နေပြည်တော် ဇန်နဝါရီ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားကွင်း၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးမောင်မြင့်၊ ဦးရဲထွဋ်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများမှ အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက နိုင်ငံတော်အစိုးရသည် ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲ ရေးမူဝါဒများချမှတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း လုပ်ငန်းစဉ်(၈)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်၏ လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့အတွက် ဦးတည်ချက် (၂)ရပ်နှင့် လုပ်ငန်းစဉ် (၅)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ အခမ်းအနား တွင် ပြည်သူများ လိုအပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အိမ်တွင်းလုပ်ငန်း များအတွက် အသေးစားအရင်းအနှီးချေးငွေထုတ်ပေးခြင်း၊ လယ်ယာနှင့် အခြား လုပ်ငန်းသုံးပစ္စည်းများကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးခြင်းနှင့် သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်းစသည့် လုပ်ငန်းစဉ်(၃)ရပ်ကို မန္တလေး တိုင်းဒေသကြီးတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် တတိယအကြိမ် မြောက် အခမ်းအနားဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များသည် အခြေခံပြည်သူများ၏ ဆင်းရဲမှုကိုလျော့ကျနိုင်ရေးအတွက် အခြေခံဖြစ်ခြင်း၊ အခြေခံပြည်သူများ ငွေချေး စရာမလိုတော့ဘဲ မိမိဘာသာရပ်တည်နိုင်ရေးအတွက် အခြေခံဖြစ်ခြင်း၊ တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖြစ်ခြင်းတို့ကြောင့် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ထိုသို့အောင်မြင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ပါကြောင်း။
ယနေ့အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နှင့် မြို့ပြနေအခြေခံပြည်သူများအတွက်၂ဝ၁၅ ခုနှစ် ဆောင်းသီးနှံချေးငွေကျပ် သန်းပေါင်း ၄၅၈၄၅ ဒသမ ၈၃ဝ၈ သန်းကို ထုတ်ပေးမည်ဖြစ်ပြီး လာမည့်မေလ နှင့်ဇွန်လအတွင်းတွင် ချေးငွေမရကြသေးသည့် ကျေးရွာပေါင်း ၁၅၉၉ မှ အသင်း သားအသစ် ၁၄၄၅၂၄ ဦးအတွက် ကျပ်သန်းပေါင်း ၁၁၉၈၆ ဒသမ ၃၆ သန်းကို ထုတ်ချေးပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏လုပ်ငန်းများကို ပိုမိုထိရောက်စွာ ရင်းနှီးလုပ်ကိုင်နိုင်ရေးအတွက် ချေးငွေရရှိပြီး ကျေးရွာ ၁ဝ၉၆ ရွာမှ သတ်မှတ်စံနှုန်းများနှင့်ညီညွတ်သည့် အသင်းသားဟောင်း ၄၇၄၈၅ ဦးကို လည်း တိုးမြှင့်ချေးငွေ ကျပ်သန်းပေါင်း ၈ဝ၁၁ ဒသမ ၇ သန်းကို ထုတ်ချေးပေး သွားမည်ဖြစ်ပါကြောင်း။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးမှ ပြည်သူများက အဆိုပြုထားသည့် တန်ဖိုးငွေကျပ်သန်းပေါင်း ၄၅၄ဝ ဒသမ ၃၆၇ သန်းရှိ ဒေဒုံကုမ္ပဏီထုတ် လက်တွန်းထွန်စက် ၅၃ စီး၊ ထွန်စက်အမျိုးမျိုး ၁၆၆ စီးနှင့် ရိတ်သိမ်းခြွေလှေ့စက် ခြောက်စီးတို့ကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်သူများဝယ်လိုသည့် ဈေးကွက်အတွင်းရှိ တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံထုတ် လယ်ယာသုံးစက်ကိရိယာပေါင်း ၂၂၁ စီး (တန်ဖိုးကျပ်သန်း ၁၁၃၁ ဒသမ ၇၄၃ သန်း)ကိုလည်း အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ပါကြောင်း၊ ပြည်သူများအလိုရှိသည့် အပ်ချုပ်စက်၊ ဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်နှင့် လယ်ယာသုံးယာဉ် စသည့်လုပ်ငန်းသုံးပစ္စည်း ၁၆ဝ (တန်ဖိုးကျပ် သန်း ၅ဝ၁ ဒသမ ၃၉ သန်း)ကိုလည်း အရစ်ကျငွေချေစနစ်ဖြင့် တစ်ပါတည်း ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း။
မန္တလေးတိုင်းဒေသကြီးအတွင်း ယခင်အရစ်ကျငွေချေစနစ်ဖြင့်ရောင်းချ ပေးထားသည်မှာ ၂ဝ၆ စီးသာဖြစ်ပြီး ယခုအခါ အရေအတွက် များစွာတိုးတက်ပြီး လုပ်ငန်းများ ပိုမိုတိုးတက်အကျိုးဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်သူများအတွက်လည်း ၂ဝ၁၅ ခုနှစ် ဆောင်းသီးနှံချေးငွေ ကျပ်သန်းပေါင်း ၉၇၆၇၈ ဒသမ ၈၃၃ သန်းကို ပြန်လည် ထုတ်ချေးသွားမည်ဖြစ်ပါကြောင်း၊ လာမည့် မေလနှင့်ဇွန်လအတွင်းတွင်လည်း အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ချေးငွေမရရှိကြသေးသည့် ကျေးရွာ ပေါင်း ၉၅၇၉ ရွာမှ မိသားစုပေါင်း ၇၁၆၈၉၉ စုအတွက် ချေးငွေကျပ်သန်းပေါင်း ၆၄၁၅၃ ဒသမ ၃၇ သန်းကို ထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ ချေးငွေရရှိပြီးသည့်ကျေးရွာပေါင်း ၆၇၇၁ ရွာမှ မိသားစုပေါင်း ၂၈၉၆၃၄ စုအတွက်ကိုလည်း လုပ်ငန်းထိရောက်စွာ ဆောင်ရွက်နိုင်ရေး တိုးမြှင့်ချေးငွေကျပ်သန်းပေါင်း ၅၇၃၉၅ ဒသမ ၅၄၇ သန်းကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလများတွင်လည်း နောက်ထပ်ကျပ် ၅ဝဘီလီယံ ကျော် အသစ်ထပ်မံထုတ်ချေးပေးပြီး တစ်နိုင်ငံလုံးအတွင်းရှိ ကျေးရွာအားလုံးကို လွှမ်းခြုံမိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်နှင့်အညီ ပြည်သူများ ပိုမိုသက်သာချောင်ချိ စေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နောက်ထပ်ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများတွင် အတိုးနှုန်းကို တစ်ကျပ် ၁၅ ပြားသာ ရယူတော့မည်ဖြစ်ပါကြောင်း၊ သမဝါယမအသင်းအသီးသီး၏ ပိုင်ဆိုင်မှုများကို အပေါင်ထားပြီးရယူသည့်ချေးငွေနှင့် လုပ်ရသည့်လုပ်ငန်းများတွင် အတိုး တစ်ကျပ် ၅ဝ ပြားနှင့်သာ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းကို ပြည်သူများအတိုးကြီးပေး ငွေချေးယူ နေရသည့်အခြေအနေမှ လတ်တလောသက်သာစေရန်နှင့် နောင် လေး၊ ငါးနှစ်အတွင်းတွင် ငွေချေးစရာမလိုတော့ဘဲ မိမိပိုင်ငွေဖြင့် မိမိလုပ်ငန်းလုပ်နိုင်အောင်၊ ထိုမှတစ်ဆင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်သည့ှ်ကျအငေညဘေူနီနလနူသစာနညအ ဖြစ်အောင် ရည်မှန်းချက်ထားဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း။
ယခုကဲ့သို့ လုပ်ငန်းဆောင်ရွက်ကြသည့် ကျေးရွာတိုင်းသည် နောင်လေးနှစ် ပြည့်သည့်အခါ ချေးငွေများပြန်ဆပ်ပြီးနောက် အသင်းနှင့်အသင်းသားပိုင် ရန်ပုံငွေကျပ်သိန်း ၁ဝဝ ကျော်ရှိလာမည်ဖြစ်ပါကြောင်း၊ ထိုအခါ ကျေးရွာတိုင်း သည် ပြင်ပမှ ငွေချေးစရာမလိုတော့ဘဲ မိမိပိုင်ငွေဖြင့် မိမိဘာသာလုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည့ှ်ကျအငေညဘေူနီနလနူသစာနညအ အခြေအနေကို ရရှိ လာတော့မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းကြောင့် ပြည်သူများအနေဖြင့် လစဉ်ကျပ် ၁၆ ဘီလီယံကျော် သက်သာမှုရရှိပြီး ထိုသက်သာသည့်ငွေများကို မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် အကျိုးရှိစွာ သုံးစွဲနိုင်နေကြပြီဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဆင်းရဲမှုလျော့ကျနိုင်ရေးအတွက်လည်းကောင်း၊ ပြည်သူများကို အနာဂတ်အာမခံ ချက်ပေးနိုင်ရေးအတွက်လည်းကောင်း၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းကောင်း၊ အခြေခံလက်တွေ့ကျသည့် မှန်ကန်သည့်လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များ အောင်မြင်လာသည်နှင့်အမျှ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲမှုနှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရေး၊ ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားလည်း အမှန်တကယ်တိုးတက်လာမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်အတွင်းတွင်ရှိသည့် သမဝါယမအသင်း ၃၂၄၆ သင်းအတွက် ကျပ်သန်းပေါင်း ၄၅၈၄၅ ဒသမ ၈၃ဝ၈ ကို အသင်းသူအသင်းသား ၄၃၈၈၇၇ ဦးအား စိုက်ပျိုးစရိတ်ချေးငွေများ ပံ့ပိုးပေးခြင်း၊ လယ်ယာသုံး/လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများကို အရစ်ကျ စနစ်ဖြင့် သမဝါယမအသင်းပေါင်း ၃ဝ၅ သင်းမှ အသင်းသားပေါင်း ၆ဝ၃ ဦးကို ကျပ်သန်းပေါင်း ၆၁၇၃ ဒသမ ၅ဝ၂၉ တန်ဖိုးရှိသည့်စက်ပစ္စည်းကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ကျေးရွာ/ရပ်ကွက်ပေါင်း ၅ဝ၇၃ ရှိသည့်အနက် သမဝါယမအသင်း ပေါင်း ၄၅၂၇ သင်း ဖွဲ့စည်းထားသည်ကိုလည်း တွေ့ရပါကြောင်း၊ သမဝါယမ အသင်း ဖွဲ့စည်းထားခြင်းမရှိသေးသည့် ကျေးရွာများတွင်လည်း အခြေခံသမဝါယမ အသင်းတစ်သင်းရှိလာအောင် စီမံချက်များချမှတ်ပြီး တိုးချဲ့ဖွဲ့စည်းနေပါကြောင်း။
ယနေ့ သမဝါယမက ဖော်ဆောင်ပေးလျက်ရှိသည့် အသေးစားအရင်းအနှီး ချေးငွေ(Microfinance)လုပ်ငန်းဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသူ အသင်းသား ပြည်သူများသို့ ကျပ်သန်းပေါင်း ၄၅၈၄၅ ဒသမ ၈၃ဝ၈ ထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါထုတ်ချေးငွေများ ကို ပြင်ပအတိုးနှုန်း ပျမ်းမျှ ငါးကျပ်အတိုးနှုန်းဖြင့် တွက်လျှင်ပင် ပြည်သူများက တစ်လအတိုး ကျပ်သန်းပေါင်း ၂၂၉၂ ဒသမ ၂၉၁၅ သန်း ပေးရမည်ဖြစ်ပါကြောင်း၊သမဝါယမ၏ အတိုးနှုန်းသည် တစ်ကျပ် ၅ဝ ပြားဖြစ်၍ သမဝါယမသို့ တစ်လ ပေးရမည့်အတိုးမှာ ကျပ်သန်းပေါင်း ၆၈၇ ဒသမ ၆၈၇၅ သာဖြစ်၍ ပြည်သူများ အနေဖြင့် လစဉ်အတိုး ကျပ်သန်းပေါင်း ၁၆ဝ၄ ဒသမ ၆ဝ၄ သက်သာလျက်ရှိသည်ကို တွေ့ရပါကြောင်း။
ကိုရီးယားနိုင်ငံDaedong ကုမ္ပဏီနှင့်ပူးပေါင်း၍ လုပ်ငန်းသုံး/လယ်ယာသုံး စက်ကိရိယာ ၆ဝ၆ စီး၊ တန်ဖိုးအားဖြင့် ကျပ် ၆၁၇၃ ဒသမ ၅ဝ၂၉ သန်းကို ဆိုင်းငံ့ကာလတစ်နှစ်၊ ပြန်ဆပ်ကာလ ခြောက်နှစ်ပေါင်း ချေးငွေကာလ ခုနစ် နှစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အသင်းသားများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ခြောက်လတစ်ကြိမ်အရင်း၊ အတိုးဆပ်စနစ်ဖြင့် ဝယ်ယူနိုင်အောင် စီစဉ်ထားသည်ကို တွေ့ရပါကြောင်း၊ သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဘက်ဘက်မှ ပံ့ပိုးမှုများ၊ တက်ညီလက်ညီကြိုးပမ်း အားထုတ်မှုများကြောင့် ယနေ့အချိန်တွင် အသက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက် လာသည်ကို တွေ့ရပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် သမဝါယမအသင်းသားဖြစ်သည့် တောင်သူလယ်သမားများ၊ မြို့ပေါ်ရပ်ကွက်များမှ ဝင်ငွေနည်းပါးသူများအတွက် ကုန်ထုတ်အရင်းအနှီးများ စီမံဖန်တီးပေးရန်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ငန်း အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိရာ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကုန်ထုတ်အရင်းအနှီးများရရှိအောင် ဆောင်ရွက်ပေးရခြင်းမှာ ဆင်းရဲနွမ်းပါးမှုကို လျော့နည်းစေရန်၊ ဝင်ငွေရရှိသည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ငွေကြေးအရင်းအနှီး၊ ပစ္စည်းအရင်း အနှီးများရရှိစေရန်နှင့် ပုံမှန်ဝင်ငွေရရှိပြီး စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးအဆင့်အတန်းများ မြင့်မားလာစေရန်ဖြစ်ပါကြောင်း။
သမဝါယမအသင်းသားများအတွက် အရင်းအနှီးများ ဖန်တီးပေးရာတွင် စိုက်ပျိုးစရိတ်များ၊ ချေးငွေများကဲ့သို့သော ငွေကြေးအရင်းအနှီးများပါဝင်သကဲ့သို့ ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်ကဲ့သို့သော လုပ်ငန်းသုံးပစ္စည်းအရင်းအနှီးများ၊ ပြည်ပချေးငွေဖြင့် စက်ပစ္စည်းများ အရစ်ကျရောင်းချပေးသည့် ချေးငွေအရင်းအနှီး များလည်းပါဝင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရေ၊ မြေ၊ သယံဇာတများ ပေါများခြင်း၊ သင့်တင့်မျှတသည့် ရာသီဥတုရှိခြင်း၊ ကြီးမားသည့် ဈေးကွက်များနှင့် ဆက်စပ် နေခြင်းစသည့် အခြေအနေကောင်းများ ပိုင်ဆိုင်ထားသကဲ့သို့ အရင်းအနှီးနှင့် နည်းပညာလိုအပ်ချက်၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ချက်များလည်း ရှိနေကြောင်း၊ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရသကဲ့သို့ သက်သာသောအတိုးနှုန်းထားများဖြင့် ချေးငွေများ ရယူဆောင်ရွက်နေရကြောင်း၊ ထိုကဲ့သို့ ပြည်ပမှ ချေးငွေများရယူပြီး ကုန်ထုတ်စွမ်းအားများ တိုးတက်အောင်ဆောင်ရွက်ခြင်းကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ရှုမြင်ရန်လိုအပ်ကြောင်း၊ နှစ်ရှည်ချေးငွေများကို စနစ်တကျရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်က ပြည်ပချေးငွေများကို စနစ်တကျစီမံခန့်ခွဲပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သကဲ့သို့ အသင်းသားများကလည်း မိမိတို့ရရှိသည့် ချေးငွေများကို စနစ်တကျစီမံခန့်ခွဲပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရ၏ ရည်မှန်းချက်မှာ ပြည်သူ့ဆန္ဒနှစ်ရပ်ဖြစ် သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ရန်ပင်ဖြစ်ကြောင်း၊ ထိုဆန္ဒနှစ်ရပ်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲရေးဟူသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်လေးရပ်ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
မိမိ၏မျှော်မှန်းချက်မှာ ၂ဝ၂ဝ ပြည့်နှစ်တွင် မိမိတို့နိုင်ငံ၌ ထာဝရငြိမ်းချမ်း ရေးရရှိရန်၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ(LDC) အဖြစ်မှ လွတ်မြောက်ရန်နှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံဖြစ်ရန်ဟူသည့် မျှော်မှန်းချက်သုံးရပ်ပင်ဖြစ် ကြောင်း၊ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုမှာ မဖြစ်မနေလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရနှင့် လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်တို့က တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများသို့ ခရိုင်အလိုက် အသေးစားချေးငွေများကို ပေးအပ်ပြီး ဗဟိုသမဝါယမအသင်းနှင့် သမဝါယမ ဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အရစ်ကျစနစ်ဖြင့် ပံ့ပိုး ရောင်းချသည့်လယ်ယာသုံး စက်ကိရိယာများနှင့် လုပ်ငန်းသုံးပစ္စည်းများကိုပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသားများကိုယ်စား မြင်းခြံခရိုင် သမဝါယမအသင်းသား ဦးသိန်းအောင်က သမဝါယမဝန်ကြီးဌာန အနေဖြင့် ယနေ့အချိန်တွင် အခြေခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်းနှင့် လက်လုပ်လက်စားများအတွက် အမှန်တကယ်လိုအပ်နေသည့် အရင်းအနှီးငွေများကို အတိုးနှုန်းသက်သာစွာဖြင့်Microfinance လုပ်ငန်းဖြင့် တစ်နိုင်ငံလုံးသို့ ချေးငွေကျပ်ဘီလီယံ ၂ဝဝ ကျော်ကို အတိုးတစ်ကျပ် ၅ဝ ပြား နှုန်းဖြင့် ထုတ်ချေးလျက်ရှိသည်ကို သိရပါကြောင်း၊ ပြင်ပအတိုးနှုန်း ၁ဝ ကျပ် နှုန်းဖြင့် တွက်လျှင်ပင် ငွေရှင်ကြေးရှင်များကို တစ်လအတိုး ကျပ်သန်းပေါင်း ၂ဝဝဝဝ ကျော် ပေးရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း သမဝါယမက တစ်ကျပ် ၅ဝ ပြားအတိုးနှုန်းဖြစ်သည့်အတွက် တစ်လပေးရသည့်အတိုးငွေမှာ ကျပ် သန်းပေါင်း ၃၇ဝဝ ကျော်သာဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျွန်တော်တို့ ပြည်သူ များအနေဖြင့် လစဉ်အတိုးကျပ်သန်း ၁၆ဝဝဝ ကျော် သက်သာလျက်ရှိနေသည်ကို သိမြင်လာရပြီဖြစ်ပါကြောင်း၊ သမဝါယမဝန်ကြီးဌာနက ယခုဆောင်ရွက်ပေး နေသည့် စိုက်ပျိုးစရိတ်ထုတ်ချေးခြင်း၊ မွေးမြူစရိတ်ထုတ်ချေးခြင်းနှင့် လက်လုပ် လက်စားများကို ငွေထုတ်ချေးသည့် ပမာဏသည် အမှန်တကယ် ကုန်ကျစရိတ် နှင့်ဆိုလျှင် လုံလောက်မှုမရှိသေးသည့်အတွက် ပြည်သူများ ပြင်ပမှအတိုးကြီးကြီး ဖြင့် ချေးယူနေရဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် သမဝါယမဝန်ကြီးဌာနအနေဖြင့်လည်း သမဝါယမစည်းကမ်းစနစ်များ လိုက်နာကျင့်သုံးသည့်အသင်းသားများကို ချေးငွေ တိုးမြှင့်ထုတ်ချေးပေးရန် တင်ပြလိုပါကြောင်း၊ အသင်းသားများ လိုအပ်သည့် မျိုး၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ရရှိရေးအတွက် သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များက ပေါင်းစပ်ပြီး ဆောင်ရွက်ပေးရန် ဆွေးနွေး တင်ပြလိုပါကြောင်း၊ သီးနှံများရောင်းဝယ်ဖောက်ကားရေးနှင့်ပတ်သက်၍ ရသင့် ရထိုက်သည့်ဈေးနှုန်းများရရှိပြီး ပိုမိုအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန် ကိုလည်း တင်ပြလိုပါကြောင်း၊ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် သည်လည်း ဧကန်မုချအောင်မြင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး သမဝါယမဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနများ၊ သမဝါယမအသင်းအဖွဲ့များနှင့် ကုမ္ပဏီများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အကူပြုပြခန်းများ၊ သမဝါယမအသင်းသားများသို့ ပံ့ပိုးပေးသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အမှတ်(၃၉) အကြီးစား စက်မှုလုပ်ငန်းဧည့်ခန်းမသို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမှုအခြေအနေ များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အမှတ်(၃၉) အကြီးစားစက်ရုံအတွင်း လယ်ယာသုံးစက်ပစ္စည်းကိရိယာ ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုရာ စက်ရုံမှူး ဦးထွန်းသိန်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
(သတင်းစဉ်)

No comments:
Post a Comment