုံးရတဲ့ကတ်မျိုး မဖြစ်စေသလို အတိုးနှုန်းသက်သာဖို့လည်း လိုပါတယ်''ဟု HVAC Tech မှ ကိုနေသန်က ပြောသည်။
(ခင်ဇာလီ)
No comments:
Post a Comment