နေပြည်တော် မတ် ၃
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့သည် ယနေ့
မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိခရိုင် ပညာရေးမှူးများ၊
မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ ဦးစီးဌာနတို့မှ
တာဝန်ရှိသူများအားတွေ့ဆုံပြီး ပညာရေးဆိုင်ရာကိစ္စရပ်များကို
ဆွေးနွေးမှာကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက
အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသည့်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းလေးရပ်တွင် လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှု
လုပ်ငန်းစဉ်သည်လည်း တစ်ခုအပါအဝင် ဖြစ်ပြီး
ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကိစ္စရပ်သည် လူမှုရေးပြုပြင်ပြောင်းလဲမှု
အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက်
အကောင်းဆုံးပညာရေး အခြေခံအုတ်မြစ်ချမှတ်ပေးနိုင်အောင်
စီစဉ်ပေးနေပါကြောင်း၊ ခေတ်သစ်၊ စနစ်သစ်၏ လိုအပ်ချက်များနှင့်အညီ
ကဏ္ဍအလိုက်ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ပေးမှု (Decentralization)
ဆောင်ရွက်ပေးလျက်ရှိရာ အချို့ဆောင်ရွက်၍ ရသည်များရှိသကဲ့သို့ အချို့မှာ
လူသားအရင်းအမြစ်အခြေခံအဆောက်အအုံ အခြေအနေအရ အချိန်ယူပြီး
ဖြေလျှော့ရမည့်ကိစ္စများ ရှိပါကြောင်း၊ ယနေ့တက်ရောက်လာသည့် ခရိုင်နှင့်မြို့
နယ်ပညာရေးမှူးများအနေဖြင့် မိမိတို့တာဝန်ကို တီထွင် ဖန်တီးလိုစိတ်ဖြင့်
အားကျိုးမာန်တက်ဆောင်ရွက်ကြခြင်းဖြင့် ပညာရေးကဏ္ဍပြောင်းလဲတိုးတက်အောင်
ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက အမှာစကားပြောကြားရာတွင် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာရှင် အတတ်ပညာရှင်များ လေ့ကျင့် ပြုစုပျိုးထောင်ရေးသာမက နည်းပညာ ကျွမ်းကျင်သူများနှင့် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ချမှတ်ကျင့်သုံးနေသည့် ပြည်သူဗဟိုပြုမူဝါဒနှင့်အညီ ပြည်သူအားလုံးပူးပေါင်း ပါဝင်သည့် ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်များ၊ ပြည်သူများနှင့်ပူးပေါင်း၍ ပညာရေးအရည်အသွေး မြင့်မားရေးဆောင်ရွက်သွားရန် လိုကြောင်း၊ ယနေ့ပညာရေးကဏ္ဍ၏ လိုအပ်ချက်များကို ဦးစားပေးအစီ အစဉ်ရေးဆွဲပြီးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အေးချမ်းစွာ ပညာသင်ကြားရေးကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းစီမံဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း ပြောင်းလဲလျက်ရှိသည့် ခေတ်စနစ်၏ လိုအပ်ချက်များကို စီမံခန့်ခွဲဆောင် ရွက်ကြရန်လိုကြောင်းမှာကြားသည်။
အစီအစဉ်အရ တက်ရောက်လာကြသည့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများက ခရိုင်အလိုက်၊ မြို့နယ်အလိုက် ပညာရေးကဏ္ဍတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တွေ့ကြုံရသော အခက်အခဲများ၊ နွေရာသီ ကျောင်းပိတ်ရက်တွင် ဆောင်ရွက်မည့် ပညာရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ရန်ကုန်တက္ကသိုလ်သို့ ဆက်လက် သွားရောက်ခဲ့ကြပြီး ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ အဆင့်မြင့် ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်မှ ဒုတိယပါမောက္ခ ချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များအား တွေ့ဆုံ၍ တက္ကသိုလ်ပညာရေးနှင့် အုပ်ချုပ်မှုစနစ်တိုးတက်ကောင်းမွန်စေရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:
Post a Comment