Saturday, April 2, 2016

နျူကလီးယားလုံခြုံရေး ထိပ်သီးညီလာခံ ကမ္ဘာ့နိုင်ငံပေါင်း ၅ဝ ကျော်မှ ခေါင်းဆောင်များ တက်ရောက်



The Mirror Daily's photo.


ဝါရှင်တန် ဧပြီ ၁

နျူကလီးယား လုံခြုံရေး ထိပ်သီးညီလာခံကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ကျင်းပလျက်ရှိကြောင်း၊ သမ္မတ ဘားရက်အိုဘားမားက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အဆိုပါညီလာခံသို့ ကမ္ဘာ့နိုင်ငံပေါင်း ၅ဝ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

နျူကလီးယား လုံခြုံရေး ထိပ်သီးညီလာခံသည် နျူကလီးယားလုံခြုံရေးဆိုင်ရာ စတုတ္ထအကြိမ်ကျင်းပသည့် နိုင်ငံတကာ အစည်းအဝေးဖြစ်ပြီး သမ္မတ အိုဘားမားအတွက် ၎င်း၏ရာထူးသက်တမ်းအတွင်း နောက်ဆုံးအကြိမ်ကျင်းပသော နျူကလီးယားဆိုင်ရာ ညီလာခံလည်းဖြစ်သည်။ သမ္မတ အိုဘားမားသည် ၎င်း၏ ရာထူးသက်တမ်းကုန်ဆုံးသည်အထိ နောက်ထပ် ၁ဝ လမျှသာ တာဝန်ထမ်းဆောင်ရန် ကျန်ရှိတော့သည်။

နျူကလီးယား လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးကို သမ္မတ အိုဘားမားက ၎င်း၏ နိုင်ငံခြားရေးမူဝါဒတွင် ထိပ်တန်း ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ထားသည်။

အမေရိကန်က အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသော အဆိုပါညီလာခံသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်မတက်ရောက်ဘဲ သပိတ်မှောက်သည်။ အမေရိကန်နှင့်ရုရှားတို့အကြား တင်းမာမှုမြင့်မားနေချိန်အတွင်း အမေရိကန်လွှမ်းမိုးသော ညီလာခံတက်ရောက်ရန် သမ္မတပူတင်အနေ ဖြင့် ဆန္ဒရှိပုံမရှိကြောင်း သတင်းတွင်ဖော်ပြသည်။

မကြာသေးမီက ဘယ်လ်ဂျီယံနိုင်ငံ၌ အကြမ်းဖက် တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းကြောင့် နျူကလီးယားအကြမ်းဖက်မှု ပြဿနာကို အဓိကပြုဆွေးနွေးရန် ဆွေးနွေးပွဲ အစီအစဉ်တွင် သတ်မှတ်ထားသည်။

အိုင်အက်စ်စစ်သွေးကြွအဖွဲ့သည် နောင်တစ်ချိန် ချိန်တွင် နျူကလီးယားစက်ရုံများကို ပစ်မှတ်ထားတိုက် ခိုက်လာနိုင်ပြီး ရေဒီယိုသတ္တိကြွစေနိုင်သော ဗုံးများကို ပြုလုပ်လာဖွယ်ရှိသည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ပြောကြားကြသည်။
ရိုက်တာ။

No comments:

Post a Comment