
ခန်းစ် ဒီဇင်ဘာ ၂၈
ဗြိတိန်အမျိုးသားတစ်ဦးသည် အပြောကျယ်လှသည် ပစိဖိတ်သမုဒ္ဒရာ ကို မြောက်အမေရိကမှသည် သြစတြေးလျအထိ လှေငယ်တစ်စင်းဖြင့် လှော်ခတ်ဖြတ်ကူးနိုင်ခဲ့သည်။
စွန့်စားသွားလာသူ ဂျွန်ဘီဒန် သည် ပစိဖိတ်သမုဒ္ဒကို လှေဖြင့် တစ်ဦးတည်း ဖြတ်ကျော်နိုင်ခဲ့သည့် ပထမဆုံးလူဖြစ်လာကြောင်း ဒေသခံ သတင်းမီဒီယာများက ရေးသား ဖော်ပြသည်။
ဘီဒန်သည် အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စစကိုမြို့မှ ဇွန်လအတွင်း ခြောက်မီတာရှည်လျားသည့် လှေငယ် တစ်စင်းဖြင့် စတင်ထွက်ခွာလာခဲ့ပြီး သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ခန်းစ်မြို့သို့ ဒီဇင်ဘာ ၂၇ ရက်တွင် ဆိုက်ရောက်လာခဲ့ပြီး ခရီးအရှည် ကီလိုမီတာ ၁၃၇ဝဝ (ရေမိုင် ၇၄ဝဝ ကျော်) ခန့်ရှိသည်။
ဘီဒန်၏ လှေငယ် သြစတြေးလျ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသောအခါ ကမ်းပေါ်မှလူများက လက်ခုပ်လက်ဝါးတီးကာ အားပေးကြိုဆိုခဲ့ကြသည်။ ဘီဒန်သည် လှေပေါ်မှဆင်းကာ တုန်တုန်ယီယီဖြင့် ကုန်းပေါ်သို့တက်ပြီး ၄င်းကို အားပေးကြိုဆိုနေသော မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။
ဘီဒန်သည် သတ်မှတ်ထားသည်ထက် တစ်လနောက်ကျပြီးမှ သြစတြေးလျနိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းသည် တစ်နေ့လျင် ၁၅ နာရီမျှ လှော်ခတ်ခဲ့ရပြီး ခရီးစဉ် စုစုပေါင်း ၂ဝ၉ ရက် ကြာမြင့်ခဲ့ကာ ရိက္ခာခြောက်များကိုသာ အဓိက စားသုံးခဲ့ရသည်။
''အခုလို ပစိဖိတ်သမုဒ္ဒရာကို လှေငယ်နဲ့ ဖြတ်ကူးနိုင်တဲ့ ပထမဆုံးလူ ဖြစ်ဖို့ကြိုးစားရတာ တကယ့်ကို မယုံနိုင် လောက်အောင်ဖြစ်ခဲ့ရပါတယ်။ ခရီး စဉ်တစ်လျှောက် အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီ အခက်အခဲတွေကိုပဲ ကျွန်တော် ကိုယ်တိုင်ရှာဖွေခဲ့တာပဲလေ။ ဆက်မသွား တော့ဘူးလို့လည်း ကျွန်တော်အကြိမ် ကြိမ်တွေးခဲ့ ပါသေးတယ်။ ကိုယ် အလေးချိန်လည်း ငါးကီလိုဂရမ် လောက်ကျသွားတယ်''ဟု ဘီဒန်က ပြောကြားသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment