
တိမ်တမန်
အမရပူရမြို့ ဦးပိန်တံတားအရှေ့ထိပ်တွင် ကျောက်တော်ကြီးဘုရားကို ဖူးတွေ့နိုင်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်စားသော ဘုရားဖြစ်သည်။ ကျောက်တော်ကြီးဘုရား၏ ထူးခြားချက်မှာ ဆန်းကျယ်သော မြန်မာ့ဗိသုကာလက်ရာနှင့် နံရံဆေးရေး ပန်းချီများပင်ဖြစ်သည်။ အမရပူရမြို့နယ်အတွင်းတွင် ကျောက်တော်ကြီးဘုရားမှ နံရံဆေးရေး ပန်းချီများမှာထူးခြားပြီး ပီပြင်စွာ လေ့လာနိုင်သည်အထိရှိနေသည်။ ဦးပိန်တံတား လာသူတိုင်း ကျောက်တော်ကြီးဘုရားကို သွားရောက်ဖူးမြော်လေ့ရှိသည်။
ကျောက်တော်ကြီးဘုရားကို ကျန်စစ်မင်းကြီးအား ရဟန္တာအရှင်မြတ်များ ဖန်ဆင်း ပြသအပ်နှင်းအပ်သောအာနန္ဒာ ဘုရား၏လှိုင်ပုံ ပြသာဒ်ကိုအတုယူကာ ပုဂံမင်းတရားကြီးက တည်ဆောက်ထား သည်ဟု သိရသည်။
၁၂၁၂ ခုနှစ် တော်သလင်းလပြည့်ကျော် ၈ ရက်တွင် ပုဂံမင်းနှင့်မင်းမိဖုရားသည် မင်းညီမင်းသား၊ စော်ဘွား၊ မြို့စား မူးမတ်၊ မြို့စားမှူးတော်မတ်တော် တို့နှင့် တစ်ကွမဟာသကျရံသီ ကျောက်တော်ကြီးဘုရား လှိုင်မုခ်ပေါင်း ဂူပြသာဒ်ဦး၏ တတိယပစ္စယံအထက် ကွမ်းထောင်တော်တွင် မင်္ဂလာအခါယူ၍ ဌာပနာသွင်းပူဇော် ခဲ့သည်ဟု သိရသည်။
မဟာသကျရံသီ ရုပ်ပွားတော်မြတ် ကိန်းဝပ်ရန်ဘုရား၊ အုတ်ရိုး၊ အင်္ဂတေမဟာရံ တံတိုင်း မီးတားနှစ်ထပ်နှင့်တစ်ကွ ဆောက်လုပ်စေပြီး ၁၂၁၂ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၉ ရက်နေ့တွင် ထီးတင်ပွဲ ကျင်းပနိုင်ခဲ့သည်။ ထီးတင်ပွဲတွင် သေဒဏ်အပြစ်ခံနေရသူ ထောင်တွင်းအကျဉ်း ခံနေရသူ ယောက်ျား၊ မိန်းမ ၄၁ ဦးအားထိပ်ကြိုး၊ သံကွင်း၊ ခြေကျင်းတို့လွှတ်ကာ ဘေးမဲ့ချမ်းသာပေးခဲ့သည်ဟု သိရသည်။
တောင်သမန် ကျောက်တော်ကြီးဘုရား၏ ဗိသုကာလက်ရာမှာထူးခြားပြီး အံသြဖွယ်ကောင်းသည်။ ကျောက်တော်ကြီး ဘုရားဆင်းတုတော်၏ အနောက်ဘက်မုခ်တံခါးထဲတွင် တံခါးနှစ်ပေါက်ရှိသည်။ လက်ယာဘက်၊ တောင်ဘက်တံခါးသည် အတွင်းထဲမှ ကျောက်တော်ကြီးဘုရားပေါ် သို့တက်နိုင်သောတံခါးဖြစ်ပြီး ကျောက်တော်ကြီးဘုရား ထုံးသင်္ကန်းကပ်သည့်အခါတွင်သာ ထိုအပေါက်ကို ဖွင့်ကာအပေါ်သို့တက်ခွင့်ပေးသည်။
လက်ယာဘက်မြောက်ဘက်အပေါက် မှာ ကျောက်တော်ကြီးဘုရား၏ထူးခြားသော ဝင်္ကဘာလမ်းပေါက်ဟုဆိုကြသည်။ ဝင်ပြီးပါက ထွက်လာနိုင်ခြင်းမရှိဘဲလူကို အသက်သေသည်အထိအန္တရာယ်ဖြစ်စေ ခဲ့ဖူးသောကြောင့် ထိုတံခါးကိုအစဉ် အဆက်ပိတ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ လက်ရှိကာလတွင် ကျောက်တော်ကြီးဘုရားရှိ သစ်ပင် ရိပ်များတွင် ဆိုင်ခန်းများဖွင့်ထားခြင်း နှင့်အတူ နေ့စဉ်လူစည်ကားလျက် ရှိသည်။
No comments:
Post a Comment