နေပြည်တော် အောက်တိုဘာ ၂၈
ဝါလကင်းလွတ်သည့် သီတင်း ကျွတ်လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်
တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သား အမှူးပြု သော
စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာပရိသတ်တို့အား ဝါတွင်း သုံးလကာလပတ်လုံး
အဘိဓမ္မာ ဒေသနာတော်ကို အကျယ်နည်းဖြင့် မိန့်မြွက်တော်မူခြင်းပြီးဆုံး၍
လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာ ပရိသတ်များခြံရံကာ ပြန်လည်ဆင်း
သက်တော်မူသဖြင့် လူပရိသတ်တို့က ကြိုဆိုဖူးမြော်ခြင်းကို အကြောင်းပြု၍
ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် ဆီမီးရောင်စုံတို့ ထွန်းညှိပူဇော်ကာ
သီတင်းကျွတ် မီးထွန်းပွဲတော်ကို ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ
ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် နေပြည်တော် ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၌ သတ္တမ အကြိမ် အဘိဓမ္မာအခါတော်နေ့နှင့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ကို နံနက် ၉ နာရီတွင် အဆိုပါ စေတီတော်လိုဏ်တော်၌ ကျင်းပရာ စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါ စရိယဆရာတော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက် ပဓာနနာယက၊ နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇမဟာရဠဂုရု ဘဒ္ဒန္တကဝိသာရထံမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးဝင်းနှင့် ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆပ်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ဈေးကုန်းကျောင်း ဆရာတော်ထံမှ ပရိသတ်များက အဘိဓမ္မာအခါတော်နေ့ တရား များနာကြားကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် စေတီတော် လိုဏ်တော်အတွင်း၌ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်များ၊ ဝန်ကြီးဌာန များနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်ပူဇော်ကြသည်။ ညပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးရင်ပြင်၌ ညနေ ၆ နာရီမှစ၍ ဆီမီး ၉ဝဝဝ ထွန်းညှိပူဇော်ပွဲ ကျင်းပရာ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိသည်။
ထို့ပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဓာတုစယ ဓာတ်ပေါင်းစု စေတီတော်တွင် ကိုးကြိမ်မြောက် ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကိုကျင်းပခဲ့ပြီး ဘုရား ကိုးဆူ၊ ကိုးခမ်းကြီးဘုရား၊ အောင်မင်းခေါင်ဘုရား၊ ဇိဏမာန် အောင်၊ မင်းဝံတောင်ဘုရား၊ စူဠာမဏိဘုရားများနှင့် လယ်ဝေး မြို့နယ် ဖောင်တောင်ချက်မ၊ ရန်အောင်မြင် ရွှေလက်လှဘုရားနှင့် တပ်ကုန်းမြို့နယ်ရှိ ဘုရားပုထိုးများ၌ ဘုရားဖူးများနှင့် စည်ကားလျက်ရှိပြီး နေအိမ်များတွင်လည်း ဆီမီး၊ မီးရောင်စုံများ ထွန်းညှိပူဇော်ကြ သည်။
အထူးသဖြင့် နေပြည်တော် သတ္တသတ္တာဟ ဗုဒ္ဓဂယာဘုရား၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများနှင့် အထူးစည်ကားလျက် ရှိသည့်အပြင် နေပြည်တော် ရေပန်း ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီ ဥယျာဉ်၊ တိုင်းရင်းသားကျေးရွာ၊ ရေပူစမ်းတို့တွင်လည်း အပန်းဖြေ သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment